ရသဆောင်းပါးစုံ ခေတ်ပြိုင်အတွေ့အကြုံ

နေဝင်း (ဘဝတက္ကသိုလ်) ● ဘဝတက္ကသိုလ်အစ လမ်းဘေးက – အပိုင်း (၃) + (၄)

နေဝင်း (ဘဝတက္ကသိုလ်) ● ဘဝတက္ကသိုလ်အစ လမ်းဘေးက – အပိုင်း (၃) + (၄)
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၇

 

အပိုင်း (၃)
၃၅ လမ်းနှင့် ၃၆ လမ်းကြား ကုန်သည်လမ်းမကြီး ပေါ်မှာပလက်ဖောင်းပေါ် စာအုပ် စရောင်းခဲ့ပြီး အရင်းပြုတ်တဲ့အကြောင်း ကျွန်တော် ရေးခဲ့ ပြီးပါပြီ။ အဲဒီအချိန်မှာ ဘာဆက်လုပ်မလဲဆိုတာ ကျွန်တော် ဆုံးဖြတ်ရတော့မယ်။ အကျိုးမပေးတဲ့ဒီအလုပ်ကိုပဲ ဆက်လုပ်မလား၊ တခြားစီးပွားရေးတခုခုပြောင်းလုပ်ရရင် ကောင်းမလားပေါ့နော်။

မိဘကလည်း ဘွဲ့တခုရအောင်သင်ပေးပြီးမှ လမ်းဘေးဈေးရောင်းတာကို သိပ်အားမပေးချင်ပါ။ တားမရလို့သာ လွှတ်ထား တာပါ။ (ဒီမှာ တခုပြောရရင် အဲဒီအချိန် ၁၉၇၅ – ၇၆ လောက်က ဘွဲ့ရသူတွေမနည်းဘူးဆိုပေမဲ့ ခုလောက်တော့ မပေါများ သေးပါဘူး။)

ကျွန်တော်ကတော့ တခြားအလုပ်တွေမလုပ်ချင်လို့ စွန့်လွှတ်ပြီးမှ၊ ဒီလောကကို ဖြစ်တဲ့နည်းနှင့်ဝင်မယ်လို့ဆုံးဖြတ်ပြီးမှ နောက်ပြန်မဆုတ်ချင်တော့ဘူး။

ဒါနှင့် အဲဒီအချိန်မှာ စာအုပ်အငှားဆိုင်လေးဖွင့်ရရင်ကောင်းမှာပဲလို့ အတွေးပေါက်မိပါတယ်။

သူငယ်ချင်းတယောက်ရဲ့အစ်မတွေဦးစီးပြီးဖွင့်နေတဲ့ ၃၆ လမ်းက ပန်းအိစာပေအငှားဆိုင်ကိုလည်း မကြာခဏ ရောက်နေကျ ဆိုတော့ အငှားဆိုင်လုပ်ငန်းကလည်း ကျွန်တော်နှင့်မစိမ်းလှပါဘူး။

ဒါနှင့် အစ်ကိုအကြီးဆုံး မိသားစုနေကြတဲ့ ၃၇ လမ်း၊ အိမ်နံပါတ် ၁၃၄ မှာ စာအုပ်အငှားဆိုင်လေး စတင်ဖွင့်ခဲ့ပြန်ပါတယ်။ မရီးဖြစ်သူက အိမ်တခြမ်းမှာ အင်္ကျီချုပ်ဆိုင်ဖွင့်၊ ကျန်တဲ့ဘက်ခြမ်းမှာ ကျွန်တော်က စာအုပ်စင်တွေနှင့်ကန့်ပြီးစာအုပ် အငှား ဆိုင်လေး နှစ်တော်တော် ကြာကြာ ဖွင့်ဖြစ်ခဲ့ပါတယ်။

ဒီစာအုပ် အငှားဆိုင်လေး စဖွင့်ကတည်းက ”ဘဝတက္ကသိုလ်” လို့ နာမည်ပေးခဲ့တာပါ။

ဒီနာမည်ကို ဘာကြောင့်ပေးခဲ့တာလဲ။
ဒီမေးခွန်းကိုလည်း ကျွန်တော်မကြာခဏ မေးမြန်းခံရပါတယ်။

”ဘဝတက္ကသိုလ်” ဆိုတဲ့ စကားလုံးကို ဆရာမြသန်းတင့်ရဲ့စာတွေထဲမှာ မကြာခဏ ဖတ်ရတတ်ပါတယ်။ ဆရာက ဘဝတက္က သိုလ်ကို သူ ထောင်ကျစဉ်ကာလကိုရည်ညွှန်းပြီး သုံးစွဲတတ်ပါတယ်။

ဥပမာ သူ ပြန်လွှတ်လာတဲ့အချိန်ကိုဘဝတက္ကသိုလ်က ပြန်လာပြီးနောက်လို့ ရေးတတ်ပါတယ်။ ဒီ ဘဝတက္ကသိုလ်ဆိုတဲ့ နာ မည်ကို စဖတ်ဖူးစဉ်ကတည်းကတစ်နေ့ စာအုပ်တိုက်ထောင်ဖြစ်ရင် ဒီနာမည်ပေးမယ်ဆိုပြီး ကျွန်တော့်စိတ်ထဲမှာ တေးထား ခဲ့တာပါ။

စာအုပ်အငှားဆိုင်လေး စဖွင့်တော့လည်း ဒီနာမည်ကိုပဲ သုံးဖြစ်ခဲ့ပါတယ်။ နာမည်ပေးဖို့စဉ်းစားတဲ့အခါမှာဘဝတက္ကသိုလ် ဆိုတဲ့နာမည်ဟာ လေးလည်း လေးနက်တယ်၊ အားလည်း ရှိတယ်၊ အဓိပ္ပာယ်လည်း ပြည့်ဝတယ်လို့ ခံစားရပါတယ်။ ကျွန် တော်က အများသူငါ စဉ်းစားကြသလို အညွန့်အဖူး နာမည်မျိုး၊ ဒေသစွဲ နာမည်မျိုး၊ အနုအလှ နာမည်မျိုး၊ ကိုယ့်နာမည် ကိုယ်ပေးတာမျိုးတွေကို မနှစ်သက်ပါဘူး။ (ကိုယ်မကြိုက်တာကိုသာ ပြောခြင်းပါ။ မပေးသင့်ဘူးလို့ဆိုလိုခြင်း မဟုတ်ပါ။)

နောက် ကျွန်တော့်အစွဲအလမ်းတခုက ဒီအလုပ်မှာ အောင်မြင်မှု အကြီးကြီးတွေရဖို့ထက် ဒီလောကမှာ ကြာရှည်တည်တံ့ဖို့၊ ရပ်တည်နိုင်ဖို့ ပိုလိုလားပါတယ်။
အလုပ်တောင် မစရသေးဘူး၊ ကြာရှည်ရပ်တည်နိုင်ဖို့ ဆိုတာလည်းစိတ်ကူးယဉ်နေတာပါလို့ ပြောရင်လည်း မမှားပါဘူး။
ဒီလိုခံနိုင်ရည်ရှိဖို့ကိုလည်း ဘဝတက္ကသိုလ်ဆိုတဲ့နာမည်က အမြဲအားပေးနေခဲ့တယ်လို့ ဆိုချင်မိပါတယ်။

အကြိမ်ကြိမ်အခါခါ ကျရှုံးပေမဲ့လည်း အောက်ဆုံးကနေ ကုန်းရုန်းပြီး ပြန်ထရတဲ့အချိန်တွေအကြောင်း ဆက်ရေးပါဦးမယ်။

ခုတခေါက်တော့ ဒီဘဝတက္ကသိုလ်ဆိုတဲ့ နာမည်ဘာကြောင့်ပေးခဲ့သလဲဆိုတာ မကြာခဏမေးမြန်းကြတဲ့ မိတ်ဆွေများ ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်မိကြောင်းပါ။ အားပေး ဖတ်ရှုတဲ့အတွက် ကျေးဇူးပါခင်ဗျာ။


အပိုင်း (၄)

ဘဝတက္ကသိုလ် ဆိုတဲ့ အငှားဆိုင်လေးဖွင်တဲ့ အချိန်က ၁၉၇၈ လောက်ရှိမယ် ထင်ရဲ့။ အဲဒီအချိန်က ရန်ကုန်မှာရော နယ်မှာ ပါ အငှားဆိုင်တွေ မှိုလိုပေါက်နေတဲ့အချိန်။ ကျွန်တော်ဖွင့်တဲ့အချိန်မှာ မြို့ထဲမှာ လမ်းတဘလောက်ကို တဆိုင်လောက်စီ ရှိကြတယ်။ သူ့ဆိုင်နှင့် သူ့ဖောက်သည်နှင့် အားလုံးစည်စည်ကားကား။

ကျွန်တော် ထင်တယ်၊ အဲဒီ အချိန်တဝိုက် ၁၉၈၀ နှစ်များလောက်အတွင်း  မြန်မာပြည်မှာ စာအဖတ်ဆုံး အချိန် လို့တောင် ဆိုရမလားပဲ။ ကျန်တဲ့အာရုံဝင်စားစရာအကြောင်းကလည်း နည်းသေးတာကိုး။

အဲဒီအချိန်က စာအုပ်ဆိုင်မှာ အငှားရဆုံးစာရေးဆရာတွေကို မှတ်မိသလောက်ပြောရရင် ….

ကလျာ၊ တင်တင်လတ်၊ ခိုင်ယဉ်မွန်၊ ခင်လေးမွန်၊ တက္ကသိုလ် တင်မြင့်၊ ခင်မာသစ်၊ ဝင်းမောင်ထွန်း၊ မင်းသိင်္ခ၊ သုမောင်၊ စိန်လွင်လေး၊ ခင်ခင်လေး၊ ခင်ဆွေလတ် စသည်… သိုင်းဝတ္ထုတွေထဲက မိုးကျော်သူ၊ တက္ကသိုလ်ဝင်းကြွယ်၊ တက္ကသိုလ် ဘုန်းကြွယ်၊ နေလင်းအောင် အစရှိသဖြင့်ပေါ့ဗျာ။

ဘာသာပြန်ထဲကဆို တက္ကသိုလ်နေဝင်း၊ ရဲဘော်ဝဏ္ဏ၊ အောင်ခင်စော စသည်ဖြင့်ပေါ့။

ကျွန်တော်မမှတ်မိတဲ့ စာရေးဆရာတွေလည်း အများကြီး ကျန်မှာပါ။ ဘာပဲဖြစ်ဖြစ် အပျော်ဖတ်ပဲဆိုဆို စာအုပ်တွေကို အ ငမ်းမရ အလုအယက်ဖတ်ကြတာတော့ အမှန်ပါပဲ။ ကာတွန်းတွေထဲကဆို သမိန်ပေါသွပ်၊ ပြာလောင်၊ ဘရုစကွီ၊ ငတက်ဖြား၊ ဦးရှံစား၊ ဦးကပ်စီး၊ အရမ်းငှားရ တဲ့ အချိန်ပေါ့။

ကာတွန်းနှင့် ပန်းချီနည်းနည်းရောစပ်ပြီးတော့ နန်းဦးတို့ မင်းသိုက်တို့ ဆွဲတာတွေ ရှိသလို ပန်းချီရုပ်ပြ သက်သက် မြိတ်ဝင်းထိန်တို့ ကိုကိုမောင်တို့လည်း ရှိကြပါတယ်။

တခြားလည်း အများကြီးပါဗျာ။ စိန်ရိုင်းတို့ မိုက်မိုက် ပြည်တို့။ ဒီလူတွေ ကုန်အောင်ပြောရရင် စာအုပ်တစ်အုပ်လောက် ရေးရ မယ်။ အငှားဆိုင် တခေတ်ပေါ့ဗျာ။

ကျွန်တော့်ဆိုင်အနေနှင့်ပြောရရင် တနေ့ကို လူ ၁၀၀ နှင့် ၁၅၀ ကြား၊ စနေ တနင်္ဂနွေဆို လူ ၂၀၀ လောက် ငှားရတယ်။ စာ အုပ်အရေအတွက်ဆို တစ်နေ့ သုံးလေးရာ၊ စဉ်းစားကြည့်လေ၊ လူတွေဘယ်လောက် စာဖတ်ကြတယ်ဆိုတာ။ မဂ္ဂဇင်းတွေက လည်း ရှိသေး။

စာအုပ်တမျိုးကို လူကြိုက်များတဲ့စာအုပ်ဆို လေးငါးအုပ် ဝယ်ရတယ်။ တချို့ဆိုင်တွေဆို ၁၀ အုပ် ၁၅ အုပ်တောင်ဝယ်ရတယ်လို့ ဆိုတယ်။

ငှားခကတော့ ဝတ္ထုတွေက ၅ ရာခိုင်နှုန်း၊ ဥပမာ ၁၀ တန်ဆို ငှားခက တရက် ငါးမူး၊ ကာတွန်းတွေက ၁၀ ရာခိုင်နှုန်း၊ ၅ ကျပ်တန်ဆို ငါးမူးပေါ့ဗျာ။

ကာတွန်းတွေကလည်း စုတ်လွယ်တယ်လေ။ ဆယ်ယောက်လောက်ဆို စုတ်ချင်နေပြီ။ စာအုပ်ဈေးကတော့ မှတ်မိသလောက် ပြောရရင် ၅ ကျပ် ၆ ကျပ်လောက်ပဲ ရှိသေးတယ်။ ပုံမှန်ဝတ္ထုတအုပ်ကိုပေါ့။

ခု ရေးရင်းပြန်စဉ်းစားမိသလောက် စောင်ရေအများကြီး ရောင်းရတိုင်းလည်း တင်မကျန်ခဲ့ဘူးဆိုတာ ထင်ရှားပါတယ်။
နောက်တခု အဲဒီအချိန်မှာ ဘာသာပြန်နှင့် အလေးအနက် စာပေတွေသိပ်ခေတ်မစားဘူး။

ဘာပဲပြောပြော စာအုပ်အငှားဆိုင်ဖွင့်လို့ ငွေရေးကြေးရေးလေး ပြေလည်စပြုလာတော့ ကျွန်တော့်ရဲ့ စာအုပ်ထုတ်ချင်တဲ့ပိုး လေးက ကြွလာပြန်ပါတယ်။

ဒါပေမဲ့ စာအုပ်တွေလည်း မထုတ်ရဲသေးတော့ ကာတွန်းဆရာတွေနှင့်ပေါင်းပြီး ကာတွန်းတွေ ထုတ်ဖြစ်ခဲ့ပြန်ပါတယ်။ ဘဝ တက္ကသိုလ်နာမည်နှင့် ပထမဆုံးထုတ်ဖြစ်ခဲ့တာ ပန်းချီသိန်းမြင့်သိန်းရဲ့ ရုပ်ပြစာအုပ်ပါ။ ပြန်ဖော်ပြချင်လို့ရှာတာ တစ်အုပ်မှ မတွေ့တော့ဘူးခင်ဗျ။ (သိတဲ့လူများ၊ ရှိတဲ့လူများ ဖြစ်နိုင်ရင်အဖုံးလေးဖြစ်ဖြစ် တင်ပေးပါခင်ဗျာ။)

နောက်ပိုင်း ကာတွန်းကျော်ဦး၊ ကာတွန်းမောင်မောင်လေး၊ ကာတွန်းတင်အောင်နီ၊ တခြား တခြား ကာတွန်းဆရာ ရုပ်ပြဆရာ တွေနှင့်လည်း ထုတ်ခဲ့ပါသေးတယ်။ ဒီလောကထဲ ဝင်လာခါစ မနူးမနပ်နှင့်ဆိုတော့ ကောင်းကောင်း ပညာပေးခံရတာ ပေါ့ခင်ဗျာ။

ငွေ ကြိုပေးဆိုလို့ ပေးလိုက်ရပေမဲ့ ကာတွန်း ရုပ်ပြဒီဇိုင်းက ဘယ်နေမှန်းမသိ၊ စာအုပ်ဖြစ်လာတော့ ထုတ်ဝေသူအသစ်ဆိုပြီး ဝိုင်းပညာပြကြတာတွေ….။ အင်း ရေးရမယ်ဆိုရင် တထောင့်တညပုံပြင်တွေက အဘခေါ်လောက်တယ်ခင်ဗျ။ ဒါကြောင့် လည်း ဆရာအထောက်တော်လှအောင်က စာပေချစ်တဲ့စိတ်နှင့်တော့  ဒီလောကထဲ ဝင်မလာနှင့်လို့ ပြောခဲ့တာပဲ ဖြစ်မှာပါ။

ဒါတွေက သိပ်မဟုတ်သေးဘူး၊ ဒါ့ထက် ဆိုးတာတွေ ရှိပါသေးတယ်။ နောက်တစ်ပုဒ်ကျမှ ဆက်ရေးပါဦးမယ်။ ကျေးဇူးပါ ခင်ဗျား။

မှတ်ချက်။
ဘဝတက္ကသိုလ် စာပေတိုက်တည်ထောင်ပိုင်ဆိုင်သူ ဆရာနေဝင်း (ဘဝတက္ကသိုလ်) ၏ စာပေခရီးလမ်း ဘဝမှတ်တမ်းတ စေ့တစောင်းကို ၎င်း၏ဖေ့ဘွတ်စာမျက်နှာတွင် အပိုင်းလိုက်တင်ဆက်လျက်ရှိရာ စာချစ်သူများ ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှု ခံစားနိုင်ရန်အတွက် ဆရာ့၏ခွင့်ပြုချက်ရယူကာ ယခု အပိုင်း (၃) နှင့်(၄) ကို တင်ဆက်လိုက်ပါသည်။

မိုးမခ


ဆက်စပ်ဖတ်ရှုရန် …
နေဝင်း (ဘဝတက္ကသိုလ်) ဘဝတက္ကသိုလ် အစ လမ်းဘေးက- အပိုင်း (၁) နှင့် (၂)
http://moemaka.com/archives/60501


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts