ကဗျာ

မြင့်အောင်သန့် ● အဲဒီခေတ်က လူတွေ

 မြင့်အောင်သန့် ● အဲဒီခေတ်က လူတွေ
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၇

အဲဒီခေတ်လူတွေက
တယောက်နဲ့တယောက်
မေတ္တာမျှဝေဖို့
အသည်းနှလုံး မရှိကြဘူး။

စွန့်စားခန်းတွေရဲ့
သွေးဆောင်မှုအောက်မှာ
နားဝင်ပီယံ ဖြစ်နေကြတယ်။

တနေ့
မုန်တိုင်းဝင်တယ်။

ညီအစ်ကို မသိတသိအချိန်မှာ
တောင်ကုန်းကို သိမ်းပိုက်လိုက်ပြီလို့
စကားလုံးတွေ မိုးပေါ်က ကျွံကျလာတယ်။

လူစိတ်ပျောက်နေတဲ့လူတွေက
လူမမယ်ကလေးပါမကျန်
ရက်ရက်စက်စက်
သတ်ပစ်လိုက်ကြတယ်။

ကိုယ်ပစ်လိုက်တဲ့သေနတ်ကျည်ဆန်ကို
လိုက်မကြည့်ဝံ့သူတွေက
ရီဝေဝေနဲ့
သေရည်ဆိုင်မှာကြွားလုံးထုတ်
စိန်ခေါ်နေကြတယ်။

အုံ့ပုန်းတွေကတော့
အခုထိ
ဆွံ့အနေတုန်း။

အဲဒီခေတ်လူတွေက
တယောက်နဲ့တယောက်
မေတ္တာမျှဝေဖို့
အသည်းနှလုံးမရှိကြဘူး။

မြင့်အောင်သန့်
(၂၀၁၇)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts