Photo – Reuters |
ကိုသန်းလွင် – မြန်မာနိုင်ငံနှင့် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှု
(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၁၇
(၁)
လွန်ခဲ့သောအပါတ် စက်တင်ဘာလ ၁၇ ရက် တနင်္ဂနွေနေ့က မြန်မာ့ရင်းနှီးမြှပ်နှံမှုကော်မရှင်မှ ဦးအေးလွင် နှင့် အင်တာဗျူး ကို နားထောင်လိုက်ရပါသည်၊ မြန်မာနိုင်ငံတွင်းသို့ ၀င်လာသော ရင်းနှီးမြှပ်နှံမှုများမှာ သီလ၀ါဆိပ်ကမ်းအတွက် သန်း၂၀၀ အပါအ၀င်သန်း၃၉၀၀ ကျော်ရှိသွားပါပြီ၊ ထိုအထဲတွင်ကုန်ထုတ်လုပ်မှုက ၃၂%၊ အိုးအိမ်ခြံမြေက၂၄%၊ ၀န်ဆောင်မှုလုပ် ငန်းများက ၁၄%၊ မျှရှိသည်ဟုလည်း သိရပါသည်၊ အစိုးရတက်ခါစ ၆လအတွင်း ညွှန်ကြားရေးမှူးချုပ်၏ ပြောပြချက် အရ ဒေါ်လာတစ်သန်း သာရှိသေးသည်ဆိုသည်နှင့်စာသော် အားရစရာ ရှိပါသည်။
သို့ပါသော်လည်း ဖွံ့ဖြိုးစနိုင်ငံတခု မြန်မာနိုင်ငံ၏အကျယ်အ၀န်းပမာဏနှင့်စာသော် နိုင်ငံခြားမှ ရင်းနှီးမြှုတ်နှံမှု ဒေါ်လာသန်း ၄ ထောင်ဆိုသည်မှာ နည်းပါးသေးသည်၊ အင်တာဗျူးလုပ်သူကလည်း မြန်မာပြည်စီးပွားရေးမတိုးတက်ရခြင်းအကြောင်း ရင်းကိုသိလိုသည်၊ မည်သူမျှပြည့်စုံအောင် ပြောဆိုနိုင်လိမ့်မည်ဟု မထင်သော်လည်း ဦးအေးလွင်၏ ရှင်းပြချက်မှာ တထိုင် တည်း လက်တန်းပြောသွားသူအဖို့ ပြည့်စုံသည်ဟု ပြောရပါမည်။
သူက ရင်းနှီးမြှပ်နှံလာသူတယောက်အတွက် လိုအပ်ချက်ကို သတ်မှတ်ပြီး ဖြစ်ဖို့လိုသည်၊ သတ်မှတ်ပြီးလျင်လည်း ထို သတ်မှတ်ချက်အတိုင်း မပြောင်းလဲဘို့ လိုသည်ဟု ဆိုခဲ့ပါသည်၊ ထိုနည်းအတူဥပဒေများလည်းပြဌာန်းပြီး ဖြစ်ရမည်ဟု ဆိုသည်၊ ဟိုတယ် ဆောက်လိုသူတဦးကို အိမ်ရှေ့(၇)အိမ်၊ ဘေးက(၇)အိမ် လိုက်ပြီးလက်မှတ်ထိုးရခြင်း စသော ဥပဒေ များမှာ ခေတ်ကာလနှင့် မဆီလျော်တော့ကြောင်း၊ အဓိပ္ပါယ်ရှိသော ဥပဒေများဖြစ်ဖို့လိုကြောင်း ပြောသွားပါသည်။
သူကစီစစ်ရေး (Monitor) အဖွဲ့ကလေးများဖွဲ့၍ စောင့်ကြည့်ရန်လိုအပ်ကြောင်း ပြောသွားပါသည်၊ ထိုအဖွဲ့မှာ လုပ်ပိုင်ခွင့် အပြည့်အ၀ရှိသင့်ကြောင်း ထိုအဖွဲ့ကခွင့်ပြုလျင် ပြီးသင့်ကြောင်း ပြောသွားပါသည်။
(၂)
မော်တော်ကား ကုမ္ပဏီတစ်ခုရပ်တည်နိုင်ဘို့ဆိုလျင် အထောက်အပံ့ကုမ္ပဏီငယ်လေးများရှိရကြောင်း၊ ကားစက်ရုံတခု တည်းဖြင့်လိုအပ်သောပစ္စည်း အမျိုးတစ်ရာလုံးကို ဘယ်လိုမှ မထုတ်လုပ်နိုင်ကြောင်း၊ လိုအပ်သမျှပစ္စည်း အသေးအမွှား လေးများကိုထောက်ပံ့ပေးနိုင်မည့် ကုမ္မဏီအငယ်ကလေးများ ဖွံ့ဖြိုးဖို့လိုပုံကို ရှင်းပြသွားပါသည်။
မြန်မာပြည်၌ ပိုက်ဆံအမြတ်အစွန်းရရှိပြီး ကိုယ်ပိုင်လည်ပါတ်နေသော အသေးစား၊ အလတ်စား ကုမ္ပဏီများရှိရန် လိုအပ်ပါ သည်၊ ထိုကုမ္ပဏီအငယ်လေးများက ကုမ္ပဏီအကြီးကြီးကို ပံ့ပိုးပေးရပါမည်၊ ယနေ့မြန်မာပြည်မှာ ထိုကုမ္ပဏီငယ်လေးများ ပျောက်နေပြီး အကြီးများကလည်း ရပ်တည်နိုင်စွမ်း မရှိပါ။
ထိုကုမ္ပဏီငယ်ကလေးများကို အစိုးရ၏ ၀န်ထမ်းပေါင်းစုံက နည်းပေါင်းစုံနှင့် ရပ်တည်မှုခက်ခဲအောင် လုပ်နေကြပါသည်၊ လစာမလုံလောက်သောအစိုးရ ၀န်ထမ်းပေါင်းစုံက ဘေးပေါက်ဝင်ငွေရှိမှ စားရသော ၀န်ထမ်းများက နည်းမျိုးစုံဖြင့် ထို ကုမ္ပဏီငယ်ကလေးများတိုးပွားလာရေးကို ဟန့်တားနေကြပါသည်။
တနေ့ကဆိုင်ရှေ့က မီး (Box) နှင့် ကြော်ငြာပုံးကို စည်ပင်ဧရိယာနှင့် မလွတ်၍ ဖြုတ်ပေးပါဟု ပြောလာပါသည်၊ သူတောင်း သည့်ငွေကိုပေးတော့ ခဏတော့အဖြုတ်ပြရမည်ဖြစ်သွားပါသည်၊ ထိုဥပမာများမှာ ရေတွက်၍မကုန်နိုင်ပါ၊ ဤပြသနာလေး များကို ဖြေရှင်းရန်မှာ ငွေတောင်းသောဝန်ထမ်းကို ၀န်ထမ်းဟူ၍ဖြစ်လာပြီဆိုလျင် လစာငွေကို လုံလောက်အောင် ပေးဖို့ ဘဲဖြစ်ပါသည်။
မြန်မာပြည်တွင် ခရီးသွားကုမ္မဏီတစ်ခုဖြစ်ရန်အတွက် ရုံးခန်းကို လာကြည့်ပါသည်၊ လာကြည့်သူကို ခြေကြွခပေးရပါသည်၊ ကားအသွားအပြန်ကို စီစဉ်ပေးရပါသည်၊ ထိုသူတို့၏လက်ထဲမှာ ဆုံးဖြတ်ပိုင်ခွင့်ကို ထည့်ထားတော့ ခြစားမှုတွေဖြစ်ကုန်ပါ သည်၊ စင်ကာပူလိုနိုင်ငံတွင် ရုံးခန်းကို လာကြည့်သော ထုံးစံမရှိပါ၊
ခရီးသွားလုပ်ငန်း အလုပ်ဖြစ်သည်မဖြစ်သည် ကကိစ္စမရှိ၊ လိုင်စင်ကြေးက ၄ သိန်းပေးရပါသည်၊ လုပ်ငန်းကအမြတ်မရ ပါ ဘုးဆိုသော်လည်း အမြတ်ခွန်က အောက်ကြေး ၅ သိန်း၊ အမြတ်ခွန်အရာရှိကို ၁.၅ သိန်းပေးရပါသည်၊
အဓိကမှာ အမြတ်အစွန်းရရှိနေသော လုပ်ငန်းအငယ်စား၊ အလတ်စားကလေးများနှင့် ပြည့်နေပြီဆိုလျင် စီးပွားရေး အောင် မြင်ပြီဟု ဆိုနိုင်ပါသည်၊ အစိုးရ၏ ဗျူရိုကရေစီ ကြိုးနီစနစ်ကြီးမှာ နိုင်ငံခြားသားကို မဆိုထားနှင့်၊ မြန်မာပြည်၌ အရိုးစွဲ နေ အောင် အလုပ်လုပ်ဖူးသော ပုဂ္ဂိုလ်ကြီးများပင် ငြီးငြူကြရပါသည်၊ အခမ်းတခမ်းကို စတို လုပ်ချင်လျင် လျှပ်စစ်ဌာန၏ ခွင့်ပြု ချက်ယူရပါသည်၊ ဟိုတယ်တစ်ခုဆောက်နိုင်ဖို့ လိုအပ်ချက်များမှာ ရုံးပေါင်းစုံရပါသည်၊ ထိုရုံးတစ်ခုကို ၀င်တိုင်း ငွေကို လမ်းခင်းရပါသည်၊ တော်ရုံလူဆိုလျင် မျက်စေ့လည်လောက်ပါသည်။
ဤလိုအပ်ချက်အားလုံးကို နိုင်ငံခြားသားကို တနေရာတည်းတွင် အပြီးလုပ်ပေးနိုင်သည့် ၀န်ဆောင်မှု ပေးနိုင်ရပါမည်၊ ယိုးဒယားတွင် OSOS ဟုခေါ်သည်၊ One Stop, One Shop ဟုခေါ်သည်၊ စင်ကာပူတွင် EDB Economic Development Board က နိုင်ငံခြားသား၏ လိုအပ်ချက်ကို တနေရာထဲတွင် အပြီးလုပ်ပေးပါသည်။
တနေရာထဲတွင်အပြီးလုပ်နိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် အခွင့်အာဏာရှိဖို့လိုသည်၊ ထိုအာဏာကို တည် ဆောက်ရန်အတွက် လုပ်ရမည့်အလုပ်မှာ (Infra structure) နဲနဲနောနောမဟုတ်ပါ၊ မြေပိုင်ဆိုင်ခွင့်တစ်ခုတည်းကိုပင် အတော်လုပ်ယူရမည်၊ လျှပ်စစ်မီးရရှိရေး၊ ရေဆပ်ပလိုင်း၊ ရေဆိုးထွက်ပေါက် လမ်းပမ်းဆက်သွယ်ရေး စသည်ဖြင့် လိုအပ် ချက်များကို တနေရာတည်းမှ ဖြည့်ဆည်းပေးရန်ဖြစ်ပါသည်။
မြန်မာပြည်မှာ စရိတ်စက က ကြီးသေးသည်၊ မော်တော်ကားမောင်းရာလမ်းမှာ ဂိတ်တွေကရှိနေသေးသည်၊ အေရှားလမ်းမ ကြီးအဖြစ် ကားတွေ ဥဒဟိုပြေးနေဘို့ လိုဂိတ်များကို ဖယ်ရှားပစ်ဖို့လိုပါသည်၊ လိုင်စင်အဆင့်ဆင့်ရောင်း၊ ဂိတ်ကြေးတွေ ကောက်ခံ၊ နောက်ဆုံးထိုစရိတ်စကမှာ စားသုံးသူတို့ပင် ပြန်၍ခံကြရပါသည်။
တိုင်းနှင့်ပြည်နယ်တွေမှာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးခွဲတွေ ဖွင့်ပြီဆို၍ ခွင့်ပြုမိန့်ကို ဒေသအလိုက် ချပေးနိုင်ကြောင်း၊ ခွင့်ပြု မိန့်နှင့်အတူလုပ်ပိုင်ခွင့်ကိုပါ တပါတည်းချပေးနိုင်သည့် အခွင့်အာဏာများပေးထားသင့်ပါသည်၊ ဒေါ်လာ ၅ သန်းအောက် ပရောဂျက်များကို အောက်ခြေမှ အတည်ပြုပေးနိုင်မည်ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုကို ဇုံ (၁)၊ ဇုံ(၂)၊ ဇုံ(၃) ဟူ၍ ဒေသ၏ဖွံ့ဖြိုးမှု အခြေအနေကိုလိုက်၍ ဇုံသတ်မှတ်ထားကြောင်း သိရသည်၊ ဇုံ (၁) တွင် Tax Holiday ၇ နှစ်၊ ဇုံ (၂) တွင် ၅ နှစ် နှင့် ဇုံ (၃) တွင် ၃ နှစ်၊ သတ်မှတ်ထားကြောင်း ပြောပြသည်။
တိုင်းနှင့်ပြည်နယ်များအထိ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးများ ဖွဲ့စည်းခြင်းကို ကြိုဆိုပါသည်၊ ထို့အတူ ထိုရုံးများတွင် အလုပ် လုပ်ကြမည့်လူငယ်ကလေးများ (Young officer ) ကလေးများက ရင်းနှီးမြှုပ်နှံဖို့လာကြပါဟု ဖိတ်ခေါ်ရန် လိုအပ်ပါသည်၊ ယနေ့ကော်မရှင်မှာ ( Inward Looking ) ခေါ် လာသည့်ပုဂ္ဂိုလ်ကို လက်ခံစီစစ်ခြင်းဖြစ်သည်၊ တကယ်က ပြင်ပကမ္ဘာမှာ ရင်းနှီးမြှုပ်နှံနိုင်သူတွေ အများကြီးရှိသေးသည်၊ သူတို့ကို နှင့် ဖိတ်ခေါ်ရန် လိုအပ်သည်၊ (Outward looking)
ကိုယ်ကအပြင်ကိုထွက်ပြီးလာကြပါ၊ ရင်းနှီးမြှုပ်နှံလှည့်ပါဟု ဖိတ်ခေါ်ရန်အတွက် ထိုအရာရှိငယ် ကလေးများမှာ လုပ်ပိုင်ခွင့် အပြည့်ပေးထားရန်အရေးကြီးပါသည်၊ အထက်ကဖေါ်ပြခဲ့သည့် စက်ရုံတစ်ရုံဆောက်ရန် လိုအပ်သမျှကို ထိုအရာရှိများက ဖြေရှင်းပေးရပါမည်၊ ပြင်ပမှရင်းနှီးမြှုတ်နှံ ရန်လာရောက်သူအဖို့ လိုအပ်သမျှကို ထိုအရာရှိငယ် ကလေးများ ကဖြေရှင်းပေး ကြရပါမည်၊
ဦးအေးလွင်က စက်မှုဇုံများတွင် ဥပဒေမရှိသေးဘူးဟုဆိုသည်၊ တစ်ခုခုဖြစ်လျင် ဘယ်သူ့ကိုတိုင်ကြား၍ ဘယ်သူကအရေး ယူဖြေရှင်းမလဲဟု မေးခွန်းထုတ်သည်၊ ထိုအရာအားလုံးကို စောင့်ကြည့်၍ အဖြေထုတ်ပေးရမည့်သူမှာ ရင်းနှီးမြှုပ်နှံမှု ကော် မရှင် ပင်ဖြစ်သင့်သည်။
သူက “တံခါးဖွင့်လျင် ယင်ကောင်တွေဝင်လာမှာဘဲ “ဟု တရုတ်ခေါင်းဆောင် တိန်ရှောက်ပင်၏ စကားကိုအသုံးပြု၍ ရင်းနှီး မြှုပ်နှံမှုနှင့်အတူ အဖျက်အဆီးများဝင်ရောက်လာနိုင်ပုံကို ရှင်းပြသည်၊ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ နိုင်ငံအတွက် ကောင်းတာတွေရော၊ ဆိုးတာတွေရော ပါလာမှာသဘာဝပင်၊ အခုအခြေအနေက ၀င်လာသမျှကို လက်ခံရမယ့်အဆင့်မှာ ဘဲ ရှိပါသေးတယ်၊ တစ်ချိန် လုံလုံလောက်လောက်ဝင်လာမှ ကောင်းတာမကောင်းတာကိုလဲစီစစ်ဖို့လိုမည်၊ ဗမာစိတ်ဓါတ် က မိမိအကျိုးစီးပွားကို ကာကွယ်လိုသော အတွေးအခေါ်များက လွှမ်းမိုးနေသည်။
(၃)
ဦးအေးလွင်၏အင်တာဗျူးမှာကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြဘို့ လိုသည်၊ မြန်မာနိုင်ငံတွင်ဥပဒေအသစ်တြွေ့ပဌာန်းနေပါပြီ၊ ထိုဥပဒေများအသက်ဝင်လာရင်ကောင်းသွားမှာပါဟု အကောင်းမြင်သူတွေရှိသည်၊ တကယ်ကဥပဒေတွေ ကလဲထွက်ပါ၊ ပြင်ပ၀င်ငွေရှာလိုသော ၀န်ထမ်းများပြသနာကို မဖြေရှင်းဘဲ မြန်မာ့စီးပွားရေးမှာမတိုးတက်နိုင်ပါ၊ သူတို့ တတွေက တက် လာကြမည့် ကမ္ပဏီအငယ်စား လေးများ ကို မတက်လာနိုင်အောင်ဟန့်တားနေကြပါသည်၊
ကိုသန်းလွင်