Op-Ed Tu Maung Nyo

Tu Maung Nyo – Agreement or Ransom

ညှိနှိုင်းသဘောတူညီချက်လော – ခံဝန်ချက်လော

တူမောင်ညို  (၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်)

            (နဝတ-နအဖ) စစ်အစိုးရသည် ဗလီများ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ လက်ဝါးကားတိုင်များ၊ ရှေးဟောင်းအမွေအနှစ်ဂူ သင်းချိုင်းများကို တောင်ပေါ်မြေပြန့်မကျန်ဖျက်ဆီးခဲ့ဖူးသည်။ မီးရှို့ခဲ့ဖူးသည်။ (နဝတ-နအဖ)စစ်အစိုးရ၏ အမွေခံ(ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့ အစိုးရတို့သည်လည်းဘမျိုးဘိုးတူပင်ဖြစ်သည်။

 (နဝတ-နအဖ) စစ်အစိုးရနှင့် အမွေခံ(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရတို့၏ ဘိုးအေကြီး ဗိုလ်နေဝင်းသည် သမိုင်းအမွေအနှစ် ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကို မိုင်းခွဲ၍ ဖြိုချခဲ့သည့် သမိုင်းတရားခံ နံပတ်ဝမ်းဖြစ်သည်။

သမိုင်းအမွေအနှစ်များကို ဖျက်ဆီးဖြိုချခြင်း၊ သယံဇာတများကို တူးဖော်ရောင်းစားခြင်း၊  ပြည်သူလူထုကို အကြမ်းဖက်ဖိနှိပ် သတ်ဖြတ်ခြင်းနှင့်ပြည်ပနိုင်ငံကြီးများကို တောင်းပန်၊ခယ၊မှီခိုရာတွင်လည်း သူတို့အားလုံးသည် သူမတူအောင် ဘက်ညီပြီး ထူးချွန်လှသူ များဖြစ်ကြပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ပံတောင်းဒေသတွင် ဖျက်သိမ်းပစ်ခြင်းခံရတော့မည့် ဘေးအန္တရာယ်နှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင် နေရသော  ဘာသာ၊ သာသနာ သမိုင်းဆိုင်ရာ အမွေအနှစ်များ (လယ်တီဆရာတော်ဘုရားကြီး၏ ဘုရားစေတီနှင့်သိမ်တော်ကြီး) မပျက် မစီး ၊ နေရာမရွေ့ မူလနေရာအတိုင်းထားရှိနိုင်ရေးအတွက် ငြိမ်းချမ်းစွာချီတက်ဆန္ဒပြသည့်လှုပ်ရှားမှုပေါ်ပေါက်လာပါသည်။

            ထိုအရေးအတွက် စိုးရိမ်သူ ရဟန်းသံဃာတော်များ ၊ လူပုဂ္ဂိုလ်များသည် စက်တင်ဘာလ ၂၉ ရက်မှစ၍ မန္တလေးမှ စစ်ကိုင်းသို့ ငြိမ်းချမ်းစွာ ချီတက်သွားကြသည်။

            ယင်းသို့ချီတက်သည်ကို သက်ဆိုင်ရာမန္တလေး/စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ရှိသူများက ပိတ်ပင်တားမြစ်ကြသည်။ အကြမ်း ဖက်ဖိနှိပ်ဖမ်းဆီးရန်အတွက်လည်း  လုံထိန်းရဲအဖွဲ့များကို အသင့်ပြင်ဆင်တပ်လှန့်ထားသည်။

            သို့သော်လည်း စက်တင်ဘာလ ၃၀ ရက်နေ့၊ နံနက်တွင် ငြိမ်းချမ်းစွာချီတက်ဆန္ဒပြကြသူများနှင့် သက်ဆိုင်ရာတို့ အချက် ၃ ချက် ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့သည်ဟုဆိုသည်။

            “ညှိနှိုင်းသဘောတူညီချက်” ဟု ဆိုသော်လည်း အနှစ်သာရမှာ ငြိမ်းချမ်းစွာ ချီတက်သူများဘက်မှ ခံဝန်ချက်လက်မှတ်ရေးထိုး ခဲ့ရခြင်းမျှသာဖြစ်နေပါသည်။

ပထမအချက်အားဖြင့်

            “လယ်တီဆရာတော်ဘုရားကြီး၏ ဘုရားစေတီနှင့်သိမ်တော်ကြီး မပျက်မစီး၊နေရာမရွေ့ မူလနေရာအတိုင်း ထားရှိနိုင်ရေး ” အတွက် သက်ဆိုင်ရာတာဝန်ရှိသူများထံမှ တိကျရေရာသည့်အာမခံချက် ငြိမ်းချမ်းစွာချီတက်ခဲ့သူများ မရရှိခဲ့ပါ။

            “ညှိနှိုင်းသဘောတူညီချက်” အမှတ်(၁) ၌ “လွှတ်တော်တင်ပြနေစဉ်/ ဆရာတော်သံဃာတော်ကြီးများထံသို့ တင်ပြနေစဉ်”  ကာလအတွင်း၌သာ(ယာယီသဘော) အာမခံချက်ရရှိထားခြင်းဖြစ်ပြီး။  “လယ်တီဆရာတော်ဘုရားကြီး၏ ဘုရားစေတီနှင့်သိမ်တော်ကြီး မပျက်မစီး၊နေရာမရွေ့မူလနေရာအတိုင်းထားရှိနိုင်ရေး”ကံကြမ္မာ၏တကယ့်အဆုံးအဖြတ်မှာလွှတ်တော်၏လက်ထဲတွင်တည်နေခြင်းဖြစ်ပါသည်။ လွှတ်တော်က ဖျက်ဟေ့/နေရာရွှေ့ဟေ့ဟု ဆုံးဖြတ်ပေးလျှင် ဖျက်မည်/နေရာရွေ့မည် ဆိုသည့် သဘောဖြစ်သည်။

ဒုတိယအချက်အားဖြင့်

            “လယ်တီဆရာတော်ဘုရားကြီး၏ ဘုရားစေတီနှင့်သိမ်တော်ကြီး” နေရာတစ်ဝိုက်ကို အနှစ်သာရအားဖြင့် “ပုဒ်မ ၁၄၄ ” ထုတ်ပြန်တားမြစ်လိုက်ခြင်းသာဖြစ်သည်။

            “ညှိနှိုင်းသဘောတူညီချက်” အမှတ်(၂) ၌ “ငါးယောက်ထက်မပို/ သုံးရက်အတွင်း ခွင့်ပြုမိန့်တောင်းခံရမည်” ဟု ဖူးမြှော်သွား လာခွင့်ကို ကန့်သတ်တားမြစ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

တတိယအချက်အားဖြင့်

            ငြိမ်းချမ်းစွာချီတက်လမ်းလျှောက်သူများအား “ပုဒ်မ ၄၀၁ (၁)” ကဲ့သို့သော သဘောဖြင့် ခြေမန်းကွင်းစွပ်လိုက်ခြင်းဖြစ်သည်။ ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက်ခြင်းကို ဥပဒေချိုးဖောက်မှုဟု စွဲချက်တင်လိုက်ပြီးနောင်တွင် အလားတူဥပဒေဖောက်ဖျက်ပါက အရေးယူခြင်းခံရမည်ဟု လက်မှတ်ရေးထိုးခိုင်ခြင်းသာဖြစ်သည်။

 “ညှိနှိုင်းသဘောတူညီချက်” အမှတ်(၃) ၌ “ ၂၉ – ၉ – ၂၀၁၃ မှ ၃၀ – ၉ – ၂၀၁၃ ရက်နေ့အထိ ငြိမ်းချမ်းစွာ လမ်း လျှောက် လာခဲ့သော သံဃာတော်များနှင့်ပြည်သူလူထုအားလုံးတို့ကို နောင်အလားတူ ဥပဒေဖောက်ဖျက်မှုမရှိသမျှ ကာလပတ်လုံး မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းဒေသကြီးတို့မှ ယခုကိစ္စအတွက် အရေးယူမှုမပြုရန်” ဟူ၍ပါရှိသည်။

အနှစ်သာရမှာ လောလောဆယ် ခံဝန်ထိုးခိုင်းပြီး ၊ မဖမ်းဘဲပြန်လွှတ်ပေးလိုက်ခြင်းမျှသာဖြစ်သည်။

            အနှစ်သာရသဘောအရခြုံငုံကြည့်လျှင် “ညှိနှိုင်းသဘောတူညီချက်”ဟု မည်သို့ပင်ဆိုနေစေကာမူ ခံဝန်ချက်လက်မှတ်ထိုးစေ ပြီး အချိုသတ်လိုက်ခြင်းမျှသာဖြစ်ပါသည်။

သမ္မတ(ဗိုလ်) ဦးသိန်းစိန် ၏ “နိုင်ငံရေးယဉ်ကျေးမှုသစ်” ဆိုသည်မှာ ဤသို့သော “ညှိနှိုင်း သဘောတူညီချက်”မျိုးကို ခေါ်ဆို တာပဲဖြစ်လိမ့်မည်။

            ပြည်သူလူထုအကျိုးကို အမှန်တကယ်ရည်ရွယ်သော ဖွံ့ဖြိုးရေးစီမံကိန်းများသည် ပြည်သူများ၏ လက်ငင်းအကျိုးစီးပွားရှိရေး တင်သာမက ရေရှည်အကျိုးစီးပွားကိုပါ မျှော်မှန်းပြီး အဖက်ဖက်က စဉ်းစားတွက်ချက် ဆောင်ရွက်ကြရလိမ့်မည်။

            ပြည်သူများ၏ လက်ငင်းအကျိုးစီးပွားနှင့်ရေရှည်အကျိုးစီးပွားဟုဆိုရာတွင် နိုင်ငံရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊  လူမှုရေး ဆိုင် ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘက်အသီးသီးသို့ သက်ရောက်လာမည့် ကောင်းကျိုး/ ဆိုး ပြစ် မှန်သမျှကို စနစ်တကျထည့်သွင်း တွက်ချက်ရမည်ဖြစ်ပါသည်။

            ပထမဆုံးလုပ်ဆောင်ရမည့်အလုပ်မှာ သက်ဆိုင်ရာ စီမံကိန်းတည်ဆောက် အကောင်အထည်ဖော်မည့်ဒေသ တွင်းရှိပြည် သူများအားတည်ဆောက်/ဖော်ထုတ်လုပ်ကိုင်မည့် စီမံကိန်းနှင့်စပ်လျဉ်း၍ စနစ်တကျရှင်းလင်းတင်ပြခြင်းနှင့် ပြည်သူများ၏ သဘောထား ဆန္ဒရယူခြင်းတို့ပင်ဖြစ်သည်။

            ဤသို့သောလုပ်ဆောင်ချက်များကို (နဝတ-နအဖ) စစ်အစိုးရနှင့်၎င်းတို့၏ အမွေခံ(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရတို့သည် လုပ် ကိုင်ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြသည်။ လျစ်လျူရှုခဲ့ကြသည်။ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကွက်ကွက်ကလေးကိုသာကြည့်ခဲ့ကြသည်။ အများ ပြည်သူအကျိုးစီးပွားကို ထည့်လည်းမတွက်ခဲ့၊ ကြည့်လည်းမကြည့်ခဲ့ကြချေ။

သို့ပါ၍ ယနေ့ကာလတွင်နိုင်ငံအနှံ့ဖြစ်ပွားပေါ်ပေါက်နေသော ဆန္ဒပြချီတက်မှုများမှာ ယင်းသို့အုပ်စိုးသူအဆက်ဆက်၏၊ ကိုယ် ကျိုးစီးပွားအုပ်စီးလိုမှု၊ အမြင်တိုမှု၊ ခြစားမှု အစရှိသော တာဝန်မဲ့လုပ်ရပ်များ၏ တိုက်ရိုက်အကျိုးဆက်သာဖြစ်သည်။

အများပြည်သူသဘောမတူသည့် မတရားမှု၊ တာဝန်မဲ့မှု၊ အဓမ္မသိမ်းယူမှု၊ အာဏာပြခြိမ်းချောက်မှုမှန်သမျှကို တာဝန်အရဆန့် ကျင်ကြရမည်၊ ထုတ်ဖော်ဆန္ဒပြကြရမည်သာဖြစ်သည်။

 ဤသို့ဆန့်ကျင်ဆန္ဒပြကြခြင်းသည် တရားမျှပြီးထာဝစဉ်မှန်ကန်လှပေသည်။

ညွန်း

– ၁ အောက်တိုဘာ ၂၀၁၃ မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၀

Photo – DVB



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts