စိုးခိုင်ညိန်း ● ဆူညံနေသော အသံများ

စိုးခိုင်ညိန်း ● ဆူညံနေသော အသံများ
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂ဝ၁၇

အချိန်ကား နံနက်ခင်း ၃ နာရီအချိန် ဖြစ်သည်။ တိတ်ဆိတ်မှုနှင့်အတူ အရာအားလုံးသည် အိပ်မောကျလျက် ရှိပေသည်။ ည သည် အေးစက်တိတ်မှုကိုအားပြုလျက် အမှောင်ကို အလင်းဆီသို့ တရွေ့ရွေ့ဆွဲခေါ်နေလေသည်။ ထိုအချိန်မှာပင် လော်စပီ ကာမှ ကျယ်လောင်သော ပဋ္ဌာန်းရွတ်ဖတ်သံသည် ဟိန်းထွက်လာလေသည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသောကျွန်တော်သည် လန့်နိုးသွားကာ ပြူးပြူးပျာပျာဖြင့် ဘေးပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်မိလေသည်။ အမှောင်သည် ညနှင့် မကွဲမကွာ တည်ရှိနေဆဲပဲ ဖြစ်သည်။ ကျွန်တော်သည် နဘေးမှဖုန်းကိုယူကာ ဖွင့်ကြည့်လိုက်တော့ ၃ နာရီပဲ ရှိသေးသည်။ ဟာ အစောကြီးရှိသေးတာပဲ။ ဘယ်ကများ ရွတ်ဖတ်နေတာပါလိမ့်။ ဟိုဖက်လမ်းက ရွတ် တာလား၊ သေချာတာက ရွတ်နေ သောနေရာက ဒီနေရာနှင့် အတော်လေးနီးသည်။ ဘာဖြစ်လို့များ ဒီလောက်တောင် အကျယ်ကြီး ရွတ်ဖတ်နေတာ ပါလိမ့်။ ဒီအချိန် အနီးအနားကလူတွေ အိပ်စက်နေတာကို ဂရုမစိုက်တာပဲလား။ ကျွန်တော်သည် စိတ်ရှုပ်ထွေးစွာ တွေးတောနေမိ သည်။ အိပ်ရေး မဝသည့်အတွက် စိတ်ထဲတွင်မကျေမနပ်ဖြစ်ကာ ကျိတ်မှတ်ဆက်အိပ်သော်လည်း ဘယ်လိုမှ အိပ်မရတော့ ပေ။ စိတ်ထဲတွင်တော့ ပဋ္ဌာန်းရွတ်ဖတ်နေသောအသံသည် ကျယ်လောင်စွာ ပေါ်ထွက်နေသည်ဟု ထင်နေမိလေသည်။

ပုံမှန်အားဖြင့်ဆိုလျှင်တော့ ပဋ္ဌာန်းရွတ်သံကို နားထောင်ရခြင်းသည် စိတ်နှလုံးပျော်မွှေ့စရာသာယာနာပျော်ဖွယ် ကုသိုလ်ရ နိုင်စရာဖြစ်ပေမဲ့ အခုလိုအနေအထားမှာတော့ ကျွန်တော့်စိတ်ထဲမှာ အနှောင့်အယှက်တခုလိုထင်နေမိလေတော့ ကိုယ့်စိတ် နဲ့ ကိုယ်ပဲ အကုသိုလ်ပင် ဖြစ်နေရသည့် အဖြစ်မျိုး ဖြစ်လေသည်။ ထိုအချိန်တွင် ကျွန်တော့်အဖို့ အငတ်မွှတ်ဆုံးသောအရာသည် တိတ်ဆိတ်မှုသာလျှင် ဖြစ်ပါသည်။ အိပ်လို့ မပျော်ဘူးဆို လျှင်တောင် ကျွန်တော့်အနေဖြင့် တိတ်တိတ်ဆိတ်ဆိတ်လေးသာ နေချင်စိတ် ဖြစ်မိပါသည်။ ညသည် ကျယ်လောင်သောအသံတို့ဖြင့် ကင်းဝေးနေဖို့ လိုအပ်သည်ဟုထင်သည်။ ညဆိုသည်မှာ အသံပေါင်းစုံတို့ဖြင့် ဆူညံနေသောနေ့မှ ခဏတာထွက်ပြေးအနားယူခြင်းမျိုးဟု ကျွန်တော်က အဓိပ္ပါယ်ဖွင့်နေမိခြင်း ဖြစ် သည်။

တိတ်ဆိတ်မှုကို နေ့ထံမှရှာဖွေတွေ့ရှိဖို့ဆိုသည်မှာ ခက်ခဲလိမ့်မည်ထင်သည်။ ကားသံ၊ စက်သံ၊ သီချင်းသံ၊ ပန်ကာလည်သံ၊ အဲယား ကွန်းမှထွက်နေသည့်အသံ၊ စကားပြောသံ၊ ခွေးသံ၊ ငှက်သံ၊ မြစ်ထဲမှ မော်တော်ဘုတ်သံ၊ ကလေးငိုသံ၊ တီဗွီမှထွက် ပေါ်နေသောအသံ၊ လမ်းမ တွေပေါ်မှ အမျိုးအမည်ခွဲခြားလို့မရနိုင်သော အသံပေါင်းစုံတို့ဖြင့် နေ့သည် ပြည့်နှက်နေလေသည်။

ကျွန်တော်သည် တိတ်ဆိတ်မှုကိုဖြိုခွဲခံလိုက်ရပြီးနောက် ဘယ်လိုမှဆက်အိပ်မရတော့ပဲ တစုံတရာကို မကျေမနပ်ဖြစ်ကာ မြန်မြန် မိုးလင်း ပါစေဟုပဲ ဆုတောင်းနေမိတော့သည်။ မိုးလင်းခါနီးဆဲဆဲမှပဲ ပဋ္ဌာန်ရွတ်ဖတ်သံက တိတ်သွားပေတော့သည်။ ထိုအခါမှပဲ တိတ်ဆိတ်မှု၏အရသာကို အငတ်ငတ်အမွှတ်မွှတ် ခံစားနေမိတော့သည်။ သို့သော်လည်း ထိုတိတ်ဆိတ်မှုသည် လည်း မကြာခင် နေ၏အလင်းရောင်နှင့်အတူ ကွယ်ပျောက်သွားပေလိမ့်ဦးမည်။

အမှန်တော့ ကျွန်တော်ဒီမြို့လေးကိုရောက်သည်မှာ မကြာလှသေးပါ။ ဒီမြို့လေး၏အခြေအနေစသည် ကျွန်တော်ဘာမှ မသိသေးပေ။ ဒါကြောင့် မနက်က စောစောစီးစီးပဋ္ဌာန်းထရွတ်တာ ဘယ်နားကလဲဟု ကျွန်တော်၏အိမ်သူကိုမေးကြည့်ရသည်။ အဲဒါ ဟိုဖက်လမ်းက ရိပ်သာ ကျောင်းကရွတ်တာ၊ ဝါတွင်းသုံးလလုံး နေ့တိုင်း အဲဒီလိုထရွတ်မှာလေ၊ အဲဒါ နှစ်တိုင်းပဲ၊ ဒီနေ့က ဝါစဝင်တဲ့နေ့မို့ မနက်က စရွတ်တာတဲ့။ ကျွန်တော့်မှာ ဘာပြန်ပြောရမှန်း မသိဖြစ်သွားရသည်။ သူတို့လည်း အစက တော့ အတော်လေးအိပ်ရေးပျက်သည်တဲ့။ နောက်တော့လည်း အသားကျ သွားသည်ဟု ဆိုသည်။ သူပြောသည့်အတိုင်းပဲ ဝါစဝင်ကတည်းက ရွတ်ဖတ်နေခြင်းသည် အခုရက်အထိ တရက်မှမပျက်ခဲ့။ ကျွန်တော်သည်လည်း နေ့တိုင်း စရွတ်တိုင်း လန့်နိုးနေဆဲပဲ ဖြစ်သည်။

ပြီးခဲ့တဲ့ရက်က မွေးနေ့ဖိတ်၍ တခြားရပ်ကွက် အိမ်တအိမ်မှာ ညနေစာ သွားစားရသည်။ သူတို့အိမ်က ဓမ္မာရုံဘေးမှာ ဖြစ် သည်။ ဓမ္မာရုံက လော်စပီကာဖွင့်ထား၍ ဆူညံနေသည်။ ကျွန်တော်တို့ အချင်းချင်းစကားပြောရသည်ပင် မကြားရ၍ အော် ပြောနေရသည်။ ဒီနေ့က ဥပုသ်နေ့များလားဟု စဉ်းစားကြည့်တော့မဟုတ်၊ ဒါဖြင့် ဘာဖြစ်လို့ဖွင့်နေတာပါလိမ့်။ အိမ်ရှင်ကို မေးကြည့်တော့ ဝါတွင်းကတော့ ဒီလိုပဲ နေ့တိုင်းပဲ ဖွင့်နေတာ၊ တခါတလေ စက်ဖွင့်တဲ့သူကဖွင့်ပြီး ဓမ္မာရုံကိုသော့ခတ်ပြီး ပစ်ထားခဲ့တာ ကိုယ်တို့မှာ ရှင်ရုက္ခစိုးနတ်မင်းကအစ နားထောင်နေရတာပဲ။ သွား ပြောပေမဲ့လည်း မထူးပါဘူး ဒီအတိုင်းပဲဟု ဆိုသည်။ သူတို့ဒုက္ခက ကိုယ့်ထက်ပင် ဆိုးနေသေးပါလားလို့ တွေးလိုက်မိပေသည်။

ဒီနေရာမှာ ဆရာကြီးဦးအောင်သင်း၏စကားလေးတခွန်းကို အမှတ်ရလိုက်မိသည်။ အိမ်ရောင်းမည် ကြော်ငြာများတွေ့သော အခါ ဈေးနီးသည်၊ ကျောင်းနီးသည်ဆိုသည့် ရည်ညွှန်းချက်များအပြင် ဓမ္မာရုံနှင့်ပါဝေးသည်ဆိုသည့်အချက်ပါ ထည့်ကြော်ငြာ ရမလိုဖြစ်လာပြီဟု ဆိုသည်။ တဆက်တည်း မန္တလေးမှာဖြစ်ပွားခဲ့သောသတင်းတပုဒ်ကို အမှတ်ရလိုက်သည်။ ဓမ္မာရုံမှ လော်စပီကာ၏ဆူညံမှုကို သည်းမခံနိုင်၍ ဓမ္မာရုံ၏အနီးမှာတည်းခိုနေသော နိုင်ငံခြားသားတဦးက ဓမ္မာရုံထဲဝင်ရောက်ဖျက်ဆီး သည့်သတင်းပဲ ဖြစ်သည်။

လူတွေသည် တိတ်ဆိတ်မှုကိုသဘောကျ နှစ်ခြိုက်ကြသည်ပဲ ဖြစ်သည်။ မိမိတို့အိမ်မှာပင် ရံဖန်ရံခါ အော်ကြီးဟစ်ကျယ်ပြော သည့် စကားသံကိုကြားရသည့်အခါမှာပင် စိတ်အနှောင့်အယှက် ဖြစ်ရသည်။ မိမိအိမ်ဘေးမှ အိမ်ကအော်ဟစ်ဆဲဆို ရန်ဖြစ်နေလျှင်လည်း ထို့အတူပဲ စိတ်ပျက်စရာ ဖြစ်ရတတ်သည်။ ဖြစ်နိုင်လျှင်တော့ အေးအေးဆေးဆေး တိတ်တိတ်ဆိတ် ဆိတ်နေချင်ကြသည်ပဲ ဖြစ်သည်။

လူတယောက်၏လွတ်လပ်ခွင့်ကို ဆူညံပွက်ထသောအသံဖြင့် ကျူးကျော်ဝင်ရောက်ဖျက်ဆီးနိုင်ပါသည်။ ဆူညံသောအသံ၏ ထိုးနှက်ချက်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်နိုင်သည်။ ကိုယ်နေဟန်ချက်ပျက်ပြားနိုင်သည်။ အထူးသဖြင့် ပတ်ဝန်းကျင်ကို ထည့်တွက်တတ်တဲ့သူ၊ အခြားသူတို့ကို အလေးထားသောသူတို့သည် ကိုယ်တိုင်လည်း တိတ်ဆိတ်မှုကိုနှစ်သက်သလို အသံမထွက်အောင် နေထိုင်လေ့ရှိသည်။ ပတ်ဝန်းကျင်နှင့် အခြားသူတို့ကို အလေးထားသောသူတို့တွင် ဂျပန်လူမျိုးတို့သည် အလွန်နာမည်ကြီးပါ သည်။ ဂျပန်လူမျိုးတွေသည် မြို့ပတ်ရထားစီးသည့်အခါမှာ တွဲထဲမှာ တရေးအိပ်လို့ရအောင်ကိုပဲ တိတ် တိတ်ဆိတ်ဆိတ်ရှိလှသည်ဟု ဆိုသည်။

ဂျပန်ကို ဂျပန်ဟုဖြစ်ကြောင်း အကြောင်းပြချက်ထဲတွင် ခေတ္တရပ်ဆိုင်းခြင်း၊ တုံဏှိဘာဝေပြုခြင်းဆိုတဲ့အချက်လည်း ပါသည် ဟု ဖတ်ဖူးသည်။ ရံဖန်ရံခါ ဂျပန်တို့သည် မိတ်ဆွေအချင်းချင်းဆုံတွေ့ကြသည့်ပွဲ၌ မည်သည့်စကားမျှမဆိုပဲ မျက်လုံးချင်း ကြည့်ရုံ ဆုံရုံမျှနှင့် တဦး၏ရင်ထဲက စကားကိုတဦးက နားလည်သိရှိကာ တိတ်ဆိတ်စွာနေခြင်းဖြင့် ခေတ္တရပ်ဆိုင်းခြင်းဓလေ့ကို ပြုလေ့ ရှိသည်တဲ့။

အင်းလေးကန်မှာ ဥရောပဈေးကွက်အတွက်အဓိကဖွင့်ထားသည့် ဟိုတယ်တလုံးအကြောင်းကို စာတပုဒ်မှာ ဖတ်မှတ်ဖူး လိုက်သည်။ ဒီဟို တယ်က ဘာဆူသံညံသံမှမရှိအောင် တိတ်ဆိတ်မှုကို တတ်နိုင်သမျှဖန်တီးထားသော ဟိုတယ်ဖြစ်သည်တဲ့။ ဟိုတယ်ထဲမှာ ငှက်ကလေး တကောင် တလေက ချိုမြစွာ မြည်ကြွေးလိုက်သောအသံမျိုးကို ရံဖန်ရံခါကြားရတတ်သည်မှလွဲ၍ လူတို့၏ပယောဂကြောင့် ဖြစ်သော အသံများ လုံးဝကင်းစင် နေသည့် ဟိုတယ် ဖြစ်သည်ဟု ဆိုသည်။

ဟိုတယ်ရဲ့ အခန်းအတွင်းမှာ ရေခဲသေတ္တာမထား၊ လေအေးစက်လည်းမထားသည့်အတွက်ကြောင့် သူတို့က မြည်သည့် ဖြိုးဖြိုးဖျစ်ဖျစ် မြည်သံ၊ တဒီးဒီမြည်သံစသည် မကြားရတဲ့။ ဒါ့အပြင် ရုပ်မြင်သံကြားစက်လည်းမထား၍ တီးသံမှုတ်သံ စသည် လည်း မကြားရပါတဲ့။ ဟိုတယ်က ရွာခပ်ငယ်ငယ်စာလောက်ကြီးသည်ဟု ဆိုသည်။ ဟိုတယ်အဝင်ဝရောက်တာနှင့် ကား မဝင်ရပါတဲ့။ ကားစက်သံမကြားစေချင်သည့်အတွက် ဖြစ်သည်။ ဟိုတယ်သို့ဝင်ရာ ချောင်းပေါက်ဝကလေးရောက်ရင် စက် လှေဝင်လို့မရ၊ ဒီကနေမှ လူကိုယ်တိုင်လှော်၍လာရမည် ဖြစ်သည်။ လာရောက် တည်းခိုသည့်လူများက ဥရောပက အများ စုဖြစ်သည်တဲ့။ လူက အမြဲလိုလိုအပြည့်တဲ။ အမေရိကန်တွေက တယောက်စ နှစ်ယောက်စတဲ့၊ အာရှကတော့ မလာသ လောက်ပါပဲတဲ့။ ဆိုတော့ ဥရောပက လူတွေဟာ တိတ်ဆိတ်မှုကိုသဘောကျကြောင်း မှန်းဆလို့ ရနိုင်သည်။

သို့သော်လည်း ကျွန်တော်တို့မှာတော့ အသံတို့၏ထိုးနှက်ချက်ဖြင့် နေ့စဉ်နှင့်အမျှခံနေရကာ ဆူညံနေသောအသံများဖြင့် အသားကျနေသည်ဟုပင် ဆိုရမည် ဖြစ်သည်။ အဝေးပြေးကားစီးသည့်အခါ ကျွန်တော်က တိတ်တိတ်ဆိတ်ဆိတ် အေးအေး ဆေးဆေး အနားယူလိုက်ချင်ပေမဲ့လည်း တညလုံးနီးပါးဖွင့်ထားသည့် ဗွီစီဒီစက်ကအသံတွေနဲ့ ထိပ်တိုက်တိုးနေရတာပဲ ဖြစ်သည်။

မည်သည့်အသံမဆိုဖြစ်ပေါ်ဖို့ရန်  အရာဝတ္ထုတခုခု၏ တုန်ခါလှုပ်ရှားမှု ရှိရသည်သာ ဖြစ်သည်။ တုန်ခါမှုပြင်းလျှင် ပြင်းသ လောက် အသံထွက်ပေါ်မှုမှာလည်း ကျယ်လောင်လေသည်။ ခုနှစ်တော့မမှတ်မိ ကျွန်တော်ရန်ကုန်မှာနေတုန်းက သာကေ တ စက်ဆန်းမှာ ညအချိန် ကျယ်လောင်စွာပေါက်ကွဲသောအသံကြီးကို သတိရမိပါသည်။ အဲသည်တုန်းက အသံကြောင့် အနီးအနားကတိုက်တွေက မှန်တွေပင်လျှင် ကွဲအက်ကုန်သည်ဟုဆိုပါသည်။ တိတ်ဆိတ်သောညကြီးထဲမှာ ပေါက်ကွဲထွက် ပေါ်လာသော ထိုကျယ်လောင်လှသောအသံကြီးသည် ကျွန်တော်နေသည့် မရမ်းကုန်းကပင်လျှင် ကြားရပေသည်။ ထိုအသံ ကြီးကြောင့် တမြို့လုံးနီးပါးလောက် လန့်နိုးခဲ့ကြသည်ဟုပင် ဆိုရမည်ထင်သည်။ တုန်လှုပ်ချောက်ချား စရာကောင်းသော အသံကြီးပဲ ဖြစ်ပါသည်။

အသံတွေအားလုံးပျောက်ကွယ်သွားဖို့ဆိုသည်မှာ မဖြစ်နိုင်သောကိစ္စပဲ ဖြစ်ပါသည်။ နေရာအနှံ့အပြားမှာ အသံတွေကတော့ တခုမဟုတ် တခုကတော့ ထွက်ပေါ်နေမှာပဲ ဖြစ်သည်။ အသံတွေအားလုံးအထဲမှ ကျွန်တော့်အနေဖြင့်မကြားချင်ဆုံးသောအသံတွေကတော့ သေနတ်သံ၊ ဗုံး ပေါက်ကွဲသံ၊ ကူပါကယ်ပါ အော်ဟစ်သံတွေနဲ့ နာကျင်စွာ အော်ဟစ်နေသော အသံတွေပဲ ဖြစ်ပါသည်။ ဒီအသံတွေကိုဖြင့် မကြားရအောင် ပြုလုပ်၍ရနိုင်ပါသည်။ လူတိုင်းမကြားချင်သော လူတို့၏ပယောဂကြောင့် ဖြစ်သော ဒီအသံများကိုတော့ ချုပ်ငြိမ်းစေချင်ပါသည်။ ။

စိုးခိုင်ညိန်း
စက်တင်ဘာ ၂၂၊ ၂၀၁၇