International News

Government shutdown when Healthcare in action

အမေရိကန်အစိုးရ တစိတ်တပိုင်းရပ်ဆိုင်းချိန် အိုဘားမားကျန်းမာရေးဥပဒေ စတင်သက်ဝင်ပြီ
မိုးမခသတင်းကောက်နုတ်ချက်၊ အောက်တိုဘာ ၃၊ ၂၀၁၃
အမေရိကန်ပြည်မှာ အောက်လွှတ်တော်နဲ့ အစိုးရတို့ နိုင်ငံတော်ဘတ်ဂျက် သဘောတူညီချက်မရတဲ့အတွက် အမေရိကန်အစိုးရရဲ့ ယန္တယားအစိတ်အပိုင်းတချို့ ရပ်ဆိုင်းသွားပြီ ဖြစ်ပါတယ်။ အစိုးရ၀န်ထမ်း (ပြည်ထောင်စု၊ ဗဟိုအစိုးရက တိုက်ရိုက်ခန့်ထားသူ) ၁ သန်း နီးပါး ကို လစာမပေးနိုင်တော့ပါ။ ၀ါရှင်တန်ဒီစီမြို့တော်နဲ့ အားလုံးသော ပြည်နယ်အနှံ့အပြားက ပြတိုက်၊ ပန်းခြံ၊ သစ်တော၊ အမြတ်ခွန်ဌာန၊ စစ်မှုထမ်းဟောင်းရေးရာ၊ စတဲ့ ရုံးဝန်ထမ်းတွေ အလုပ်ကနေ ရပ်နားနေကြပြီ ဖြစ်ပါတယ်။
ရီပတ်ဘလစ်ကန် အောက်လွှတ်တော်ရဲ့ အစိုးရအပေါ်ပိတ်ဆို့မှု (Republican Shutdown) ကြောင့် အစိုးရရပ်ဆိုင်းရတာ ဖြစ်ပါတယ်။ အောက်တိုဘာလဆန်းမှာ ချမှတ်ပေးရမယ့် အစိုးရဘတ်ဂျက် ဆုံးဖြတ်ချက်မှာ အိုဘားမားအစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကို ရုတ်သိမ်းဖို့၊ ရွှေ့ဆိုင်းဖို့ အကြပ်ကိုင် တောင်းဆိုကြတာကြောင့် အစိုးရနဲ့ အထက်လွှတ်တော်ရဲ့ သဘောတူညီချက် မရနိုင်ဘဲ နောက်ဆုံး ဘတ်ဂျက်မရှိတဲ့ အမေရိကန်အစိုးရအဖြစ်ကို ရောက်ရတာ ဖြစ်ပါတယ်။
သူတို့ ဘယ်လောက်ပဲ တားတား၊အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေသစ်ဆိုတာက အောက်တိုဘာ ၁ မှာ စတင် သက်ဝင်ပြီ ဖြစ်ပါတယ်။ ၂၀၀၉ မှာ လွှတ်တော် ၂ ရပ်လုံးက သဘောတူခဲ့ပြီး ဥပဒေအဖြစ် အတည်ပြု ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကို တဖက်သတ် သဘောမတူနိုင်တဲ့ ရီပတ်ဘလစ်ကန်ပါတီအမတ်တွေ သူတို့ထဲက အစွန်းရောက်တဲ့ တီးပါတီအမတ်တွေက တစိုက်မတ်မတ် ပုတ်ခတ် တိုက်ခိုက်ခဲ့ကြပါတယ်။ ဗဟိုတရားရုံးချုပ်ကို ဦးတိုက်ပြီး တရားစွဲတာကြောင့် တရားသူကြီးချုပ်တွေက အဲသည်ဥပဒေဟာ တရားဝင်တယ်၊ အခြေခံဥပဒေနဲ့ ညီတယ်လို့ ဆုံးဖြတ်ပေးခဲ့ပြီ ဖြစ်ပါတယ်။ ဥပဒေတခုအဖြစ် သက်ဝင်ပြီးရင် လိုက်နာရတယ်ဆိုတာကို အဆိုပါ လူအုပ်စု၊ ပါတီတခုက ဆန့်ကျင်ပြီး တိုက်ခိုက်နေတာကို ဝေဖန်သူတွေက ပြန်လည် ထောက်ပြနေကြပါတယ်။ အိုဘားမားကလည်း ဥပဒေတခုကို ကိုယ့်မူဝါ သဘောထားနဲ့ မညီလို့ မကြိုက်တာနဲ့ နိုင်ငံတခုလုံးရဲ့ ယန္တယားကို အကြပ်ကိုင်ပြီး ပိတ်ဆို့တာ မဖြစ်သင့်ဘူးလို့ ပြစ်တင်လိုက်ပါတယ်။
အခု အောက်တိုဘာလဆန်းက စပြီး အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ သက်ဝင်ပြီ ဖြစ်ပါတယ်။ ကျန်းမာရေးအာမခံ မရှိသူတိုင်း ကျန်းမာရေးအာမခံကို အစိုးရ၊ ပြည်နယ်အစိုးရများရဲ့ ထောက်ကူ ပံ့ပိုးမှုနဲ့ ၀ယ်ယူနိုင်ကြပြီ ဖြစ်ပါတယ်။ ကျန်းမာရေးအာမခံကုမ္မဏီတွေ သူတို့ ချယ်လှယ်ချင်တိုင်း ချယ်လှယ်ပြီး ကျန်းမာရေးအကူအညီလိုအပ်နေသူတွေကို အာမခံမပေးဘဲ ရှောင်လွှဲခွင့် မရှိတော့ပါဘူး။ မနေ့ စတင်တဲ့ အစီအစဉ်က အောက်တိုဘာက မတ်လအထိ လူတိုင်း လွတ်လပ်စွာ ကျန်းမာရေးအာမခံချက် ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ မ၀ယ်ရင်တော့ အစိုးရက ဒဏ်ရိုက်မယ်လို့ ပြဌာန်းပါတယ်။ ကျန်းမာရေးအာမခံလိုသူတွေ အားလုံးကို ကုမ္မဏီတွေက ငြင်းပယ်ခွင့် မရှိ ရောင်းပေးရမှာ ဖြစ်ပါတယ်။ လူတိုင်း ဆေးကုသခွင့် ကျန်းမာရေး စောင့်ရှောက်မှု ရယူခွင့် အာမခံချက် ရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် အောက်တိုဘာ ၁ ရက်နေ့မှာတင် တနိုင်ငံလုံးက ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူ ၁ သန်းကျော်က ၀ိုင်းဝန်းပြီး မှတ်ပုံတင်ခဲ့ကြတယ်လို့ သိရပါတယ်။ အွန်လိုင်းဝက်ဆိုက်တွေကနေ မှတ်ပုံတင်တာကြောင့် ၀က်ဆိုက်တွေတောင် ဒေါင်းကုန်ပါတယ်။
အိုဘားမားကျန်းမာရေးစောင့်ရှောက်မှု ဥပဒေက မိဘနဲ့ အတူနေ သားသမီးတွေဟာ အသက် ၂၆ နှစ်အထိ မိဘရဲ့ ကျန်းမာရေးအာမခံနဲ့ နေထိုင်ခွင့် ပြုပေးပါတယ်။ အသက်ကြီးသူများ၊ ချို့တဲ့သူများအတွက် အစိုးရကျန်းမာရေးစာရိတ် ထောက်ပံ့မှု အကာအကွယ်ကို တိုးမြှင့်ပေးပါတယ်။ လုပ်ငန်းရှင်တွေက အလုပ်သမားတွေအတွက် ကျန်းမာရေးအာမခံဝယ်ယူပေးတဲ့အတွက် အမြတ်ခွန်သက်သာခွင့် ပေးပါတယ်။ ဆေးဝါး ကုမ္မဏီတွေကိုလည်း ဈေးနှုန်းကြီးမားစွာ ရောင်းချတဲ့နည်းကနေ ဈေးချိုတဲ့ ဈေးကွက်ပြိုင်ဆိုင်မှု ဖြစ်ပေါ်အောင် စည်းကမ်းတင်းကြပ်မှုတွေကနေ ဖြေလျော့ပေးပါတယ်။ ဆရာဝန်တွေ ဆေးရုံတွေက အစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလုပ်ဖို့ အားပေးပါတယ်။ အစိုးရကနေ အကူအညီပေးပါတယ်။ အာမခံစာရိတ်မတတ်နိုင်သူတွေ မိသားစုများအတွက် အစိုးရနဲ့ ပြည်နယ်ကနေ စာရိတ်မျှပေးတဲ့ အစီအစဉ်တွေ ထုတ်ပေးပါတယ်။ လူတိုင်း ကျန်းမာရေးလိုက်စားအောင်၊ ကိုယ်တိုင် စောင့်ရှောက်အောင် တကိုယ်ရေးကျန်းမာရေး အသိပညာပေးနဲ့ ကာကွယ်မှုအလုပ်တွေ၊ လေ့ကျင့်ခန်းတွေ လုပ်ကိုင်အောင် အားပေးတာတွေ အစီအစဉ်တွေ ပညာပေးတာတွေ လုပ်ကိုင်စေပါတယ်။ ဒါကတော့ ကျန်းမာရေးဥပဒေသစ်ရဲ့ အစီအမံအချို့ပါ။
အိုဘားမားကတော့ သူရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေသစ်ကို ရီပတ်ဘလစ်ကန်တွေ၊ တီးပါတီအုပ်စုတွေ ဘာကြောင့် ခါးခါးသီးသီး ဖြစ်နေရတယ်ဆိုတာကို ပြန်လည် ဝေဖန်ရာမှာ … သူတို့တွေက ဒီဥပဒေဟာ တကယ်ကို ပြည်သူတွေအတွက် ကောင်းတယ်ဆိုတာကို ပြည်သူတွေ သိသွားမှာကို ကြောက်နေတာ။ လူတွေ ကြိုက်သွားမှာ စိုးလို့ အတင်း တားဆီးပိတ်ဆို့နေတာလို့ ပြောလိုက်ပါတယ်။
တီးပါတီအမတ်တွေနဲ့ ရီပတ်ဘလစ်ကန်အမတ်တွေကတော့ အခုလို ခေါင်းမာ ခါးသီးနေတာနဲ့ ပတ်သက်ပြီး နဲနဲလေးမှ နောင်တမရဘူးလို့ သတင်းစာတွေက သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲသည် ရှေးရိုးစွဲ အစွန်းရောက်မျိုးချစ် အမတ်တွေရဲ့ မဲဆန္ဒနယ်တွေမှာက သူတို့လိုပဲ ခေါင်းမာတဲ့ မဲဆန္ဒရှင်ပြည်သူတွေ နေထိုင်ကြတဲ့အတွက် သူတို့တွေ နောက်ရွေးကောက်ပွဲမှာလည်း သူတို့က နေရာမြဲဦးမှာပဲလို့ ထင်နေကြပါသတဲ့။
(Photo – AFP)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts