ဝေဖန်ရေးရာ

ကျော်နိုင် – မန္တလေးစည်ပင် နှင့် အင်ဂျင်နီယာလိုင်စင်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles


ကျော်နိုင် – မန္တလေးစည်ပင် နှင့် အင်ဂျင်နီယာလိုင်စင်

(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၇

တကယ်တော့ ပူးတွဲဓါတ်ပုံပါ မန္တလေးစည်ပင်၏ အင်ဂျင်နီယာလိုင်စင် အသစ်လျှောက်ခိုင်းခြင်းနှင့် သက်တမ်းတိုးခိုင်းခြင်းကြော်ငြာကို ဒီဇင်္ဘာ ၉ ရက်နေ့ညကတည်းက fb ပေါ်တွင် တွေ့၍ သိမ်းထားဖြစ်ခဲ့သည်။ မန္တလေးစည်ပင်၏ ဤကြော်ငြာသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မကိုက်ညီဟူ၍ post ရေးမည်ဟု စိတ်ကူးရှိသော်လည်း ချက်ချင်း မရေးဖြစ်ခဲ့။ ၁၁ ရက်နေ့တွင်တော့ YCDC ၏ ရုံးတွင်းအမိန့်စာဖြင့်ဖွဲ့သော task force ဆိုတာကို fb ပေါ်တွင်တွေ့လိုက်ရပြန်သောအခါ DC နှစ်ခု ပေါင်းပြီး post တစ်ခုရေးမည်ဟု စိတ်ကူးပြောင်းသွားခဲ့သည်။ သို့သော် YCDC ၏ task force ဖွဲ့သောစာက ရုံးတွင်း အမိန့်စာဆိုတော့ ကျွန်တော်တွေ့ရသည့်စာသည် YCDC က တကယ်ထုတ်သည့်စာလား၊ တစ်ဦးတစ်ယောက်က ဖွသည့်စာလား မသေချာသဖြင့် မရေးရဲသေး။ ကြားထဲတွင် YCDC စာကို ၂ ခါ၊ ၃ ခါ ထပ်တွေ့ပြီး share သောသူတွေကလည်း ဖွတတ်သောသူတွေမဟုတ်သဖြင့် YCDC က တကယ်ထုတ်တဲ့ စာအစစ်ဖြစ်မှာပါ ဆိုပြီး ပိုမိုယုံကြည်လာပေမယ့် စိတ်ဒုံးဒုံးမချရဲသေး။ ကိုယ်က share ရုံ share မှာမဟုတ်ဘဲ post ပါရေးမှာဆိုတော့ ပိုပြီး ချင့်ချိန်နေမိသည်။ ဒါပေမယ့် post ကိုတော့ ရေးထားပြီး save လုပ်ထားလိုက်သည်။ မနေ့ကတော့ သေချာစိတ်ချရသောသူက ထိုစာကို ပူးတွဲဖေါ်ပြ၍ Post တစ်ခုတင်လာသည်ကိုတွေ့ရသဖြင့် စိတ်ချလက်ချ ဖြစ်သွားပြီး post တင်ဖြစ်ခြင်းဖြစ်သည်။ YCDC ၏ task force ဖွဲ့သောစာသည် တကယ်အစစ်ဟု အရမ်းသေချာစွာသိလိုက်ရတော့လည်း အဲ့ဒီစာကို မန္တလေးစည်ပင်၏ ကြော်ငြာနှင့် post တစ်ခုတည်းရေးရမှာ သမျှောသွားမိသည်။ YCDC ၏ task force ဖွဲ့သော ရုံးတွင်းအမိန့်စာသည် သူတစ်ခုတည်း သီးသန့် post တစ်ခု တင်သင့်အောင် ထိုက်တန်သောစာ ဖြစ်သည်ဟု ဆုံးဖြတ်ပြီး မူလရေးထားသော post ကို ပြန် edit လုပ်ကာ မနေ့ညက တင်ဖြစ်ခဲ့သည်။

ဒီကနေ့ညတော့ MCDC ကြော်ငြာအတွက် post သီးသန့်ရေးဖြစ်သည်။ MCDC ကတော့ ကျွန်တော့်ကို မျက်နှာလိုက်ပြီး YCDC အကြောင်း post အရင်ရေးသည်ဟု ထင်လေမည်လားမသိ။ ဤသို့ထင်လျှင်တော့ တောင်းပန်ရမည်ပင်။

 

တကယ်တော့ YCDC အတွက်ကော MCDC အတွက်ပါ ကျွန်တော်ရေးလိုသော အကြောင်းအရာများသည် အတူတူသာဖြစ်သည်။ DC နှစ်ခုလုံးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မလျှော်ညီစွာ အင်ဂျင်နီယာများကို လိုင်စင်တင်ခိုင်းကြခြင်းဖြစ်သည်။ လုပ်ပုံလုပ်နည်းကတော့ ကွာကြသည်။ YCDC က MAC ၏ မှတ်ပုံတင် ဗိသုကာများနှင့် MEngC ၏ မှတ်ပုံတင် အင်ဂျင်နီယာများကိုသာ ၂၀၁၈ ခုနှစ်မှစ၍ လိုင်စင်ထုတ်ပေးမည်ဖြစ်သဖြင့် ထို မှတ်ပုံတင် ဗိသုကာ၊ မှတ်ပုံတင် အင်ဂျင်နီယာများ၏ scope ကို ညှိနှိုင်းဘို့ဆိုပြီး task force ဆိုတာကြီးဖွဲ့သည်။ YCDC သည် ၂၀၁၄ မှ ၂၀၁၇ အထိ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေနှင့် မြန်မာနိုင်ငံ ဗိသုကာကောင်စီ ဥပဒေများကို လစ်လျှူရှုခဲ့ပြီး ၂၀၁၈ တွင်မှ ထိုဥပဒေများကို ဂရုစိုက်လာဟန်ပြသည်။ သို့သော် ရာနှုန်းပြည့် ဂရုစိုက်ခြင်းကား မဟုတ်သေး။ ထိုမှတ်ပုံတင် အင်ဂျင်နီယာများ၊ ဗိသုကာများကို သူ့ထံတွင် လုပ်ငန်းလိုင်စင်လျှောက်ထားခိုင်းသဖြင့် ကောင်စီဥပဒေများကို အပြည့်အဝ ဂရုမစိုက်ကြောင်း သိသာထင်ရှားသည်။ ထို့အပြင် ထိုသို့ သူ့ထံတွင် လုပ်ငန်းလိုင်စင်လျှောက်ရန်ကိစ္စအတွက် task force ဆိုတာကြီးဖွဲ့ပြီး အဆိုပါ task force တွင်MEngC နှင့် MAC တို့မှ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးတို့ကို ထည့်သွင်းထားရာ YCDC ၏ စေတနာမှာ သံသယဖြစ်စရာကြီးအဖြစ်တွေ့ရသည်။

MCDC ကတော့ YCDC ကဲ့သို့ လိမ္မာပါးနပ်ခြင်းမရှိသည်လား၊ ဒါမှမဟုတ် ဘာကိုမှ ဂရုမစိုက်ဘူးဆိုသည့် သဘောကို ပြချင်သည်လားမသိ။ task force တွေဘာတွေ ဖွဲ့မနေ။ သူလုပ်ချင်တာကိုသာ ခပ်တည်တည် လုပ်သွားသည်။ လိုင်စင်ကိစ္စမှာလည်း YCDC နှင့် ကွဲပြားသည်။ YCDC က ၂၀၁၈ မှစ၍ MEngC နှင့် MAC တို့တွင် မှတ်ပုံတင်ထားသော အင်ဂျင်နီယာ၊ ဗိသုကာများကိုသာ လုပ်ငန်းလိုင်စင် ထုတ်ပေးမည်ဟု ကြောငြာသည်။ MCDC ကတော့ သူ့ထံတွင် လက်ရှိ မှတ်ပုံတင်ထားသော LS များကို ၂၀၁၈ တွင်လည်း ထပ်မံ သက်တမ်းတိုးပေးမည်ဖြစ်ပြီး ၂၀၁၈ မှစ၍ လိုင်စင်အသစ်ကိုမူ MEngC မှ RSE များကိုသာ ထုတ်ပေးမည်ဖြစ်သည်။ ရီစရာတော့ကောင်းသည်။ PE များအနေဖြင့် MCDC တွင်လိုင်စင်ရရန်အတွက် RSE ပြန်လျှောက်ရမလိုဖြစ်နေသည်။ နောက်ထပ် ရီစရာကောင်းသည်ဟုဆိုရမလား၊ ငိုစရာကောင်းသည်ဟု ဆိုရမလားမသိသော ကိစ္စတစ်ခု ရှိသေးသည်။ MCDC က ဗိသုကာများကို လုံးဝ လိုင်စင် အလျှောက်မခံခြင်းဖြစ်သည်။ မန္တလေးမြို့တွင် အဆောက်အအုံများဆောက်လုပ်ရာတွင် ဗိသုကာ မလိုပါတဲ့။ ဘာကြောင့်မလိုသနည်းဟုမေးသောအခါ ၄ ထပ်အထက်မြင့်သော အဆောက်အအုံများအတွက် အဆောက်အအုံ၏ ခိုင်ခန့်မှုကို ဗိသုကာများက တာဝန်မခံနိုင်သောကြောင့်ဟူ၏။ ဗိသုကာ၏ အဓိကတာဝန်သည် အဆောက်အအုံ၏ plan ဖြစ်ပြီး အဆောက်အအုံ ခိုင်ခန့်မှုမှာ structure engineer ၏ တာဝန်ဖြစ်ကြောင်းကိုပင် MCDC မှ တာဝန်ရှိသူတို့ ခွဲခြား မသိကြလေသလား။ တကယ်မသိကြဘူးဆိုပါလျှင် ထိုတာဝန်ရှိသူများ ဦးဆောင်နေသည့် မန္တလေးမြို့ရှိ အဆောက်အအုံ project များ၏ အရည်အသွေး ???? ဒီကိစ္စကတော့ ကျွန်တော့် Post ၏ ဦးတည်ချက်နှင့် အနည်းငယ်သွေဖယ်သွားပြီဖြစ်၍ မဆွေးနွေးလိုတော့ပါ။

MCDC အနေဖြင့် LS စံနစ်ကို ဆက်လက်ကျင့်သုံးနေသည်မှာ မှားပါသည်။ ဥပဒေအရ MCDC အပါအဝင် DC အားလုံး၏ အင်ဂျင်နီယာ၊ ဗိသုကာများကို လိုင်စင်ထုတ်ပေးခွင့်သည် ၂၀၁၄ ခုနှစ်ကတည်းက ကုန်ဆုံးသွားပြီ ဖြစ်ပါသည်။ အင်ဂျင်နီယာ၊ ဗိသုကာများ၏ အရည်အချင်းကို စိစစ်မှတ်ပုံတင်ပေးမည့် အဖွဲ့အစည်းများ မရှိခင်က စည်ပင်သာယာရေးကော်မတီများမှ အင်ဂျင်နီယာများ၊ ဗိသုကာများကို လိုင်စင်များ ထုတ်ပေးသည်မှာ လျှော်ကန် သင့်မြတ်ပါသည်။ အင်ဂျင်နီယာများကို စိစစ်မှတ်ပုံတင်ပေးမည့် အင်ဂျင်နီယာကောင်စီကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၇/၂၀၁၃ ဖြင့်လည်းကောင်း၊ ဗိသုကာများကို စိစစ်မှတ်ပုံတင်ပေးမည့် ဗိသုကာကောင်စီကို ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၃၉/၂၀၁၄ ဖြင့်လည်းကောင်း အသီးသီးဖွဲ့စည်းခဲ့သည့် ၂၀၁၄ ခုနှစ် မှစ၍ စည်ပင် အသီးသီးသည် အင်ဂျင်နီယာ၊ ဗိသုကာများကို လိုင်စင်များထုတ်ပေးနေခြင်းမှ ရပ်ဆိုင်းရမည်ဖြစ်ပါသည်။

 

ကောင်စီဥပဒေများအရ မှတ်ပုံတင်အင်ဂျင်နီယာ၊ မှတ်ပုံတင်ဗိသုကာများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကိုလည်း မည်သည့် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့၊ မည်သည့်စည်ပင်သာယာရေးကော်မတီတို့ကမှ မကန့်သတ် နိုင်သဖြင့် ယင်းတို့၏ လုပ်ပိုင်ခွင့်သည်လည်း MEngC နှင့် MAC တို့မှ သတ်မှတ်ထားသလိုသာ ဖြစ်ရပါမည်။ မိမိတို့ သက်ဆိုင်ရာ စည်ပင်သာယာရေးဥပဒေများက ထိုသို့လိုင်စင်ထုတ်ပေးခွင့်ပြုထားသည်ဟု အငြင်းပွားလာမည်ဆိုလျှင်မူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ စာမျက်နှာ ၇၃၊ “ဥပဒေများ၏ အကျိုးသက်ရောက်မှုအခန်း” အောက်ရှိ ပုဒ်မ (၁၉၈)၊ ပုဒ်မခွဲ (ခ) ကို ဖတ်ရှုကြည့်ကြဘို့ အကြံပေးလိုပါသည်။

၁၉၈။ လွှတ်တော်အဆင့်ဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုဦးစီးအဖွဲ့များက ပြဋ္ဌာန်းသည့် ဥပဒေများ၏ အကျိုးသက်ရောက်မှုမှာ အောက်ပါအတိုင်းဖြစ်သည်။
(ခ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ဥပဒေပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်သည် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့်ဥပဒေပါအတိုင်း လိုက်နာကျင့်သုံးရမည်။

ခြေ/ဥမှ သက်ဆိုင်ရာစာမျက်နှာများကိုလည်း အင်္ဂလိပ်လိုကော၊ မြန်မာလိုပါ ပူးတွဲ ဖေါ်ပြထားပါသည်။ MCDC အပါအဝင် စည်ပင်အသီးသီးတို့က အင်ဂျင်နီယာ၊ ဗိသုကာများကို လိုင်စင်များ ဆက်လက် ထုတ်ပေးနေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မည်သို့ဆန့်ကျင်နေကြောင်း ရေးထားသော ကျွန်တော်၏ အခြား post များကို မဖတ်ရသေးသူများအတွက် ဤ post ၏ ပထမ comment နှင့် ဒုတိယ comment တို့တွင်ရှိသော link များမှတဆင့် ဖတ်ကြည့်နိုင်ပါသည်။

 http://moemaka.com/archives/61893

http://moemaka.com/archives/61882

ကျော်နိုင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts