Uncategorized

Po Htet – Toilet World

ရေအိမ် ကမ္ဘာကြီး
ဖိုးထက်၊ အောက်တိုဘာ ၂၊ ၂၀၁၃
ဆရာချစ်ဦးညို ဟု ဆိုသည်နှင့် စာများများဖတ်သူရော၊ မထိတထိဖတ်သူရော၊ လုံးဝမဖတ်သူတွေပါ သိကြပါသည်။ ဆရာ့ရဲ့ လင်္ကာဒီပ ချစ်သူကတော့ နိုင်ငံကျော်၊ ကမ္ဘာကျော်။ ပြီးတော့ ဆရာက အဆိုကောင်း၊ အကကောင်း။ အထူးသဖြင့် စာပေဟောပြောပွဲတွေမှာ ဆရာက အာဇ္ဇ၀န်းရွှင်လှသည်။ နာလိုခံခက် ဟာသတွေ အလွန်ပြောတတ်သည်။ ဆရာက သူ့စာပေဟောပြောပွဲတွေမှာ အမြဲလိုလို ညွှန်းတတ်သော သီချင်းတွေ၊ စာအုပ်တွေ၊ လူပုဂ္ဂိုလ် အာဇာနည်တွေ၊ စာရေးဆရာကြီးတွေ ရှိသည်။ ဒီအထဲကမှ ဆရာအမြဲ ညွှန်းတတ်သည့် သူကိုယ်တိုင် ဇာတ်ညွှန်းခွဲပေးခဲ့သော ဇာတ်လမ်းလေး တစ်ခုရှိသည်။ အဲဒါက “ဘိသိတ်ပြိုင်”။
          ဇာတ်လမ်းဖြစ်လာပုံကလဲ စိတ်ဝင်စားဖို့ ကောင်းသည်။ ဆိုင်းပညာရှင် စိန်တင်ဟန်၏ ဖြူစင်ရှင်းသန့်သော ခံစားမှုကြောင့် တကယ့် အဖြစ်အပျက် ဒီဇာတ်လမ်းလေးကို ကျွန်တော်တို့ ဆင့်ပွား သိရခြင်းဖြစ်သည်။ ဆရာစိန်တင်ဟန်က စစ်ကိုင်းဘက်က ရွာတစ်ရွာ၏ အလှူမှာ ဆိုင်းငှားလိုက်တီးသည်။ အဲဒီအလှူမှာ အလှူ့ဒယကာ ဘက်က ကြိုက်သော ဘိသိတ်ဆရာနှင့် အလှူ့ဒါယိကာမ ဘက်က ကြိုက်ကြသော ဘိသိတ်ဆရာနှစ်ဦးကို အပြိုင် ဘိသိတ် သွန်းလောင်းစေပြန်သည်။ အလှူ့ဒါယိကာ ကြိုက်တာက တော ဘိသိတ်။ သူ့အမျိုးသမီးက မြို့ဘိသိတ်။
          မြို့ဘိသိတ်က ပညာတတ်။ တကယ့် ဘိသိတ်ပညာရှင်။ စာတတ်၊ ပေတတ်။ ပညာမာနကြီးသူ။  တောဘိသိတ်ကတော့ ရွာနီးချုပ်စပ် အလှူတွေမှာ ၀ါသနာအရ ဘိသိတ်လိုက်သူ။ တောသား ပညာတတ်ဘဲ ပြောပါတော့။ ပြီးတော့ သူက ထန်းရည်လေး၊ ချက်အရက်လေး နည်းနည်းပါးပါးလဲ မော့တတ်၊ ချတတ်သူ။ သို့သော်လည်း သူက ရိုးသားဖြူစင်သူ။ သူတို့နှစ်ယောက် ဘိသိတ်ပြိုင်ကြတော့ မြို့သားက တောသားကို ဖိပြီး နှိပ်ကွက်သည်။ တောသား သောက်တတ်စားတတ်တာကို ဖိနင်းချေပြီး ဘိသိတ်သွန်းပေးခဲ့သည်။
          တောဘိသိတ်ဆရာကတော့ သူ့အမှားကို ဟာသလေးတွေ နှောပြီး ပရိတ်သတ်ကို ဆွဲခေါ်သည်။ ဆိုင်းသမားနှင့် အပေးအယူမျှအောင် ဆို၊ဟော၊ ပြောသည်။ ပရိတ်သတ်ကလဲ သူ့ကို သဘောကျသည်။ မြို့သားချွေးပြန်ရတော့သည်။ တောဘိသိတ်က မြို့သား ပညာရှိတာကို အရှိ ကို အရှိအတိုင်း ၀န်ခံရှာသည်။ ဂုဏ်ဖော်ပေးသည်။ ရန်စွယ်ငေါငေါဖြစ်နေသည့် မြို့ဘိသိတ်ခမျာ မျက်နှာမထားတတ်ရှာ။ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက် အပေးအယူမျှမျှဖြင့် အလှူကို အနားကွပ်ပြည့်စုံစေခဲ့သည်။ အလှူဘိသိတ်ပြီးတော့ မြို့သားဘိသိတ်ဆရာက တော်သားဘိသိတ်ဆရာကို အမှားဝန်ချပြီး တောင်းပန်သည်။ တောသား ဘိသိတ်ဆရာကလဲ နဂိုကတည်းက စိတ်ရှင်းသူဆိုတော့ လွယ်လွယ်ကူကူ ခွင့်လွှတ်နိုင်ခဲ့သည်။ သူ့ရဲ့ အသောက်အစားလေးကိုတောင် လှူသွားခဲ့သည်။
          ဒီဇာတ်လမ်းလေးကို ဆရာချစ်ဦးညိုက တာဝန်ယူပြီး (ငွေကုန်ခံသူက ဆရာတော်တစ်ပါးထင်သည်။) ရိုက်ကူးခဲ့သည်။ မြန်မာ့ဆိုင်း၊ မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာတို့၏ ရိုးသားမှုတွေနှင့် နောက်ခံထားပြီး ရိုက်ကူးခဲ့သည်။ ပြီးတော့ ခက်ခဲသော ဘုရားဟော တွေကအစ အင်္ဂလိပ်စာ စာတန်းထိုးပေးခဲ့သည်။ ဆရာ့ရဲ့ စေတနာကဖြင့် သာဓု သုံးကြိမ်မျှဖြင့် မလုံလောက်နိုင်။
          ဆရာ့ရဲ့ ဇာတ်လမ်းတိုလေးကို ကြည့်ပြီး ပီတိပွားနေသော ကျွန်တော်က လက်ရှည်ပြီး ဘီဘီစီ သတင်းတွေကို လိုက်ဖတ်မိလိုက်သည်။ ပါကစ္စတန်မှာ ငလျင်အကြီး အကျယ်လှုပ်သည်တဲ့။ ငလျင်ကယ်ဆယ်ရေးလာတဲ့ လူတွေကို သေနတ်နဲ့ ပြစ်သတဲ့။ အသေခံ ဗုံးတွေပါ ခွဲလိုက်သေးတဲ့။ကင်ညာက  နိုင်ရိုဘီမှာ ကုန်တိုက်ကြီးကို သေနတ်သမားတွေ ၀င်ပြစ်သတ်သတဲ့။ နိုင်ဂျီးရီးယားမှာ ကျောင်းထဲကို သေနတ်တွေနဲ့ ၀င်စီးပြီး ပစ်သတ်သတဲ့။ သံတွဲမှာ အိမ်တွေ မီးလောင်သတဲ့။ ဆိုးရွား စုတ်ပဲ့ကြလွန်းသော လူသတ္တ၀ါတွေ။ ဆရာချစ်ဦးညို၏ ဇာတ်လမ်းလေးက ဘယ်ချောင် ကပ်သွားသည် မသိ။ စိတ်မကောင်းများစွာဖြစ်ရသည်။
          ဘုရားဟောထဲမှာ ကလိယုတ်ကမ္ဘာကြီးဆိုတာ ရှိတယ်တဲ့။ ကျွန်တော်တို့က တကယ့် ဆုပ်ကပ်ကြီးထဲမှာ ရောက်နေပါပြီလေ။ ဘယ်တော့မှ မပျောက်နိုင်သော အနာဟောင်းကြီးတွေကနေ သွေးစိမ်းရှင်ရှင်တွေ ထပ်ထွက်လာသည်။ ပွန်းရာ ပဲ့ရာလေးကနေ ဟတ်တတ်ကြီး ကွဲကြ၊ ပြဲကြသည်။
          ကျွန်တော်တို့ ဆီမှာရော…မုန်တိုင်းကြီးကြီး တစ်ခု ၀င်ခါနီးမှာ မိုးသက်လေပြင်းစပြီး ကျလာသလို သတင်းတွေက တွေ့နေ မြင်နေရသည်။ ၀န်တို၊ မစ္ဆိယစိတ်တွေနဲ့ စကားတွေ ပြောကြသည်။ မုန်တိုင်းကြီး ကျပြီးမှ အတည်ပြုထားသော စာအုပ် တစ်အုပ်အတွက် နောက်ထပ် မုန်တိုင်းကြီး တစ်ခု ဖန်တီးလိုကြဟန် တူ၏။ အနာတရတွေ များလွန်းလှသော ဒီကမ္ဘာကြီးမှာ ကျွန်တော်တို့ရဲ့ အနာတွေကတော့ ဘယ်တော့မှ ပျောက်နိုင်မယ် မထင်။ မလျှော့ဘဲ တစ်လှမ်းဇွတ်တိုးချင်သူတွေ။ ကိုယ့် မာန်မာနထက် ဘယ်အရာမှ အရေးပါ အရာမရောက်ဘူးလို့ ထင်ကြသူတွေ။ စိတ်အပျက်ကြီး ပျက်ရသည်။

          သတင်းတွေကို ဖတ်ရင်း “မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးတွင် စိန်ခေါ်ချက် ၁၀ ချက်ရှိဟုဆို” ဆိုသည့် သတင်းကို ကျွန်တော်ဖတ်မိလိုက်သည်။ ပညာရှင်တွေက ပညာရှိတွေ ပီပီ နှံနှံစပ်စပ် ခွဲခြမ်းစိပ်ဖြာထားသည်။ ကျွန်တော့်အတွက်ကတော့ တစ်ခုတည်းသာ ရှိသည်လို့ဘဲ ထင်သည်။ တကယ်ပြောင်းချင်၊ ပြုပြင်ချင်စိတ် ရှိသလား၊ မရှိဘူးလား။ ပြောင်းမယ်၊ ပြင်မယ်ဆိုရင် ကိုယ်ပိုင်ခံစားချက်တွေ၊ ကိုယ်ပိုင် မာန်မာနတွေ၊ ကိုယ်ပိုင် လောဘတွေကို တံခါးပိတ် သော့ခတ်ထားမှဘဲ ရမှာဘဲ မဟုတ်ဘူးလား။ တစ်ယောက်နဲ့ တစ်ယောက် အပုတ်ချ၊ အတင်းပြောနေကြရုံဖြင့် ကလိယုတ်ကမ္ဘာကြီးထဲက ထူးမခြားနား တိုင်းပြည် နိုင်ငံလေးတစ်ခု ဘဲ ဖြစ်မည်။

          စိတ်အနားပေးဖို့ ကဗျာဖတ်မယ်ဆိုပြီး ကဗျာလေးတွေ ရှာတော့ ဆရာသုခမိန်လှိုင်၏ ကဗျာ တစ်ပုဒ်ကို တွေ့ပြန်သည်။ ဆရာ့ ကဗျာနာမည်က ရေအိမ် တဲ့။

ယဉ်ကျေးခြင်းသည်
တစ်ဦးအိတ်ထဲမှပိုက်ဆံများ
တစ်ဦးထံသို့
ညင်သာစွာရောက်ရှိလာရန်လိုသည်။

ပန်းတွေ
ရေမွှေးပုလင်းထဲရောက်ရှိ
သစ်သီးများ
ဝိုင်ပုလင်းထဲရောက်ရှိ
ကျွန်းပင်များ
ဧည့်ခန်းဆောင်ထဲရောက်ရှိ
အဏုမြူများ
နျူကလီးယားဗုံးထဲရောက်ရှိ
ဘယ်လောက်သိမ်မွေ့လိုက်သလဲ။

ခေတ်လူသားသည်
ရေလောင်းအိမ်သာပေါ်မှာ
အညစ်အကြေးတွေမမြင်ရအောင်ထိုင်နေသလိုလေ
ကျွန်တော်တို့ နေထိုင်ခဲ့ပြီ။ ။

ရိုးရိုးရှင်းရှင်းလေးနဲ့ နှစ်ခါ ပြန်တွေးစရာ မလိုသည့် ဘယ်လောက် လှလိုက်တဲ့ ကဗျာလေးပါလဲ။

ဆရာချစ်ဦးညိုက သူ့ဇာတ်လမ်းလေးအစမှာ “သူ့ဂုဏ်ကိုမြှင့် ကိုယ့်ဂုဏ်မြင့်၏။ သူ့ဂုဏ်ကိုနှိမ့် ကိုယ့်ဂုဏ် နိမ့်၏။” လို့ ပြောသွားခဲ့သည်။ ဒီလို အနိမ့်၊ အမြင့်တွေ တန်းညီလာဖို့က ဦးစိန်တင်ဟန်လို မြင်တတ်သူတွေလိုသည်။ ကိုယ့်အမှားကို ၀န်ချတောင်းပန်တတ်သည့် မြို့ဘိသိတ်ဆရာများလိုသည်။ ရိုးသားဖြူစင် သဘောထားပြည့်သည့် တောဘိသိတ်ဆရာများ လိုသည်။ အခုတော့…ကျွန်တော်တို့က ကိုယ့်အညစ်အကြေးတွေကို ကိုယ် ငုံ့မကြည့်နိုင်လောင်အောင် စမတ်ကျလွန်းလှသော ဘိုထိုင် အိမ်သာပေါ်မှာ ထိုင်နေရက်သားကြီး ဖြစ်နေကြပါ ပေါ့လား….

ဖိုးထက်

ဆရာ့ရဲ့ ဘိသိတ်ပြိုင် ဇာတ်လမ်းလေး ကြည့်ချင်သူများ http://vimeo.com/34210173 မှာ ကြည့်နိုင်ကြပါတယ် ခင်ဗျာ။

Photo credit – http://beyondprofit.com/what-to-do-on-world-toilet-day/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts