ဝတ္ထုတို

ညိုထက်ညို ● အထပ်နှစ်ဆယ် အိပ်မက်

ညိုထက်ညို ● အထပ်နှစ်ဆယ် အိပ်မက်

(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၁၇

အဲဒီနေ့ နေ့လယ်တချက်ခွဲကာနီးလောက်မှာ ဆူးလေဘုရားလမ်းနဲ့ ဗိုလ်ချုပ်လမ်းရဲ့ထောင့်က ဆာကူရာတာဝါကြီးရဲ့ အပေါ် ဆုံးထပ်ကို ကျွန်တော်တက်လာခဲ့တယ်…. အဲဒီဇာတ်လမ်းက လွန်ခဲ့တဲ့တပတ်လောက်က စခဲ့တယ်။

လွန်ခဲ့တဲ့တပတ်လောက်က လမ်းလေးဆယ်ထိပ်က ‘ပြည့်ဖြိုးကျော်’ မှာ ကျွန်တော် ထိုင်နေတုန်း အသိအိမ်ပွဲစားတယောက် မိတ်ဆက်ပေးတာနဲ့ ဒေါ်ရူဘီ နဲ့ စတွေ့တယ်….
ဒေါ်ရူဘီက ခြံပတ်ကားပွဲစားတဲ့ …
ခြံချည်း သီးသန့်ကိုင်တယ် ပြောတယ်…

ကျွန်တော် ဒေါ်ရူဘီ့ကိုကြည့်လိုက်တော့ ကျွန်တော် အရင်တွေ့ဖူးတဲ့ မြောက်မြားလှစွာသော အိမ်ပွဲစား အန်တီကြီးတွေရဲ့ ပုံစံအတိုင်း ကိုယ်အလေးချိန် အနည်းလေး ပေါင် ၁၆၀ လောက်တော့ရှိမယ် ခန့်မှန်းမိတယ်…။ အသက်ကတော့ ငါးဆယ် ကျော်ရော့မယ်…။

စကားပြောနေရင်းနဲ့ ဒေါ်ရူဘီ့ဆီက အင်းစိန်ဘက်မှာ သိန်းနှစ်သောင်းလောက်နဲ့အလုပ်ဖြစ်မယ့် ခြံကြီးတခြံရှိနေတယ်ဆိုတဲ့ စကား ထွက်လာတယ်…။
အဲဒီမှာပဲ ကျွန်တော့်ခေါင်းထဲကို ကျွန်တော့်ကို ပြီးခဲ့တဲ့သုံးလေးရက်လောက်က သူ့သူဌေးက ကွန်ဒိုဆောက်ဖို့ ကမာရွတ်၊ အင်းစိန်ဘက်မှာ ခြံလိုက်ရှာနေတယ်လို့ ပြောခဲ့တဲ့ကုမ္ပဏီကြီးတခုမှာ မန်နေဂျာလုပ်နေတဲ့ကိုလင်း ရောက်လာတယ်….
ကျွန်တော် ဒေါ်ရူဘီ့စကားကို စိတ်ဝင်စားသွားတယ်…
ဒါနဲ့ပဲ လက်ဖက်ရည်ဆိုင်ကထတော့ ကျွန်တော် ဒေါ်ရူဘီ့ကို ကားပေါ်တင်ခေါ်ပြီး အင်းစိန်ဘက်ကိုရောက်သွားတယ်….
အင်းစိန်လမ်းမကြီးကနေ လမ်းသွယ်ထဲကိုဝင်သွားတော့ လမ်းဆုံးကာနီး လောက်မှာ ဒေါ်ရူဘီ ပြောတဲ့ခြံကြီးကို တွေ့တယ်….
ခြံကြီးက ဧကဝက်လောက်တော့ရှိတယ်….

ခြံကြီးထဲကိုကြည့်လိုက်တော့ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ တောထနေတယ်….
အရင်တုန်းကတော့ နှစ်ထပ်တိုက်လေးတစ်လုံးရှိခဲ့တယ်လို့ ဒေါ်ရူဘီက ပြောတယ်….
ကျွန်တော်ခြံကြီးကိုလှည့်ပတ်ကြည့်ပြီး ပါလာတဲ့ဖုန်းနဲ့ ဓာတ်ပုံရိုက်ရတယ်….
ပြီးတော့ ဒေါ်ရူဘီ့ကို တာမွေဘက်မှာ ပြန်ချထားခဲ့ပြီး ကျွန်တော် အိမ်ကိုပြန်ခဲ့တယ်….
နောက်တရက်ကျတော့ ကျွန်တော် ကိုလင်းဆီလိုက်သွားပြီး ရိုက်လာခဲ့တဲ့ဓာတ်ပုံတွေပြရင်း အကျိုးအကြောင်း ပြောတယ်….
ကိုလင်းက သူ့သူဌေးကို ပြန်တင်ပြပေးတယ်….
နောက်နှစ်ရက်လောက်နေတော့ ကိုလင်းဆီကဖုန်းဝင်လာပြီး ခြံကြီးရဲ့ရာဇဝင်နဲ့ ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းတွေကို ဖြစ်နိုင်ရင်ကြည့်ချင်တယ်လို့ ပြောတယ်….

ဒါနဲ့ပဲ ကျွန်တော် ဒေါ်ရူဘီ့ဆီဖုန်းခေါ်လိုက်ပြီး ဒေါ်ရူဘီက အရောင်းဘက်က တိုက်ရိုက်ပွဲစားဟုတ်မဟုတ် နဲ့ ပိုင်ဆိုင်မှုအထောက်အထား တွေကို ပြနိုင်မပြနိုင် မေးလိုက်တယ်….
ဒေါ်ရူဘီက တိုက်ရိုက်ပါတဲ့….
ရှေ့နေလည်း ရှိပါတယ်တဲ့…
စာရွက်စာတမ်းတွေလည်း အဆင်သင့်ပါပဲတဲ့…
ဒါနဲ့ပဲ ဒေါ်ရူဘီ့ကို ရှေ့နေနဲ့တကွ စာရွက်စာတမ်းတွေပါယူပြီး သိန်းနှစ်သောင်းတန်တဲ့ကိစ္စကိုပြောရမယ့်နေရာမှာ လူလူသူသူလေးလည်း ဖြစ်သွားအောင်ဆိုတဲ့အတွေးနဲ့ လာမယ့်စနေနေ့ နေ့လယ်နှစ်နာရီမှာ ဆာကူရာတာဝါရဲ့ အပေါ်ဆုံးထပ်က Sky Bistro ကို လာခဲ့ပါလို့ ချိန်းလိုက်တယ်….
ပြီးတော့ စနေနေ့ နေ့လယ်တစ်ချက်ခွဲအတိမှာ ကျွန်တော်ဓာတ်လှေကား နဲ့ ဆာကူရာ တာဝါရဲ့ အထပ်နှစ်ဆယ်ကို တက်ခဲ့တယ်။
……………………………… ……………………………….. …………………………………..

ဓာတ်လှေကားက ထွက်ထွက်ချင်းပဲ Sky Bistro ရဲ့အဝင်ဝ ကော်ရစ်ဒါလေးထိပ်က အသင့်ရှိနေတဲ့ဧည့်ကြို ကောင်မလေးက ‘မင်္ဂလာပါရှင်’ ဆိုပြီး ကျွန်တော့်ကို နှုတ်ဆက်တယ်….
ကျွန်တော် ပြုံးပြီးခေါင်းညိတ်ပြရင်း Sky Bistro ထဲ ဝင်ခဲ့တယ်….
သြော်… အရင်ကတော့ သီရိပစ္စယာပဲ ….
အခုတော့ Sky Bistro ပေါ့လေ….
တွေးနေရင်းနဲ့ အထဲက waiter လေး ဖွင့်ပေးလိုက်တဲ့တံခါးကနေ Sky Bistro ထဲ ကျွန်တော်ဝင်လာခဲ့တယ်….
အထဲရောက်လို့ကြည့်လိုက်တော့ လူငယ်နှစ်ယောက်ထိုင်နေတဲ့ ဝိုင်းတဝိုင်းနဲ့ ဘဲကြီးတဗွေထိုင်နေတဲ့ဝိုင်းတဝိုင်းမှာပဲ လူရှိတယ်….
ဒါနဲ့ပဲ ကျွန်တော် အလယ်နားလောက်က လေးယောက်ဝိုင်းတဝိုင်းမှာ လူဝင်ပေါက်ဘက်ကိုမျက်နှာမူပြီး ဝင်ထိုင်လိုက်မိတယ်….
ပြီးတော့ အနားကိုရောက်လာတဲ့ waiter လေးကို ‘Cappuccino’ တခွက် မှာလိုက်တယ်….
ခဏနေတော့ရောက်လာတဲ့ Cappuccino ထဲကို raw sugar တထုပ်ဖောက်ထည့်ပြီး ကျွန်တော် တငုံသောက်လိုက်တယ်….

အပြင်ဘက်ကိုလှမ်းကြည့်လိုက်တော့ မိုးလေးအုံ့နေတယ်….
ဒီလိုတော့လည်း လောကကြီးက သာယာသားပဲ….
အရောင်းအဝယ်လေးများ ဖြစ်သွားရင် ပိုပြီးတောင်သာယာသွားဦးမယ်….
နာရီကို ကြည့်လိုက်တော့ တစ်နာရီလေးဆယ်ကျော်နေတာကို တွေ့တယ်….
အဲဒီမှာပဲ လူဝင်ပေါက်က လူသုံးယောက်ဝင်လာတယ်….
သုံးယောက်စလုံး ပုဆိုးတွေနဲ့ ….
ဝင်လာပြီး waiter ကလေးက ဘယ်မှာထိုင်မလဲလို့ မေးပေမယ့် ဘယ်မှာမှမထိုင်ဘဲ ဆိုင်ထဲမှာထိုင်နေတဲ့ ကျွန်တော်အပါအဝင် တခြားသူတွေကို စူးစမ်းသလို ကြည့်နေတယ်….
ပြီးတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့ပုံတွေနဲ့ ဟိုလိုလိုဒီလိုလို လုပ်နေတယ်….
အဲဒီမှာပဲ နောက်ထပ် လူတအုပ်ဝင်လာတယ်….
ဒီလူတအုပ်လုံးလည်း ပုဆိုးတွေနဲ့ပဲ….
ကျွန်တော် ရေကြည့်လိုက်တော့ လူငါးယောက် ဖြစ်နေတယ်….
ဒီလူငါးယောက်လည်း စောစောက လူသုံးယောက်လို စားပွဲထိုးလေးက ဘယ်မှာထိုင်မလဲမေးပေမယ့် ဘယ်မှာမှမထိုင်ဘဲ ဆိုင်ထဲမှာ ဟိုရှာသလို ဒီရှာသလိုလုပ်နေတယ်….
တချက်တချက် ကျွန်တော့်ဘက်လည်း လှမ်းကြည့်နေတယ်….
မမျှော်လင့်ဘဲ ဆိုင်ထဲမှာ ပုဆိုးတွေနဲ့ လူအုပ်ကြီးဖြစ်လာတာနဲ့ ကျွန်တော့်စိတ်ထဲ မသင်္ကာဖြစ်လာတယ်….
ဒီလူတွေက ဘာတွေပါလိမ့်….
အဲဒီမှာပဲ နောက်ထပ်လူသုံးယောက် စွပ်ခနဲ ဝင်လာပြန်တယ်….
စောစောကရှိပြီးသားလူအုပ်ကြီးနဲ့ ပေါင်းလိုက်တော့ Sky Bistro ထဲမှာလူတွေ မနည်းမနော ဖြစ်သွားတယ်….

ကျွန်တော်ကြည့်နေရင်းနဲ့ ဆားပုလင်းနှင်းမောင်နဲ့ အိုင်ပီအောင်သင်း လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း လူဆိုးတွေ လက်ဖက်ရည်ဆိုင်ထဲ တဖွဲဖွဲရောက်လာပြီး ဆားပုလင်းနှင်းမောင်တို့ကို ရန်ရှာဖို့လုပ်ကြတာကို သတိရလာတယ်….
အောင်မယ်… ဟိုလူတယောက် လက်ထဲမှာလည်း ကွမ်းထုပ်လေးနဲ့….
အောင်မယ်…. ဟိုလူတယောက် အိတ်ကပ်ထဲမှာ ဆေးပေါ့လိပ်နှစ်လိပ် ထည့်ထားတယ်….
အဲဒီမှာပဲ ခုနက လူတွေနဲ့ ဆိုက်တူဂိုက်တူ နောက်ထပ် ပုဆိုးမင်းသားနှစ်ယောက် ထပ်ဝင်လာပြန်တယ်….

ကျွန်တော်လှမ်းကြည့်လိုက်တော့ တချို့လူတွေက မယောင်မလည်နဲ့ Sky Bistro အပြင်ဘက်က ဟိုးအောက်ကို ဆီးမြင်ရတဲ့ ဝရံတာလေးမှာရပ်ပြီး အောက်ကိုငေးသလိုလိုနဲ့ အထဲကို ကြည့်ကြည့်နေကြတယ်….
ကျွန်တော်ကြည့်နေရင်းနဲ့ လိုက်ရေကြည့်တော့ လူအားလုံးပေါင်း ဆယ့်သုံးယောက်တောင် ရှိတယ်….
Sky Bistro က မန်နေဂျာအမျိုးသမီးအပါအဝင် waiter ကောင်လေးတွေလည်း Sky Bistro နဲ့ ဘယ်လိုမှ မစပ်ဟပ်တဲ့လူအုပ်ကြီးကို ကြည့်ပြီး အံ့သြနေကြပုံရတယ်….
ကျွန်တော်နာရီကို ကြည့်လိုက်တော့ နေ့လယ်နှစ်နာရီကို သုံးမိနစ်လောက် စွန်းနေတယ်….

အဲဒီမှာပဲ မျှော်နေတဲ့ကျော့ဆုံး ရောက်လာတယ်….

လူဝင်ပေါက်က ဒေါ်ရူဘီပိုက်ဆံအိတ်ကြီးနဲ့ ဖိုင်တဖိုင်ကို လက်ထဲမှာကိုင်ပြီး ကော့ကော့ကော့ကော့ နဲ့ ဝင်လာတယ်….
အဲဒီမှာပဲ ကျွန်တော်မျှော်လင့်မထားဘဲ နဲ့ ခုနကရောက်နေပြီးသား လူဆယ့်သုံးယောက်က ဒေါ်ရူဘီ့ကို ဝိုင်းနှုတ်ဆက်ကြတယ်….
အပြင်ဝရံတာ ထွက်ရပ်နေကြတဲ့လူတွေလည်း အထဲပြန်ဝင်လာကြတယ်….

ကျွန်တော် ပါးစပ်အဟောင်းသား နဲ့ အံ့သြနေတုန်း ဒေါ်ရူဘီကျွန်တော့်ကို မြင်သွားပြီး
‘ဟယ်… ကိုသားကြီး … ရောက်နေတာကြာပြီလား … ကားတွေ ပိတ်နေတာနဲ့လေ’
ဆိုပြီး နှုတ်ဆက်ပြော ပြောရင်း ကျွန်တော်ရှိတဲ့ ဝိုင်းကို လျှောက်လာတယ်….
ကျွန်တော် ဣနြေ္ဒပြန်ဆည်လိုက်ရင်း …

‘ဟာ…အစ်မ… လာ… ကျွန်တော် မကြာသေးပါဘူး… ထိုင်ပါခင်ဗျ’ လို့ မတ်တပ်ထရင်း ဖိတ်မန္တက ပြုလိုက်ရတယ်…။ ပြီး တော့ တဆက်တည်းရပ်နေတဲ့ waiter လေးကို

‘ညီလေးရေ… ကိုယ်တို့ ခုံဆက်မှ ရမယ်ထင်တယ်… လုပ်ပါဦး’ လို့ ပြောလိုက်ရတယ်…။

ပြီးတော့ ကျွန်တော် ဒေါ်ရူဘီ့အနားမှာရပ်ရင်း စားပွဲသုံးလုံးကို ဆက်ပေးနေတဲ့ waiter လေးကို စောင့်ရတယ်….။ စားပွဲတွေ ဆက်ပြီးသွားမှ ကျွန်တော်တို့အားလုံး ခုံတွေယူပြီး ထိုင်လိုက်ကြရတယ်…။  ကြည့်ပါဦး … အစည်းအဝေးကြီး ကျနေတာပဲ…။ စားပွဲထိပ်မှာထိုင်လိုက်ရင်းနဲ့ စောစောက လူအုပ်ကြီး နေသားတကျအဖြစ်ကို ကျွန်တော် အရင်စောင့်ရတယ်…။

သူတို့နေသားတကျ ဖြစ်သွားတော့မှ ဘာတွေသောက်ကြမလဲလို့ ကျွန်တော်အားလုံးကို မေးရတယ်…။ မေးနေရင်းနဲ့ စိတ် ထဲမှာ ကျွန်တော့်ပိုက်ဆံအိတ်ထဲ ငွေဘယ်လောက်လောက်ထည့်လာလဲလို့ ပြန်စဉ်းစားရသေးတယ်…။ တသိန်းပျော့ပျော့ လောက်တော့ ရှိမယ်ထင်တယ်…။

အဲဒီမှာပဲ ဒေါ်ရူဘီကတော့ ကော်ဖီပါပဲတဲ့ …။ ကျန်တဲ့သူတွေကတော့ ဘယ်လိုလုပ်ရမယ်မှန်းမသိဘဲ အူကြောင်ကြောင် ဖြစ် နေကြတယ်…။ ပြီးတော့ ‘ရတယ် အစ်ကို … ကျွန်တော်တို့ သောက်ပြီးပါပြီ’ ဆိုတဲ့အသံ တယောက်တပေါက် ထွက်လာ တယ်…။

‘ဟာ… မဟုတ်တာ… မှာကြပါဗျ… လုပ်ပါ’ လို့ ကျွန်တော်ဟန်လုပ်ပြောရင်း ကျွန်တော်နဲ့ အနီးဆုံးမှာထိုင်နေတဲ့ လက်ယာ တော်ရံ ကွမ်းစားကိုယ်တော်ကြီးကို မေးလိုက်တယ်…။ ကိုယ်တော်ကြီးဆီက ‘လက်ဖက်ရည်ပဲလုပ်ပါ’ ဆိုတဲ့ အသံထွက် လာတယ်…။

နောက် ကိုယ်တော်တယောက်ကို မေးတော့ ‘ရေနွေးကြမ်းပဲ လုပ်ပါ’ တဲ့ …။ အာ… Sky Bistro မှာ ရေနွေးကြမ်း ရမရ ကျွန်တော်မှမသိတာဘဲ…။ Green Tea တော့ ရမယ်ထင်တယ်…။

‘ဟာ…လုပ်ပါ အစ်ကို၊ ကော်ဖီပေါ့ဟုတ်လား… ဟိုအစ်ကိုတွေကော လုပ်ပါဦး’ လို့ ကျွန်တော်ထပ်ပြောတော့ ဟိုက ကော်ဖီ တခွက် ဒီက ကော်ဖီတခွက် ထွက်လာတယ်…။

အားလုံးပေါင်း ကော်ဖီငါးခွက်နဲ့ လစ်ပ်တန်တခွက် မှာရမယ်…။ ဘာအသံမှမထွက်တဲ့ ရေငုံကိုယ်တော်ကြီးတွေကိုတော့ ကျွန်တော်လည်း ဘာမှထပ်မမေးတော့ဘဲ လျစ်လျူရှုလိုက်တယ်…။

ပြီးတော့ ကော်ဖီသမားတွေကို ‘အစ်ကိုတို့ ဘာကော်ဖီသောက်ကြမလဲ… Cappuccino လား Latte လား Mocha လား’ လို့ ကျွန်တော် ထပ်မေးလိုက်တယ်…။ အဲဒီမှာ နောက်တခါ အီးအဲ ထပ်ဖြစ်ကြပြန်တယ်…။ ဒါနဲ့ ကျွန်တော်လည်း ‘Latte ပဲ ကောင်းပါတယ်နော်… ညီရေ… Latte ငါးခွက်၊ လစ်ပ်တန်တခွက်’ လို့ ကျွန်တော့်ဘေးမှာရပ်နေတဲ့ waiter လေးကို မှာ လိုက်တယ်…။ ပြီးတော့ ကျွန်တော့်ဘေးက လက်ဝဲတော်ရံမယ်တော်ကြီး ဒေါ်ရူဘီ့ဘက် လှည့်လိုက်တယ်…။

အလ္လာပသလ္လာပ ခဏပြောပြီး မှာထားတဲ့ကော်ဖီခွက်တွေ ရောက်လာတယ်…။ ဒေါ်ရူဘီ ကော်ဖီတငုံ ငုံအပြီးကို ကျွန်တော် စောင့်ပြီး

‘ရှေ့နေမပါလာဘူးလား အစ်မ၊ စာရွက်တွေကော ယူခဲ့တယ်မဟုတ်လား’ လို့ ဖိုင်ကိုကြည့်ရင်း မေးလိုက်တယ်…။ အန်တီ ကတော့ နိုးပါ တဲ့ …။

ကျွန်တော် တော်တော် စိတ်ဓာတ်ကျသွားတယ်…။ ဟိုးတနေ့က ပြောသလိုမဟုတ်ဘဲ ဒေါ်ရူဘီအရောင်းဘက်က တိုက် ရိုက်ပွဲစားမဟုတ်မှန်းလည်း ချက်ချင်းရိပ်မိသွားတယ်…။ ဒေါ်ရူဘီကတော့ ရှေ့နေနဲ့ ချိန်းမရလို့လိုလို ပြောနေတယ်…။

စကားတွေ တယောက်တပေါက်ပြောနေကြရင်း ထိုင်နေတဲ့ ဟိုရှောင်လင်သိုင်းသမား ဆယ့်သုံးယောက်ဆီက ကိုယ်စီကိုယ်ငှ ဒီခြံကြီးရဲ့ အရောင်းအဝယ်မှာ ဘယ်လိုသက်ဆိုင်ကြပါကြောင်း စကားတွေထွက်လာတယ်…။

အဲဒီတော့မှ ကိုယ့်အစုလေးနဲ့ကိုယ် သူတို့လည်းသက်ဆိုင်ပါကြောင်း အစုလိုက် ကျွန်တော့်ကို မျက်နှာလာပြကြတာမှန်း ကျွန်တော် ရိပ်မိလာတယ်…။ ကျွန်တော်စကားဆက်ပြောဖို့ အားအင်တွေကုန်ခန်းသွားလို့ ဘာမှမယ်မယ်ရရ မပြောဖြစ်တော့ ဘဲ waiter လေးကို ရေတဘူးထပ်မှာပြီး ရေပဲဖိသောက်နေမိတယ်…။ မိနစ်နှစ်ဆယ်လောက်နေတော့ ကျွန်တော် ပွဲကို ရုပ်လိုက်တယ်…။

‘အစ်မ… အဲဒါဆို နောက်တခါ ထပ်တွေ့တာပေါ့ …။ အဝယ်ဘက်ကတော့ ကျွန်တော်တယောက်တည်းပဲ…။ နောက်တ ယောက်တော့ ရှိတာပေါ့ …။ ဒါပေမဲ့ ကျွန်တော်နဲ့တူတူပဲ…. အစ်မ စာရွက်စာတမ်းတွေရရင် အကြောင်းကြားပေါ့နော်….။ ခု ကျွန်တော်လည်း နောက် appointment လေးတခုရှိသေးလို့ သွားလိုက်ဦးမယ်’ ဆိုပြီး ဒေါ်ရူဘီ့ကို နှုတ်ဆက်လိုက်တယ်…။ ပြီးတော့ waiter လေးကို ခေါ်ပြီး bill တောင်းလိုက်တယ်…။

ပြီးတော့ ပိုက်ဆံရှင်းပေးလိုက်ပြီး အပြင်ကိုထွက်ဖို့ ပြင်နေတဲ့ ဒေါ်ရူဘီတို့နဲ့အတူ ဆိုင်ပြင် ပြန်ထွက်လာခဲ့တယ်…။ ဓာတ် လှေကားရောက်လာတော့ ဒေါ်ရူဘီအပါအဝင် တခြား လူလေးငါးခြောက်ယောက်နဲ့ ကျွန်တော်အောက်ကို ပြန်ဆင်းလာ ခဲ့တယ်….။ ပြီးတော့ ဒေါ်ရူဘီကိုနှုတ်ဆက်ပြီး ကျွန်တော် ဗိုလ်ချုပ်လမ်းအတိုင်း ပန်းဆိုးတန်းဘက်ကို လမ်းလျှောက်ထွက်ခဲ့ တယ်…။

နောက်နှစ်ရက်လောက်အကြာ ဒေါ်ရူဘီဖုန်းထပ်ဆက်တော့ ကျွန်တော်အလိမ္မာသုံးပြီး ကျွန်တော့်ဘက်က အဝယ်က တခြားနေရာ တခုကို စိတ်ဝင်စားနေလို့ လောလောဆယ် ကျွန်တော့်ဘက်ကမလုပ်နိုင်တော့ကြောင်း ဒေါ်ရူဘီ့ကို ပြော လိုက်ရတယ်…။

သြော်… ရေမီးအစုံနဲ့ လေထီးခုန်ပြီး မြေကြီးပါတုန်မယ်မှတ်မိတာ လူမျိုးစုံနဲ့ အတူကြိုးခုန်ပြီး အပူမျိုးစုံနဲ့ ကျွန်တော် ကျန် ခဲ့တယ်….။

တခါ တခါ ကားနဲ့ ဖြတ်သွားဖြတ်လာ ဆူးလေနဲ့ ဗိုလ်ချုပ်ထောင့်မှာ မီးပွိုင့်မိရင်တော့ အဲဒီတုန်းကဖြစ်ခဲ့တာကို သတိတရနဲ့ ဆာကူရာတာဝါကြီးရဲ့ အပေါ်ဆုံးထပ်ကို မျှော်ကြည့်မိသေးတယ်…။

သြော်… မြေကြီးပေါ်မှာနေရတာပဲ ကောင်းပါတယ်…။
မြေကြီးပေါ်မှာနေရတာပဲ အန္တရာယ်ကင်းပါတယ် ။ ။

ညိုထက်ညို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts