သတင်းဆောင်းပါး နိုင်ငံတကာရေးရာ

ဇာနီကြီး – မလေးရှားအစိုးရ (၂၀၁၇) နဲ့ မြန်မာကို စွက်ဖက်မှု


ဇာနီကြီး – မလေးရှားအစိုးရ (၂၀၁၇) နဲ့ မြန်မာကို စွက်ဖက်မှု

(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၁၇

ရခိုင်-ဘင်္ဂလား အရေးအခင်းမှာ မြန်မာဘက်က တရုပ်၊ အိန္နိယ၊ ရုရှား တို့ရပ်တည်ပေးပြီး၊ ဘင်္ဂလားဒေ့ခ်ျဘက်က အာရပ် ၅၇နိုင်ငံနဲ့ အာရပ်ရင်းနှီးမြှတ်နှံမှုကို မှီခိုရတဲ့ အင်္ဂလိပ်၊ ပြင်သစ်တို့ဖြစ်ပါတယ်။ အရှေ့တောင်အာရှ အာဆီယံနိုင်ငံများမှာတော့ မွတ်ဆလင်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက ဘာမှမပြောဘူး။ စင်ကာပူကတော့ အကြမ်းဖက်သမားများ ထောင်ချောက်မရောက်ဖို့ သတိပေးတယ်။ အာဆီယံမှာ မြန်မာအစိုးရကို ပြင်းထန်စွာသတိပေးတဲ့ ၀န်ကြီးချုပ် နာဂျစ် နဲ့ မလေးရှားအစိုးရ အကြောင်း Aljazeera အာရပ်သတင်းဌာန ဆောင်းပါးကိုးကား ရေးလိုက်ပါတယ်။

ဒီဆောင်းပါးကတော့ အမေရိကန်အစိုးရက မလေးရှားပြည်သူပိုင်ငွေကို ပြန်ပေးဖို့ တောင်းဆိုချက်အကြောင်းဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ကတည်းက မလေးရှားဝန်ကြီးချုပ် (အကြီးအကဲ)၊ သူ့ရဲ့ ဆွဒ်ဇာလန်မှာရှိတဲ့ ကိုယ်ပိုင် ဘဏ်အကောင့်ထဲ ဒေါ်လာသန်း ၅၄၀ US$ 540 million, ကို အတိအကျဖော်ထုတ်နိုင်ခဲ့တယ်။ (ဒေါ်လာ ၁သန်းဟာ မြန်မာငွေ သိန်း၁သောင်း၃ထောင်ရှိပါတယ်)။ ဆော်ဒီအာရေးဗီးယားက လက်ဆောင်အဖြစ်ပေးလို့ လက်ခံရကြောင်း၊ အခု ပြန်ပေးလိုက်ပြီဖြစ်ကြောင်း၊ မိမိမှာအပြစ်မရှိကြောင်း ၀န်ကြီးချုပ်နာဂျစ်က ဖြေရှင်းတယ်။ ဖော်ထုတ်တဲ့ သတင်းဌာနက ပုဂ္ဂိုလ်တွေကို နိုင်ငံက နှင်ထုတ်တယ်။ ဖမ်းဆီးတယ်။ မကျေနပ်တဲ့ အစိုးရ၀န်ကြီးတွေကိုလဲ နှုတ်ထွက်စေတယ်၊ ရာထူးကရပ်ဆိုင်းတယ်။ အစိုးရအဖွဲ့ဝင် လူကြီးတွေကလည်း ငြိမ်နေပြီး၊ အတိုက်အခံပါတီကတော့ နာဂျစ် နှုတ်ထွက်ဖို့ အကြီးအကျယ် လှုံ့ဆော်နေပါတယ်။

နာဂျစ် ၀န်ကြီးချုပ် ဖြစ်လာတာနဲ့ သူအပေါင်းဖော်တွေက ရေနံ၊ဓါတ်ငွေ ကြွယ်ဝလှတဲ့ မလေးရှားရဲ့ နှစ်စဉ် ဂျီဒီပီရဲ့ ထက်ဝက်လောက်ရှိတဲ့ ရေနံဓါတ်ငွေ ၀င်ငွေတွေကို ကာကွယ်မဲ့ အဖွဲ့တစ်ခု 1MDB One Malaysia Development Board ကို လွှတ်တော်အတည်ပြုချက်နဲ့ တည်ထောင်ခဲ့ပါတယ်။ လွှတ်တော် အရေးပါတဲ့ ရာထူးများကိုလဲ နာဂျစ်ထောက်ခံသူများက ရယူထားပါတယ်။ မကြာပါဘူး။ ၃နှစ်ကျော်လာချိန် 1MDB မှာ မလေးရှားအစိုးရ ရင်းနှီးထည့်ဝင်ငွေ ကန်ဒေါ်လာ ၁၁ ဘီလျံ အထိရှိနေပြီး နောက်မကြာခင်မှာပဲ ၀န်ကြီးချုပ်ရဲ့ ဆွဒ်ဇာလန်နိုင်ငံ ဘဏ်အကောင့်တစ်ခုမှာ ဒေါ်လာအမြောက်အများ ၀င်နေကြောင်း ဖော်ထုတ်ခံရခြင်းဖြစ်ပါတယ်။

နာဂျစ်နဲ့အစိုးရအဖွဲ့ရဲ့ အားထုတ်မှုများ

အကြီးအကျယ် သိက္ခာကျသွားတဲ့ နာဂျစ်နဲ့အစိုးရအဖွဲ့က ဖြုတ်ထုတ်သတ်လုပ်ပြီး၊ အစိုးရနဲ့လွှတ်တော်မှာ မဲအများစုနဲ့ အာဏာကို ဆုပ်ကိုင်ထားနိုင်ပါတယ်။ အတိုက်အခံခေါင်းဆောင်ကတော့ မလေးရှားနိုင်ငံကို အနှစ်၂၀ကျော် ခေါင်းဆောင်ပြီး ထိပ်တန်းဖြစ်လာစေတဲ့ ၀န်ကြီးချုပ်ဟောင်း မဟာသီယာ နဲ့ မလေးအမျိုးသားဝါဒီသမား ဒုဝန်ကြီးချုပ်ဟောင်း အန်န၀ါ တို့ ပူးပေါင်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ နောက်နှစ် ရွေးကောက်ပွဲမှာ နာဂျစ်အစိုးရက ဘယ်လိုညစ်မလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။

အတိုက်အခံများက နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးအထိ တိုင်တန်း၊ လွှတ်တော်မှာလဲ အယုံကြည်မရှိ အဆိုတင်သွင်းဖို့ ကြိုးစားပေမဲ့ အောင်မြင်စွာ တားဆီး ကာကွယ်နိုင်ခဲ့ပါတယ်။

လူထုအုံကြွမှုတွေကို ကွာလာလမ်ပူမြို့အလယ်ခေါင်မှာ ၀န်ကြီးချုပ်ဟောင်း မဟာသီယာ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ကြတယ်။ မီဒီယာများကလည်း နည်းမျိုးစုံနဲ့ ဖော်ထုတ်ကြပေမဲ့ အစိုးရအဖွဲ့ကတော့ အောင်မြင်စွာ ကာကွယ်ထားပြီး၊ အစိုးရအယုံကြည်မရှိ အဆိုမတင်နိုင်အောင် တားဆီးနိုင်ပါတယ်။ အစိုးရအဖွဲ့ထဲက နာဂျစ်ကို သစ္စာမခံတော့တဲ့ ၀န်ကြီးများကိုလည်း နည်းမျိုးစုံနဲ့ ဖယ်ရှားခဲ့ပြီး ဖြစ်ပါတယ်။

အမေရိကန် နဲ့စင်ကာပူ အရေးယူမှု

ဒီ ကြီးမားတဲ့ အဂတိလိုက်စားမှုကြီးက လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေပေမဲ့ ၀န်ကြီးချုပ်နာဂျစ် နဲ့ အစိုးရအဖွဲ့က နည်းမျိုးစုံနဲ့ ကာကွယ်နေပါတယ်။

စင်ကာပူအစိုးရသတင်းစာများမှာ နာဂျစ်ပြသနာကို ရှုံ့ချရေးသားကြပါတယ်။ စင်ကာပူမှာ 1MDB နဲ့ ပတ်သက်ခဲ့တဲ့ ဘဏ်စာရင်း၊ ငွေစာရင်းအားလုံးကို ရှင်းလင်း၊ ကင်းရှင်းစေခဲ့ပါတယ်။

အမေရိကန်အစိုးရကတော့ ယခင် သမ္မတအိုဘားမား နဲ့ ယခုသမ္မတဒေါ်နယ်ထရန် တို့က အဂတိလိုက်စားမှု ဥပဒေ အပြောင်းလဲမရှိ၊ မလေးရှားဝန်ကြီးချုပ် နာဂျစ် နဲ့ အစိုးရအဖွဲ့ကို ရှုံ့ချပါတယ်။ အဂတိ ဘဏ်ငွေစာရင်းများကို ဖေါ်ထုတ်ပါတယ်။ အမေရိကန်တရားရေးဝန်ကြီးဌာန The US Department of Justice က ၀န်ကြီးချုပ် ဆွဒ်ဇာန် ဘဏ်အကောင့်ထဲ ၀င်လာတဲ့ပိုက်ဆံ တွေကို ထည့်ပေးတဲ့ ဒေါ်လာသန်း၅၄၀ အပါဝင် စုစုပေါင်း US$ 4.5 billion ကန်ဒေါ်လာ သန်းပေါင်း ၄၅၀၀ ကို ပြန်ပေးဖို့ တောင်းဆိုပါတယ်။ ၂၀၁၇ ဇွန်လမှာမှာ Aljazeera သတင်းဌာနက အမေရိကန်အစိုးရ ထုတ်ပြန်ချက်ကို ဖော်ပြထားပါတယ်။

အမေရိကန်အစိုးရက ဒီလောက်များတဲ့ နိုင်ငံငွေ၊ ပြည်သူပိုင်ငွေတွေကို အဂတိလိုက်စားခြင်းဟာ ရာဇ၀တ်မှု ဖြစ်ကြောင်း၊ နိုင်ငံတကာ ဥပဒေအရလဲ အရေးယူရမဲ့အကြောင်း ပြောပါတယ်။ အမေရိကန်နိုင်ငံကတော့ အဲဒီငွေကြေးအရေးအခင်း ပါဝင်တဲ့ အမေရိကန်ဘဏ်များကို အရေးယူနေပါတယ်။ သူကြွယ်ကြီးများကဲ့သို့ ငွေကြေးသုံးစွဲကြပုံများကိုလဲ အမေရိကန်အစိုးရက ဖော်ထုတ်တင်ပြရာမှာ နာဂျစ်ရဲ့ဇနီးသည် Najib’s wife, Rosmah Mansor, ၀ယ်ယူတဲ့ ကန်ဒေါ်လာ ၂၇.၃သန်း တန်ဖိုးရှိတဲ့ ၂၂ကာရက်၊ ပန်းရောင်စိန်ဘယက်ကြီး ကိုလဲ ထုတ်ဖော်တင်ပြခဲ့ပါတယ်။

နာဂျစ် မိသားစု ကမ္ဘာ့ သူဌေးရပ်ကွက်မှာ သုံးဖြုန်းကြပုံများကို ဖော်ထုတ်ရသမျှ ဒေါ်လာသန်းပေါင်း တစ်ထောင်ကျော် ရှိတယ်၊ တရားဝင်အတိအကျ ၀ယ်ယူမှုတွေကတော့ ဒေါ်လာသန်းပေါင်း ၄၀၅.၈ သန်း ရှိတယ်လို့ ဖော်ထုတ်ထားပါတယ်။ နယူးယောက်မြို့နဲ့ ဆန်ဖရန်စစ္စကိုမြို့တွေက အိမ်ကြီးများ၊ ဒေါ်လာ ၃၅သန်း တန်တဲ့ ဇိမ်ခံဂျက်လေယာဉ်ကြီး၊ ဒါဗင်ချီ၊ ဗန်ဂိုး စတဲ့ ကမ္ဘာကျော်ပန်းချီဆရာတို့ရဲ့ ပန်းချီကားကြီးများ စတဲ့ ၀ယ်ယူမှု အသေးစိတ်ကိုလည်း အမေရိကန်မီဒီယာများက ဖော်ထုတ်ထားပါတယ်။ အမေရိကန်အစိုးရက ဒါကြောင့် ရာဇ၀တ်မှုဖြစ်ကြောင်း၊ ဖော်ထုတ်ရမယ်ဖြစ်ကြောင်း မလေးရှားအစိုးရကို ကန့်သတ်တားမြစ်ခဲ့ပေမဲ့ အခုအချိန်ထိ နာဂျစ်အစိုးရကတော့ ခက်ခဲစွာ ရုန်းကန်နေတုန်းပါပဲ။

မြန်မာနိုင်ငံကို ရိုဟင်ဂျာပြသနာနဲ့ ဆန့်ကျင်ခြင်း

နာဂျစ် ရဲ့ နောက်ဆုံးကြိုးစားမှုကတော့ မြန်မာနိုင်ငံကို ဆန့်ကျင်ခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်တို့ကို ဘင်္ဂလားဒေခ်ျ နယ်စပ်မှာ မွတ်ဆလင်တွေကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ပါတယ် ဆိုပြီး တရားဝင်ကန့်ကွက်တယ်။ ၀န်ကြီးချုပ် နာဂျစ်ကိုယ်တိုင် မြန်မာကန့်ကွက်ခြင်း ဆန္ဒပြမှုတွေမှာ လာရောက်အားပေး၊ ပါဝင်တယ်။ ဒီနည်းလမ်းနဲ့ မွတ်ဆလင် ၆၅% အများစုဖြစ်တဲ့ မလေးရှား လူထုကို သိမ်းသွင်း၊ ထောက်ခံမှု ရအောင်လုပ်နေပါတယ်။

၂၀၁၈ ခုနှစ်မှာ ရွေးကောက်ပွဲ နာဂျစ်ပါတီ ရှုံးနိုမ့်သွားရင် ဖမ်းဆီးထိမ်းသိမ်းခံ (သို့မဟုတ်) နိုင်ငံက ထွက်ပြေးရမဲ့ အခြေအနေ ရှိနေတာကြောင့် ၀န်ကြီးချုပ် နာဂျစ်နဲ့ အပေါင်းဖော်များက မွတ်ဆလင်အများစု မလေးရှားပြည်သူလူထုထောက်ခံမှုကို နည်းမျိုးစုံနဲ့ ရယူရာမှာ ရခိုင်-ဘင်္ဂလား အရေးအခင်းကို အသုံးပြုနေပါတယ်။

နိဂုံး (နာဂျစ်အစိုးရ ၂၀၁၈ ရွေးကောက်ပွဲ)
ဒီအဖြစ်အပျက်ကို ကြည့်ပြီး အေးအေးဆေးဆေး နေချင်တဲ့ ပြည်သူလူထုကို အာဏာနဲ့ငွေ ယစ်မှုးသွားတဲ့ အစိုးရခေါင်းဆောင် နာဂျစ်နဲ့အဖွဲ့က ဒီမိုကရေစီကို တလွဲသုံးပြီး သူတို့ထိုင်ခုံမြဲအောင် လုပ်နေပါတယ်။ မလေးရှားနိုင်ငံရေးမှာ အရှေ့တောင်အာရှက ကမ္ဘောဒီယားလို အတိုက်အခံကို ထောင်ချတဲ့အထိ ၊ အာဖရိကနိုင်ငံများလို အတိုက်အခံကို ထောင်ချရုံမက၊ သတ်ဖြတ်တဲ့အထိ မလုပ်ဘူးလို့ ယူဆပါတယ်။ မိမိတို့လဲ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရအဖွဲ့နဲ့ ပြည်သူလူထု သီးခြားစီ ရှုမြင်ရပါတယ်။ အခု မလေးရှား နိုင်ငံရေးပြသနာ (အဂတိလိုက်စားမှု) မှာတော့ အစိုးရက ပြည်သူလူထု ဆန့်ကျင်နေပါပြီ။ အစိုးရက သူတို့ရထားတဲ့ နိုင်ငံတော်အာဏာ တလွဲသုံးပြီး နိုင်ငံတော်ငွေကြေး အမြောက်အများကို ကိုယ်ကျိုးသုံးစွဲမှုများဟာ အမေရိကန်အစိုးရ ပြောသလို ရာဇ၀တ်မှုတော့ ဖြစ်ပေမဲ့ တရားစွဲလို့မဖြစ်နိုင်ပါဘူး ၊ ဘာပဲဖြစ်ပစေ ၂၀၁၈ မလေးရှားရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့ပဲ မျှော်လင့်မိပါတယ်။

ဇာနီကြီး
၃၀.၉.၂၀၁၇
ကိုးကားဆောင်းပါး
http://www.aljazeera.com/…/moves-seize-540m-malaysia-1mdb-f…


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts