ကဗျာ

အာဂမွဏ်း ● နာရီ

အာဂမွဏ်း ● နာရီ
(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၇

လူဟာ
ခြေထောက်တပ်ထားတဲ့
နာရီတစ်လုံးဖြစ်တယ်။

၂၄ နာရီမှာ
တစ်ပတ်လည်တဲ့
ကမ္ဘာဆိုတဲ့
နာရီတစ်လုံးပေါ်မှာ
နေထိုင်ကြတယ်။

တစ်မိနစ်မှာ
အကြိမ် ၆၀ကနေ
အကြိမ် ၁၀၀ အထိ ခုန်တဲ့
နှလုံးသားဆိုတဲ့
နာရီတစ်လုံးကို
ဘယ်ဘက်ရင်အုံထဲမှာ
ထည့်ထားကြတယ်။

အချိန်မတူညီကြတာနဲ့ဘဲ
နာရီတွေဟာ
ရန်ပွဲတွေ
စစ်ပွဲတွေဖြစ်ကြတယ်။

နာရီတွေဟာ
နာရီမှန်းမသိလို့
အချိန်တွေကို
မေး မေး နေကြတယ်။

နောက်ဆုံးတော့
နာရီတွေဟာ
သတ်မှတ်ထားတဲ့
နာရီမှာပဲ
နာရီပျက်သွားကြတော့တယ်။ ။

အာဂမွဏ်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts