မှတ်စုမှတ်တမ်း

ကိုဖီအာနန် အစီရင်ခံစာ ဖတ်ပြီးကြပြီလား

ကိုဖီအာနန် အစီရင်ခံစာ ဖတ်ပြီးကြပြီလား
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၇
အများပြည်သူတို့ကြား ပြောစရာဖြစ်နေတဲ့  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ (၂၀၁၇ သြဂုတ်လ) ကို စာဖတ်သူတို့ အလွယ်ဖတ်နိုင်ရန် မိုးမခက ကောင်းနိုးရာရာ ကောက်နုတ်ပြီး မိမိစကားပြောနဲ့ ပြန်လည် တင်ဆက်ထားပါတယ်။

ပဏမ သတင်းထတ်ပြန်ချက်ကတော့ အောက်ပါအတိုင်း ကူးယူတင်ပြအပ်ပါတယ်။

အစီရင်ခံစာ အပြည့်အစုံ မြန်မာလိုဖတ်ရန် နှင့် ဒေါင်လုပ်ရန် လင့်
http://www.rakhinecommission.org/app/uploads/2017/08/FinalReport_Myan_LowRes.pdf

ရန်ကုန်မြို့ – ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် ရခိုင်ပြည်နယ် တဝန်း၊ မြန်မာနိုင်ငံရှိ တခြားသော နေရာများနှင့် ဒေသတွင်းတွင် တွေ့ဆုံဆွေးနွေးပွဲများကို တစ်နှစ်တာ ပြုလုပ်ခဲ့ပြီးနောက် ၎င်း၏ အပြီးသတ် အစီရင်ခံစာကို ဩဂုတ်လ၊ ၂၃ ရက်တွင် မြန်မာနိုင်ငံ အစိုးရထံသို့ တင်သွင်းလိုက်ပြီ ဖြစ်ပါသည်။ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်တွင် ပဋိပက္ခ ကာကွယ်တားဆီးရေး၊ ငြိမ်းချမ်းမှု ရှိရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ဆင်းရဲဒုက္ခ ကြုံနေရသော လူထုအတွက် မျှော်လင့်ချက် ရောင်ခြည်ပေးနိုင်ရန် ချက်ခြင်းနှင့် ရေရှည် ဆောင်ရွက်နိုင်မည့် အကြံပြုချက်များ ပေးထားပါသည်။

ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဦးစီးဆောင်ရွက်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင် ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှု၊ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးနိုင်မှု စသည့် စိန်ခေါ်မှုများကို အောင်မြင်စွာ ကျော်လွှားနိုင်မည့် အကြံပြုချက်များ ပါဝင်ပါသည်။ အစီရင်ခံစာကို ယခုနှစ်၊ မတ်လတွင် ထုတ်ပြန်ခဲ့သည့် ကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာအပေါ် အခြေပြု၍ ရေးသားထားခြင်း ဖြစ်သည်။

“အစိုးရနဲ့ လူမှုအသိုင်းအဝိုင်း ကဏ္ဍအားလုံးရဲ့ အကူအညီရယူပြီး အစိုးရရဲ့ ဦးဆောင်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချက်ခြင်း လုပ်ဆောင်နိုင်မှသာ ရခိုင်ပြည်နယ်တွင် ကာလရှည်ကြာ ကြုံတွေ့နေရတဲ့ ဆင်းရဲနွမ်းပါးမှုကို ပိုမို နက်ရှိုင်းစေမည့် အကြမ်းဖက်မှုနဲ့ အစွန်းရောက် လှုပ်ရှားမှုများ သံသရာ လည်ဖြစ်ပွားနေခြင်းကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က ပြောဆိုသည်။

အပြီးသတ် အစီရင်ခံစာတွင် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး တို့အပေါ် အဓိက အဟန့်အတား ဖြစ်စေသည့် ဖွဲ့စည်းတည်ဆောက်မှု ဆိုင်ရာ ကျယ်ပြန့်သည့် အကြောင်းအရာများကို အသေးစိတ် ဖော်ပြထားပါသည်။

အကြံပြုချက်များတွင် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်၊ လူသားတိုင်း ဥပဒေ၏ ရှေ့မှောက်တွင် အခွင့်အရေးများနှင့် တန်းတူညီမှု ရရှိပိုင်ခွင့်၊ နိုင်ငံသား ဖြစ်မှု ဆိုင်ရာ အထောက်အထား စာရွက်စာတမ်း ကိစ္စရပ်၊ IDP ကိစ္စရပ်များနှင့် မွတ်ဆလင် လူဦးရေကို အချိုးမညီစွာ သက်ရောက်မှုရှိနေသည့် လွတ်လပ်စွာ သွားလာခွင့် စသည့် ကိစ္စရပ်များကို အလေးပေး ဖော်ပြထားပါသည်။

အပြီးသတ် အစီရင်ခံစာပါ အကြံပြုချက်များတွင် နယ်ပယ် (၅) ခုနှင့် သက်ဆိုင်သည့် အကြောင်းအရာများနှင့် ပတ်သက်သည့် အကြံပြုချက် အကျဉ်းချုပ်သည် ယခုသတင်းထုတ်ပြန်ချက်နှင့် အတူ ပူးတွဲဖော်ပြထားပါသည်။

အစီရင်ခံစာသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၆ ခုနစ်၊ စက်တင်ဘာလမှ စ၍ ကော်မရှင်မှ ပြုလုပ်ခဲ့သော အစည်းအဝေးများနှင့် တွေ့ဆုံဆွေးနွေးပွဲပေါင်း ၁၅၀ ကျော်၏ ရလဒ်ဖြစ်ပါသည်။ ကော်မရှင် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် တဝန်း ကျယ်ပြန့်စွာ သွားလာခဲ့ပြီး ရန်ကုန်၊ နေပြည်တော်၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဂျီနီဗာမြို့တို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

“ကော်မရှင်အနေနဲ့ ရိုးသားပြီး အပြုသဘောဆောင်သည့် အကြံပြုချက်များကို ပေးထားပြီး အဲဒီအကြံပြုချက် များကြောင့် ငြင်းခုံဆွေးနွေးရမှုများ ဖြစ်လာနိုင်တာကို သိရှိရပါတယ်” ဟု ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က ပြောကြားသည်။ “သို့သော်လည်း ကော်မရှင်က မျှော်မှန်းထားတဲ့ စိတ်ဓာတ်အတိုင်း ချမှတ် အကောင် အထည်ဖော်ခဲ့မယ် ဆိုရင် ကြားဖြတ်အစီရင်ခံစာက အကြံပြုချက်များအပါအဝင် ကျွန်တော်တို့ရဲ့ အကြံပြုချက်တွေဟာ ရခိုင်ပြည်နယ်မှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ တရားဥပဒေ စိုးမိုးမှုကို လေးစားမှုများ ရရှိလာမယ်လို့ ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ အကြမ်းဖက်မှုက ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေအတွက် ရေရှည်ဖြေရှင်းပေးနိုင်တဲ့ အဖြေကို ပေးနိုင်မှာ မဟုတ်ပါ”

ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို တင်သွင်းခြင်းနှင့်အတူ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ သက်တမ်းမှာလည်း ပြီးဆုံးပြီ ဖြစ်သည်။ သို့သော်လည်း ကော်မရှင်၏ အစီရင်ခံစာတွင် အကြံပြုချက်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးကို သေချာစေမည့် အမျိုးသား ယန္တယားတစ်ခု ဖွဲ့စည်းသင့်ကြောင်း အကြံပြုထားပါသည်။

“ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်များကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် မူဝါဒများကို ညှိနှိုင်း ပေါင်းစပ်ပေးသည့် တာဝန်တစ်ခုတည်းကိုသာ ယူသည့် ဝန်ကြီးအဆင့် တာဝန်ခံတစ်ဦး ခန့်အပ်ရန် ကျွန်တော်တို့ အဆိုပြုထားပါတယ်။” ဟု ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က ပြောကြားသည်။ “ဝန်ကြီးအဆင့် ရှိသည့် တာဝန်ခံသည် လုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန် အတွက် လုံလောက်သည့် ဝန်ထမ်းအင်အားနဲ့ ဖွဲ့စည်းထားတဲ့ အမြဲတမ်း အထောက်အကူပြုအဖွဲ့ (Secretariat) မှ လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးရပါမယ်။ ထိုအထောက်အကူပြုအဖွဲ့သည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ရမည် ဖြစ်ပြီး ဗဟိုကော်မတီ၏ လုပ်ငန်းများကိုလည်း အထောက်အပံ့ပြုရပါမည်။”

အောက်ကနေစပြီးတော့ ကောင်းနိုးရာရာ ကောက်နုတ်ချက်နဲ့ မိမိစကားပြေဖြင့် ပြန်လည်ဖော်ပြချက် ဖြစ်ပါတယ်

အဓိကတွေ့ရှိချက်များနှင် အကြံပြုချက်ဆိုင်ရာ ခေါင်းစဉ်များမှာ …

  1. စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှု
  2. နိုင်ငံသားဖြစ်မှု ( ၁။ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်၊ ၂။ ၁၉ ၈၂ နီုင်ငံသားဥပဒေ)
  3. လွတ်လပ်စွာ သွားလာခွင့်
  4. IDP ကိစ္စရပ်များ
  5. လူသားချင်း စာနာထောက်ထားသည့် အကူအညီများပေးနိုင်မှု
  6. သတင်းယူခွင့်
  7. ပညာရေး
  8. မူးယစ်ဆေးဝါးများ
  9. နိုင်ငံရေးကဏ္ဍနှင့် လူ့အဖွဲ့အစည်းများတွင် ကိုယ်တိုင်ပါဝင်မှုနှင့် ကိုယ်စားပြုမှု
  10. လူ့အဖွဲ့အစည်းများအကြား ပေါင်းစည်းရေး
  11. လုံခြုံရေးကဏ္ဍ
  12. တရားမျှတမှု ရရှိရေး
  13. ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးရေး
  14. နယ်စပ်ဆိုင်ရာကိစ္စရပ်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်ဆံရေး
  15. ဒေသအတွင်းရှိ နိုင်ငံများနှင့် ဆက်ဆံရေး
  16. ကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော် ဆောင်ရွက်မှု

ခေါင်းစဉ်အလိုက် ကောက်နုတ်တင်ပြချက်
စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှု အကြံပြုချက်များမှ ကောက်နုတ်ချက်
(၁) ပြည်ထောင်စုနဲ့ ပြည်နယ်အကြား အရင်းအမြစ် ခွဲဝေခြင်း စဉ်းစားရန်

(၂) မြေယာလျော်ကြေးပေးခြင်းများ သေချာဆောင်ရွက်ရန်

(၃) အထူးစီးပွားရေးဇုန်များ၏ ဒေသခံများအပေါ် ကောင်းကျိုး ဆိုးကျိုး ဆန်းစစ်မှု ၊ တာဝန်ယူမှုများ ဖော်ဆောင်ရန်

(၄) အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ခြင်း ပြင်ဆင်ခြင်း

(၅) အသက်မွေးဝမ်းကျောင်းသင်တန်းများတွင် အမျိုးသမီးများ ဦးစားပေးရန်

(၆) အခြေခံအဆောက်အအုံ ဖွံဖြိုးမှု အလေးထားရန်၊ မြောက်ဦးလေယာဉ်ကွင်း တည်ဆောက်ရေး ဖြစ်မြောက်အောင် ဆောင်ရွက်ရန်

(၇) လယ်ယာစိုက်ပျိုးရေး ခေတ်မီတိုးတက်အောင် ဆောင်ရွက်ရန်

(၈) အသေးစား၊ အလတ်စား၊ မိသားစီးပွားရေးလုပ်ငန်းများအပေါ် ကန့်သတ်မှုများ ပြန်လည် သုံးသပ်ရန်

(၉) စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေး အတားအဆီးများ လျော့ချပေးရန်

(၁၀) ဥတုရာသီ ပြောင်းလဲမှုနဲ့ အညီ အစိုးရက ပြုပြင်မှုများ ဆောင်ရွက်ရန်

နိုင်ငံသားဖြစ်မှု – နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် အကြံပြုချက်များမှ ကောက်နုတ်ချက်
(၁) ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ အညီ နိုင်ငံသားစိစစ်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်

(၂) လုပ်ငန်းကို တိကျရှင်းလင်းမှုနှင့် အချိန်ကာလသတ်မှတ်မှု ရှိရန်၊ လူထု လှုပ်ရှားမှုဖြင့် သိရှိအောင် လုပ်ရန်

(၃) နိုင်ငံသားဖြစ်ခွင့်မရသူများ၏ အခြေအနေကိုလည်း ရှင်းလင်းတင်ပြမှု လုပ်ပေးရန်

(၄) နိုင်ငံသားမဟုတ်သော်လည်း နေထိုင်ခွင့်ရှိရန် အခြေအနေများ စနစ်များ စီစဉ်ရန်

(၅) ပြည်သူတို့ ပူးပေါင်းဆောင်ရွက်အောင် အစိုးရက အားပေးရန်

(၆) တိုင်တန်းမှုများရှိပါက သီးခြားအစိုးရဌာနများကို တာဝန်ပေး၍ အရေးယူဆောင်ရွက်ရန်

နိုင်ငံသားဖြစ်မှု – ၁၉၈၂ နိုင်ငံသားဥပဒေ အကြံပြုချက်များမှ ကောက်နုတ်ချက်

(၁) ၁၉ ၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို ပြန်လည်သုံးသပ်ရန် အကြံပြုပါသည်

(၂) နိုင်ငံတကာစံနှုန်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗန်းရှင်း စသည့် မြန်မာပါဝင် လက်မှတ်ထိုးထားသည့် နိုင်ငံတကာစာချုပ်များနှင့် ချိန်ညှိရန်

(၃) နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်၍ အကောင်းဆုံးစံနှုန်းများ ရှာဖွေရန်

(၄) နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခြင်းကြောင့် နိုင်ငံမဲ့အဖြစ် ရောက်ရှိစေရန် မလုပ်သင့်ပါ

(၅) ထိုသို့ ဆုံးရှုံးခဲ့သူများအား ပြန်လည် လျောက်ထားခွင့်ပြုခြင်း

(၆) ကာလကြာရှည်စွာ နေထိုင်ခဲ့သူများ နိုင်ငံမဲ့ မဖြစ်စေရန်

(၇) နိုင်ငံသားဖြစ်မှုနဲ့ တိုင်းရင်းသား လူမျိုးစုဖြစ်မှု ဆက်နွယ်နေခြင်းကို ပြန်ဆန်းစစ်ရန်

(၈) နိုင်ငံသားဥပဒေ ပြန်လည်သုံးသပ်ခြင်းကို စီမံချက်တခုအဖြစ် ပြင်ဆင်ရန်

လွတ်လပ်စွာ သွားလာခွင့် အကြံပြုချက်များမှ ကောက်နုတ်ချက်
(၁) လူမျိုး ဘာသာ နိုင်ငံသားဖြစ်တည်မှု မခွဲခြားဘဲ လွတ်လပ်စွာ သွားလာခွင့်ရအောင် စီစဉ်ရန်

(၂) ပုံစံအမျိုးမျိုး ရှိနေသော ခရီးသွားလာခွင့်ကန့်သတ်ချက်များကို အစိုးရက စာရင်းပြုစုရန်၊ လမ်းညွှန်မြေပုံဆွဲပြီး လူထုကို စည်းရုံးဖို့ ချည်းကပ်ရန်

(၃) ခရီးသွားလာခွင့် ရရှိရေး လာဘ်ပေးမှု တရားမ၀င် ဆောင်ရွက်မှုတို့ကို အစိုးရက တည်ဆဲဥပဒေနဲ့ အရေးယူရန်

(၄) အဆိုပါအရေးကို တဖြေးဖြေးချင်း ပြုလုပ်ရန်

(၅) ရဲတပ်ဖွဲ့က ခရီးသွားလာရေးဆိုင်ရာ အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများကို တရားဥပဒေနဲ့အညီ အရေးယူရန်

(၆) ဒေသအလိုက် ကန့်သတ်ချုပ်ချယ်ထားသည့် စည်းမျဉ်းများ အမိန့်စာများကို ပြန်လည် ဆန်းစစ်ရန်

IDP ကိစ္စရပ်များ – အကြံပြုချက်များမှ ကောက်နှုတ်ချက်
(၁) IDP စခန်းများ ပိတ်သိမ်းနိုင်ရေး မဟာဗျူဟာ၊ အချိန်ဇယား၊ စီမံချက်များ ဆွဲရန်

(၂) ပြန်လည်နေရာချထားရေး နိုင်ငံတကာအကူအညီ နိုင်ငံတကာအဖွဲ့တို့နဲ့ နိုင်ငံတကာစံနှုန်းနဲ့ အညီ ဆောင်ရွက်ရန်

(၃) ကြားကာလအတွင် IDP စခန်းများအတွင်း ကောင်းစွာ နေထိုင်နိုင်ရေး ဆောင်ရွက်ရန်

လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးနိုင်မှု – အကြံပြုချက်များမှ ကောက်နုတ်ချက်

(၁) အစိုးရက နိုင်ငံတကာအကူအညီအဖွဲ့များကို ကူညီအားပေးရန်

(၂) အကူအညီများကို ပေးရာတွင် ဘေးကင်းရန် ဘက်မလိုက်ရန် အကာအကွယ်ပေးရန် စသည်တို့ ဆောင်ရွက်ရန်

(၃) အကူအညီပေး ၀န်ထမ်းများ ခရီးသွားလာမှုကို ရှင်းလင်းလွယ်ကူအောင် လုပ်ပေးရန်

(၄) နိုင်ငံတကာအဖွဲ့များက အစိုးရနှင့် နီးကပ်စွာ ဆက်ဆံရန်၊ တိုင်ပင်ဆွေးနွေး သတင်းပို့ခြင်း အမြဲ ဆောင်ရွက်ရန်

သတင်းယူခွင့် – အကြံပြုချက်များမှ ကောက်နုတ်ချက်
(၁) အကြမ်းဖက်ခံဒေသများသို့ ပြည်တွင်းပြည်ပ သတင်းထောက်များ သွားရောက်ခွင့် ဆောင်ရွက်ပေးရန်

(၂) အစိုးရကိုယ်တိုင်ကလည်း ရခိုင်အရေးကို ပြည်သူသို့ ရှင်းလင်းတင်ပြမှု ပိုမိုလုပ်ဆောင်ရန်

ပညာရေး – အကြံပြုချက်များမှ ကောက်နုတ်ချက်
(၁) လူမျိုး ဘာသာ နိုင်ငံသား မခွဲခြားဘဲ တူညီသော ပညာသင်ကြားခွင့် ရရန်

(၂) ပညာရေး တိုးမြှင့်အောင် စီမံကိန်းများ ဆောင်ရွက်ရန်

(၃) လူတိုင် မူလတန်းပညာသင်ခွင့်ရရန်၊ ပြည်နယ်တွင်း ကလေးများအားလုံး မြန်မာဘာသာစကား သင်ကြားခွင့် ရှိရန်

(၄) အဆင်းရဲဆုံးသော မိသားစုများ ပညာသင်ကြားနိုင်ရေး ထောက်ပံ့ကူညီရန်

(၅) မူလတန်းလွန် ပညာသင်ခွင့်ရအောင် ထောက်ပံ့ ဆောင်ရွက်ရန်

ကျန်းမာရေး – အကြံပြုချက်များမှ ကောက်နုတ်ချက်
(၁) လူမျိုး ဘာသာ နိုင်ငံသား မခွဲခြားဘဲ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်ရန်

(၂) အစိုးရက ကျန်းမာရေးစောင့်ရှောက်မှုများ တိုးမြှင့် လုပ်ဆောင်ပေးရန်

(၃) အခြားဒေသနှင့် ပြည်ပမှာ လုပ်အားပေးများ ခေါ်ယူပေးရန်

(၄) အဟာရချို့တဲ့မှု ဖြေရှင်းရေး ပြည်နယ်စီမံချက် လုပ်ဆောင်ရန်

(၅) လူမျိုး ဘာသာ နိုင်ငံသား မခွဲခြားဘဲ ကာကွယ်ဆေးထိုးစီမံချက် လုပ်ရန်

(၆) ကျန်းမာရေးကဏ္ဍအတွင်း အကျင့်ပျက်မှု ခြစားမှုများ မတရားမှုများကို အရေးယူဆောင်ရွက်ရန်

(၇) ရွေ့လျားဆေးပေးခန်းများ တိုးမြှင့်ရန်

မူးယစ်ဆေးဝါးများ – အကြံပြုချက်များမှ ကောက်နုတ်ချက်
(၁) မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နည်းလမ်းချမှတ်ရန်

(၂) မူးယစ်ဆေးသုံးစွဲသူများကို ပညာပေး ၀န်ဆောင်မှု တိုးမြှင့်ရန်

(၃) နယ်စပ်တလျောက် လုံခြုံရေးအဖွဲ့များ၏ အကျင့်ပျက်မှုများ တိုက်ဖျက်ရန်

(၄) မူးယစ်ရာဇာကြီများ အကြီးစားထုတ်လုပ်သူများကို ပိုမိုအာရုံထား နှိမ်နင်းရန်

နိုင်ငံရေးကဏ္ဍနှင့် လူ့အဖွဲ့အစည်းများတွင် ကိုယ်တိုင်ပါဝင်မှုနှင့် ကိုယ်စားပြုမှု
(၁) လူ့အဖွဲ့အစည်းအားလုံး၏ ကိုယ်စားပြုမှု တိုးမြှင့်လာရေး အားပေးရန်

(၂) လူနည်းစု လူမျိုးငယ်စုတို့ အစိုးရနှင့် ထွေအုပ်တို့တွင် တာဝန်ထမ်းဆောင်ခွင့် ပိုမိုရရှိရန်

(၃) အရပ်ဘက်အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ် အားပေးကူညီရန်

(၄) အစိုးရနဲ့ အရပ်ဘက်လူ့အဖွဲ့များ မြို့နယ်အဆင့် တွေ့ဆုံမှု လေးလတကြိမ် လွတ်လပ်စွာ ကျင်းပရန်။ အားလုံး ၀ိုင်းရံကြရန်။

(၅) သတင်းအချက်အလက်များ စီးဆင်းမှု၊ အကြံပြုချက်များ၊ ဖြည့်စွက်မှုများ အစိုးရ၊ ပြည်နယ်၊ ပြည်သူ အဆင့်တိုင်းမှာ ဖော်ထုတ်ရန်

(၆) ထွေအုပ် ဌာန အုပ်ချုပ်ရေးမှူးအဆင့်ဆင့်တွင် ဒေသခံတို့၏ တိုက်ရိုက်ရွေးချယ်ခွင့် ရအောင် ဆောင်ရွက်ရန်

(၇) ၂၀၁၇ ဖေဖော်ဝါရီလက နိုင်ငံတကာအဖွဲ့များက IDP ဆိုင်ရာ ပြင်ဆင်မှုများ တင်ပြထားသည်ကို အကောင်အထည် ဖော်ရန်

(၈) ရခိုင်ပြည်နယ်တွင်း လူဦးရေ၏ 0.1 % အထက် လူမျိုးငယ်များအတွက် တိုင်းရင်းသားဝန်ကြီးရာထူးများ သတ်မျွှ်ပေးရန်

(၉) အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်၊ အမျိုးသမီးရေးရာ ဌာနတခု ထူထောင်ရန်

လူ့အဖွဲ့အစည်းများအကြား ပေါင်းစည်းရေး – အကြံပြုချက်များမှ ကောက်နုတ်ချက်
(၁) လူ့အဖွဲ့အစည်းများအကြား စေ့စပ်ဆွေးနွေးခြင်း အဆင့်ဆင့် ကျင်းပရန်၊ အားလုံး ပါဝင်နိုင်ရန်

(၂) မြို့နယ်အုပ်ချုပ်ရေးမှူးများ အဓိကအခန်းကဏ္ဍမှ ဆောင်ရွက်ရန်၊ ရခိုင်နှင့် မွတ်ဆလင် အဖွဲ့အစည်း ခေါင်းဆောင်မျာအတွက် သင်တန်းများ အခွင့်အလမ်းများ ဖန်တီးရန်

(၃) ပြနလည်သင့်မြတ်ရေး အခြေအနေကောင်းများ ဖန်တီးပေးရန်

(၄) အမုန်းတရားပွားများမှုကို တားဆီးကာကွယ် အရေးယူရန်

(၅) အကြမ်းဖက်လုပ်ဆောင်မှုများကို သက်ဆိုင်ရာ ဘာသာရေး လှုမှုရေးအဖွဲ့ဝင်များက လူသိရှင်ကြား ရှုတ်ချကြရန်

လုံခြုံရေးကဏ္ဍ – အကြံပြုချက်များမှ ကောက်နုတ်ချက်
(၁) လုံခြုံရေးအဖွဲ့ဝင်များအား လူ့အခွင့်အရေးသင်တန်းများ ပေးခြင်း၊ အရပ်သားကာကွယ်ရေး လူထုပူးပေါင်းပါဝင်ရေးအတွက် သင်တန်းများပေးခြင်း ဆောင်ရွက်ရန်

(၂) လုံခြုံရေးတပ်ဖွဲ့များကို ကြီးကြပ်စောင့်ကြည်ခြင်း ဆောင်ရွက်ရန်

(၃) အမြဲ စောင့်ကြည့် စိစစ်မည့် အဖွဲ့အစည်းတရပ် ဖွဲ့စည်းရန်

(၄) လုံခြုံရေးတပ်ဖွဲ့များ၏ မတရားမှုများကို တိုင်ကြားနိုင်သည့် အဖွဲ့အစည်း ဖွဲ့စည်းရန်

(၅) ရဲတပ်ဖွဲ့အားလုံး ရဲချုပ် ဦးဆောင်မှုတွင် ထားရှိရန်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ရဲအဖွဲ့နှင့် ပေါင်းရန်

(၆) မွတ်ဆလင်ဒေသခံ ဒေသများတွင် ရဲတပ်ဖွဲ့ဝင်များကို ဘာသာစကားဆိုင်ရာ သင်တန်းပေးရန်

(၇) လူ့အခွင့်အရေး ချိုးဖောက်မှုများ စွပ်စွဲခံရပါက စုံစမ်းရေးကော်မရှင်ဖြင့် စစ်ဆေးရန်

တရားမျှတမှု ရရှိရေး – အကြံပြုချက်များမှ ကောက်နုတ်ချက်
(၁) တရားစီရင်ရေးကဏ္ဍရှိ ၀န်ထမ်းများကို ဘက်စုံအရည်အသွေးမြှင့်စေမည့် သင်တန်းများ ပေးရန်

(၂) အဆိုပါ ကိစ္စရပ်များအတွက်နှင့် လူထုစည်းရုံးရေးအတွက် တရားဥပဒေစိုးမိုးရေးဆိုင်ရာဌာန စစ်တွေတွင် ထူထောင်ရန်

(၃) ပြည်သူများကို အစိုးရအဆင့်ဆင့်၏ အုပ်ချုပ်ရေး၊ တိုင်ကြားရေး၊ ၀န်ဆောင်မှုများ သိရှိအောင် စီစဉ်ရန်

(၄) ဘက်လိုက်မှု အဂတိလိုက်စားမှုများကို အရေးယူဆောင်ရွက်ရန်

ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးမှု – အကြံပြုချက်များမှ ကောက်နုတ်ချက်
(၁) မြောက်ဦးအား ကမ္ဘာယဉ်ကျေးမှု အမွေအနှစ် သတ်မှတ်ခံနိုင်ရေး ဆောင်ရွက်ရန်

(၂) သမိုင်း၊ ဘာသာရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ စာရင်းပြုစု၍ ကာကွယ် ထိန်းသိမ်းရန်

နယ်စပ်ဆိုင်ရာ ကိစ္စရပ်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်ဆံရေး – အကြံပြုချက်များမှ ကောက်နုတ်ချက်
(၁) နှစ်နိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်ချက်များကို ပူးတွဲကော်မရှင်ဖွဲ့ပြီး ဆွေးနွေးရန်၊ အနည်းဆုံး ၄ လ တကြိမ် တွေ့ဆုံရန်၊

(၂) နိုင်ငံတကာစံနှုန်းများနဲ့အညီ ပူးတွဲစိစစ်ရေးများဖြင့် ဒုက္ခသည်များ မိမိသဘောနဲ့ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ရန်

(၃) ဒုက္ခသည်များ ပြန်လည်ရောက်ရှိလာရာတွင် လုံခြုံသည့် ပတ်ဝန်းကျင် ဖန်တီးပေးရန်

(၄) လုံခြုံရေးနှင့် နယ်စပ်ရေးရာ ပူးပေါင်းဆောင်ရွက်ရန်၊ သဘောတူစာချွန်လွှာများ ထုတ်ဖော်ရန်

(၅) ပူးတွဲ ကုန်သွယ်ရေးကော်မရှင်ဖြင့် တိုးတက်မှုများ အားပေးဆောင်ရွက်ရန်

ဒေသအတွင်းရှိ နိုင်ငံများနှင့် ဆက်ဆံရေး – အကြံပြုချက်များမှ ကောက်နုတ်ချက်
(၁) ရခိုင်အရေးကို အိမ်နီးချင်းများနှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းရေးအတွက် အထူးသံတမန် ဆက်လက်ထားရှိရန်

(၂) ဒေသတွင်း ဆွေးနွေးပွဲများတွင် ရခိုင်အရေး ပွင့်လင်းစွာ ဆွေးနွေးခြင်း အားပေးရန်

ကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော် ဆောင်ရွက်မှု – အကြံပြုချက်များမှ ကောက်နုတ်ချက်
(၁) ရခိုင်ပြည်နယ်နှင် ပတ်သက်သည့် မူဝါဒများ အကောင်အထည်ဖော်ရာတွင် တာဝန်ခံသည့် ၀န်ကြီးအဆင့် တဦး ထားရှိရန်၊ တနှစ် သက်တမ်း ထားရန်၊ လေးလတကြိမ် ပြည်သူသို့ အစီရင်ခံရန်

(၂) အထောက်အကူပြုရန် လုံလောက်သည့် ၀န်ထမ်းအင်အား ၀န်ကြီးအတွက် ထားရှိရန်၊ ဘက်ပေါင်းစုံ၏ ကိုယ်စားပြုမှု ရရှိရန်

(၃) ရခိုင်ပြည် လူ့အဖွဲ့အစည်းအားလုံးနှင့် တိုင်ပင်ညှိနှိုင်းမှုများ လုပ်နေရန်

(၄) လိုအပ်သည့် နည်းပညာနှင့် ရန်ပုံငွေ ရရှိစေရန်

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts