သတင်းပဒေသာ

လွှတ်တော်အနီးဖမ်းခံရသည့်သတင်းထောက်တို့ ပုဒ်မထပ်တိုး

လွှတ်တော်အနီးဖမ်းခံရသည့်သတင်းထောက်တို့ ပုဒ်မထပ်တိုး
 ထက်ခေါင်လင်း/Myanmar Now (မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၇

ရန်ကုန် (Myanmar Now) — လွှတ်တော်နယ်မြေတွင် ခွင့်ပြုချက်မယူဘဲ Drone လေယာဉ်ပျံကင်မရာ အသုံးပြုမှုဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသော သတင်းထောက်တို့အား သွင်းကုန်ထုတ်ကုန်ဥပဒေပုဒ်မ ၈ ဖြင့် တရားစွဲဆိုခြင်းကို နေပြည်တော် ဇဗ္မူသီရိမြို့နယ်တရားရုံးက နိုဝင်ဘာ ၂၇ တွင် လက်ခံလိုက်ကြောင်း ၎င်းတို့၏ ရှေ့နေတစ်ဦးဖြစ်သူ ဦးခင်မောင်ဇော်က ပြောသည်။

“လေယာဉ်ပျံသန်းမှုအက်ဥပဒေနဲ့ အပြစ်ပေးပြီးသားကို နောက်ထပ်ပြစ်မှုတွေနဲ့ မပေးဖို့တင်တာ၊ ဒါပေမယ့် တရားသူကြီးက ပြစ်မှုမတူတဲ့အတွက် ကျွန်တော်တို့လျှောက်ထားမှုကို ပယ်ချပြီး တရားလိုရဲ့ တရား ထပ်စွဲတဲ့ကိစ္စကို လက်ခံတယ်လို့ ဆုံးဖြတ်လိုက်တယ်” ဟု သူက ဆိုသည်။

မလေးရှားနိုင်ငံသူ Mok Choy Lin, စကာင်္ပူနိုင်ငံသား Lau Hon Meng, ၎င်းတို့၏ စကားပြန် သတင်းထောက် ကိုအောင်နိုင်စိုး၊ ယာဉ်မောင်း ဦးလှတင်တို့ကို အောက်တိုဘာလကုန်ပိုင်းက ဖမ်းဆီးလိုက်စဉ် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အရေးကြီးနေရာတစ်ခုဖြစ်သည့် လွှတ်တော် အဆောက်အဦများအား ခွင့်ပြုချက်မရှိဘဲ ဒရုန်းဖြင့် ရိုက်ကူးရန် တူရကီနိုင်ငံ အခြေစိုက် စင်္ကာပူရုံးခွဲ TRTသတင်းဌာနက ဆောင်ရွက်ခဲ့ သည့်အတွက် သက်ဆိုင်ရာက ခေါ်ယူမေးမြန်း လျက်ရှိကြောင်း” အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

ထိန်းသိမ်းခံရပြီး ၂ ပတ်အကြာတွင် ၎င်းတို့သည် ၁၉၃၄ ခုနှစ် လေယာဉ်အက်ဥပဒေ ပုဒ်မ ၁ဝ ဖြင့် ထောင်ဒဏ် ၂ လစီ ချမှတ်ခံခဲ့ရသည်။

နိုင်ငံခြားသားသတင်းထောက်တို့သည် တူရကီအခြေစိုက် TRTသတင်းဌာနအတွက် လုပ်ကိုင်ပေးသူများဖြစ်ပြီး ၎င်းတို့ကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် ထပ်မံတရားစွဲဆိုထားကြောင်း ရှေ့နေက ပြောသည်။

“ဗီဇာက ဒီလ ၁၇ ရက်ထဲက ပြည့်ပြီပေါ့။ သတ်မှတ်ရက် ကျော်လွန်နေပြီပေါ့။ အဲ့ဒါနဲ့ ထပ် တရားစွဲတာပေါ့။ စည်းမျဉ်းဥပဒေ ပြဌာန်းချက်နဲ့အညီ နေထိုင်နေတာမဟုတ်ဘူးပေါ့။ ဒါပေမယ့် သူတို့ကို ဖမ်းလိုက်တာက အောက်တိုဘာ ၂၇ ရက်နေ့။ ဒီလ ၁ဝ ရက်နေ့က ထောင် ၂ လချခဲ့တယ်။ ဘယ်လိုလုပ် ထောင်ထဲကနေ ဗီဇာသက်တမ်း တိုးမလဲ။ အဲ့ဒီအချက်နဲ့ ကျွန်တော်က ပြန်ခုခံချေပရမှာပေါ့”ဟု ရှေ့နေက ပြောသည်။

အမှုကို ဒီဇင်ဘာ ၄ တွင် တရားလိုဖြစ်သူကို စစ်ဆေးမည်ဟု သိရသည်။

သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ ၈ တွင် ငွေဒဏ်ကိုဖြစ်စေ၊ ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ကိုဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ သို့သော်လည်း အဆိုပါ ပုဒ်မသည် အစိုးရက တင်သွင်းမှုမပြုရဆိုသည့် ကန့်သတ် ကုန်စည်ပစ္စည်းများကို တင်သွင်းမှုနှင့်သာ သက်ဆိုင်သည်ဟု ရန်ကုန်မှ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က သုံးသပ်သည်။

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts