အီကြာအော်

Eikyar Aww – Stiare

အီကြာအော်၏ အီကြာအော် အမ်အာတီဗွီဖိုး (MRTV 4) နှင့် ဗျူးခြင်း
အီကြာအော်
အောက်တိုဘာ ၃၊ ၂၀၁၃


ရွှေရောင်လက်လက်ထနေသော အမ်အာတီဗွီဖိုး (MRTV 4)၏ ဖိတ်စာကို အီကြာအော်တစ်ယောက် လက်ထဲမှကိုင်၍ ရင်ကိုကော့ကာ တက်က်စီကားထဲမှ ဆိုက်ပေး၍ ထွက်တော်မူလိုက်သည်။ “ဆရာအီကြာအော်အား လေးစားစွာဖြင့် ဖိတ်ကြားပါသည်” ဆိုသော စာကြောင်းကို အကြိမ်ကြိမ်ဖတ်ကြည့်မိခဲ့သည်။
အီကြာအော်တစ်ယောက် ဖိတ်စာရမှ ကမန်းကတန်း အကြွေးဖြင့် သွားဝယ်ပြီးဝတ်ထားသော လည်ကတုံး၊ တိုက်ပုံအင်္ကျီနှင့် ပိုးတုပုဆိုးတို့မှာ ခေါက်ရိုးပင် မကြေသေး။ ကတ္တီပါဘိနပ်ကလည်း အသစ်ကြပ်ချွတ်မို့ ခိုးလိုးခုလု ဖြစ်နေသော်လည်း ပြုံး၍ ဟန်ဆောင်နေရသည်။ စိတ်ထဲတွင် အပြန် ကားခသက်သာအောင် ခြေလျှင်လျောက်ပြီး ပြန်ရရင်တော့ ဘိနပ်တော့ ပေါက်ပါပြီဟု တွေးနေမိသည်။ အဗျူးခံဖို့ သွားရမလို မသွားရမလို ချီတုံချတုံ ဖြစ်နေခဲ့သော အီကြာအော်ကို ဒါမျိုးဆိုတာ ချေးငှားပြီးတော့တောင် သွားသင့်တယ်ဟု ခက်သေးရွာသားတို့၏ အစွမ်းကုန် ကြွားချင်မှုဖြင့်  အားပေးသော ဇနီးသည် ဒေါ်အွန်မေးကိုလည်း မေတ္တာပို့သမိသည်။
“ဟေ့လူ….၊ဒီအပေါက်က ဗွီအိုင်ပီတွေအတွက်ပဲထားတာ” အပေါက်စောင့်သည့် စီကျူရတီငနဲက အီကြာအော်ကို အူကြောင်ကြောင်ဘဲနာကြီးဟုထင်ကာ ခပ်တည်တည်နှင့်ပြောသည်။ အရေးထဲ ဖိတ်စာကို မနည်းပြန်ရှာနေရသည်။ အခုလေးတင်ပဲ တိုက်ပုံအိပ်ကပ်ထဲကို ထည့်လိုက်သည်။ အိပ်ကပ်ပေါင်းစုံ လှန်လှောရှာပြီးမှ အတွင်းအိပ်ကပ်ထဲက ပြန်တွေ့သည်။
“ဒီမှာ ဖိတ်စာ” အီကြာအော်က အောင်နိုင်သူ အပြုံးဖြင့် ဖိတ်စာကို ထုတ်ပြလိုက်လေသည်။
ဒါတောင် ဒီလူက အီကြာအော်ကိုမယုံသလိုဖြင့် အထက်အောက် စကင်န်လုပ်ပြီး ကြည့်လိုက်သည်။ ပြီးမှ ဆောင့်ကြီးအောင့်ကြီးဖြင့် ၀င်ခွင့်ပေးလိုက်လေသည်။
ခန်းမဆီသို့အ၀င်တွင် ကတ္တီပါအနီရောင် ကော်ဇောခင်းထားသဖြင့် အီကြာအော်တစ်ယောက် ပေသွားမှာစိုးသောကြောင့် ဘေးကရှောင်ပြီး လျှောက်လျှင်ကောင်းမလား တွေးမိသော်လည်း သူများတွေကိုကြည့်ပြီး အားတင်း၍ ခေါင်မော့ကာ လမ်းဆက်လျှောက်လိုက်သည်။ တစ်ခါမှ မနင်းဘူးသောကြောင့် ဖွဖွကလေးလျှောက်မိသည်။
အီကြာအော် လမ်းလျှောက်ရင်း ဓာတ်ပုံများ တဖြတ်ဖြတ်ရိုက်သဖြင့် အီကြာအော်က ခေါင်းကိုမော့ကာ ဆိုက်ပေးလိုက်သည်။ “ဟေ့….ဘဲနာကြီး ဘာလို့ ကွယ်နေတာလည်း၊ ကြောင်တောင်တောင်နဲ့” ဟူသော မေတ္တာပို့သသံများ ကြားရသောအခါ သေချာကြည်တော့မှ သူ့နောက်က လမ်းလျှောက်ပြီး ကြွကြွရွရွ ၀င်လာသည့် မင်းသမီးဝတ်မှုံနေခြည်ကို တွေ့လိုက်ရသည်။“ သြော်…သမီးလေးက တယ်လန်းပါလား”ဟု စိတ်ထဲမှ မှတ်ချက်ချ၊ ငန်းကောင်းနေဆဲ မင်းသမီးနောက်မှ အတင်းလိုက်နေကြသော မိတ်အင်မြန်မာ ပါပါရာဇီတို့က သူ့ကိုအတင်းတိုးဝှေ့သွားကြပြီး ကတ္တီပါ ဘိနပ်ကို တက်နင်းသွားသည်။
“ဒီ……..မသားတွေ”ဟု စိတ်ထဲမှ မေတ္တာပို့သမိသည်။ ဤသို့ဖြင့် ထော့နဲ့ထော့နဲ့နှင့် အီကြာအော်တစ်ယောက် ဗျူးစင်ပေါ်ရောက်သွားလေတော့သည်။
ဗျူးသူတွေက အမျိုးသမီးတစ်ယောက်နှင့် အမျိုးသားတစ်ယောက်ဖြစ်သည်။ ဒါကပြသနာမရှိ။ မေးမည့်မေးခွန်းများကို ကြို၍ပေးထားသောကြောင့် အီကြာအော်တစ်ယောက် ဗျူးသူအတု တပည့်ကျော်ဖွတ်ကလေး အကူအညီဖြင့် မှန်ရှေ့တွင် အခေါက်ခေါက်အခါခါ လေ့ကျင့်ပြီးသား ဖြစ်သည်။ မှန်တောင် အသက်ရှိလျှင် တော်တော်စိတ်ညစ်သွားလောက်သည်။ အီကြာအော်ကြောက်သည်က ကိုကိုဂျာနယ်လစ်တို့ဖြစ်သည်။ ရင်ပတ်တွင် တစ်တစ်မီဒီယာဟု တံဆိပ်ကပ်ထားသောသူများကို တွေ့ရသည်။ အီကြာအော်က သူတို့ကို အသိဟန်ဆောင်၍ဖားပြီး ပြုံုးုပြလိုက်သည်။ အီကြာအော် တစ်တစ်ဂျာနယ်ပိုင်ရှင်အကြောင်းကို စာရေးဘူးသဖြင့် “ဒီကောင်တွေ သူတို့ဆရာကိုဖားပြီး ငါ့ကိုတွယ်ရင်တော့ သေပါပြီ”ဟု တွေးမိရင်း ခြေဖျားလက်ဖျားတွေအေးလာသည်။ တော်ပါသေးရဲ့  သူတို့တတွေက ၀တ်မှုံနေခြည်လေးကိုသာ အရေးစိုက်နေကြသည်။
ပထမဆုံးဗျူးခံရသူက ယုန်ကံဆေးရုံကြီးမှ ပါမောက္ခဌာနမှုး ဆြာဝန်ဂျီး ဦးမင်္ဂလာပုံဖြစ်သည်။ သူ့၏ဘွဲ့များမှာ ရှည်လွန်းသဖြင့် ဗျူးသူမမတောင် အသက်မနည်းရှုပြီး တော်တော်ရွတ်လိုက်ရသည်။ သူဘယ်လိုတော်ကြောင်း၊ တပဲ့များကို ဘယ်လိုစောင့်ရှောက်ကြောင်း၊ တိုင်းပြည်ကိုချစ်လွန်း၍ နိုင်ငံဂျားတွင်မနေပဲ အနစ်နာခံကာ သူ့ကိုအတင်းဆွဲထားသည့် အင်္ဂါလန်မှဆေးရုံကြီးများကို ခါချခဲ့ကြောင်း ရွှီးသည်မှာ အီကြာအော်တောင် တော်တော်အထင်ကြီးသလို ဖြစ်သွားသည်။ ပရိသတ်ထဲမှ သူ့တပည့်ကျော်ဆြာဝန်လေးများက “ဒါမှ..တို့ဆြာဂျီးကွ”ဟု လက်ကွင်းမှုတ်သူမှုတ်၊ “ဒါမှ..တို့အဘ”ဟုလက်သီးလက်မောင်းတန်းသူတန်းဖြင့် အားပေးကြသည်မှာ ဖွဘုတ်တွင် ဆြာဂျီး၏ စတေးတပ်စ်ကို လိုက်တစ်ထောင်ကျော်ရှိသည်ကဲ့သို့ပင်။ ဖွတ်ကလေးပြောပြထား၍ သိနေသော အီကြာအော်က တော်တော်လည်းလိုက်နိုင်ကြတဲ့ ဆြာဝန်လေးတွေပါလား။ အလုပ်မရှိကြရှာဘူးထင်တယ် ဟုယုံထင်ကြောင်ထင် ထင်မိသည်။ ဒီလိုမျိုး တပည့်တွေသာ ခေါ်လို့ရမှန်းသိရင် ဖွတ်ကလေးကိုခေါ်ခဲ့ပါတယ်ဟုလည်း တွေးမိလိုက်သည်။
ဒုတိယဗျူးခံရသူမှာ ခက်သေးလွှတ်တော်ဥက္ကဌဂျီး ဦးလေပန်း ဖြစ်လေ၏။ သူက လွှတ်ပြီးတော်သောကြောင့် လွှတ်တော်ဟုခေါ်ကြောင်း ယခုအခါ ခက်သေးရွာကြီး အဘက်ဘက်က တိုးတက်လာပြီး နောက်ထပ်လည်း တိုးတက်ရဖို့ရှိကြောင်း မစားရ ၀ခမန်း အပြောကောင်းသည်တွင် အီကြာအော်တောင် ဗိုက်ပြည့်သလိုလို ဖြစ်သွားသည်။ ဒါကြောင့်လည်း “အပြောကတော့ လေပန်း”ဟု ခက်သေးရွာသားများက တင်စားကြပုံရသည်။ အီကြာအော်ကတော့ တစ်သက်လုံး တိုးပြီးတက်ရသည့် ဘတ်စ်ကားများကိုသာ ပြေး၍မြင်သည်။ ဒီထက် တိုးတက်ရရင်တော့ဖြင့် သူလည်း ဓာတ်မြေသြဇာမထည့်ရပဲ မြန်မြန် ငါးပိဖြစ်လောက်သည်ဟု တွေးမိလိုက်သည်။ ပရိသတ်ထဲမှ သူ့တပည့် ခိုနီကလေးများက “ဒါမှ…တို့အဘကြီးကွ”ဟု လက်ခမောင်းခတ်ကြသည်။ ခက်သေးရွာကြီးတွင် လျှပ်စစ်မီးများပေါများလာသောကြောင့် နေပူတော် လူမနေရပ်ကွက်များတောင် မီးပေးနိုင်ကြောင်း ဦးလေပန်းက လွှတ်တော်ဆောင်ရွက်ချက်များကို ဆက်၍ကြွားလုံးထုတ်တော့သည်။ ထိုအခိုက်တွင် ခက်သေးရွာ၏ ပွဲလုပ်လျှင် မီးပျက်သည့်ထုံးစံအတိုင်း မီးရုတ်တရက် ပျက်သွားသောကြောင့် ဦးလေပန်းတစ်ယောက် လေလျှော့လိုက်ရသည်။ မေတ္တာပို့သသံများကြောင့် ဒီညယုန်ကန်လျှပ်စစ်ဌာနတာဝန်ခံတော့ သေပါပြီဟု သနားသွားမိသည်။
နောက်ဗျူးခံရသူမှာ နာမည်ကျော်မင်းသမီးလေး ၀န်မှုံနေခြည်ပင် ဖြစ်တော့သည်။ လက်ခုပ်သံများမှာ မစဲနိုင်အောင်ပင်။ အီကြာအော်တောင် ယောင်ရမ်းပြီးမတ်တပ်ရပ်ကာ လက်ခုပ်တီးမိသည်။ ဗျူးခံရဖို့ သူကိုယ်တိုင် စင်ပေါ်ရောက်နေသည်ကိုမေ့ပြီး အရပ်ထဲတွင် ဗွီဒီယိုရုံထဲက ဘောလုံးပွဲကြည့်သည်မှတ်ကာ အကျင့်များကပါသွားသည်။ မင်းသမီးကလက်အုပ်ကလေးချီ၍ ပရိတ်သတ်များကို မေတ္တာပို့သကြောင်း၊ အားပေးကြသည့်အတွက် ကျေးဇူးအထူးတင်ကြောင်း၊ နောက်ထွက်မည့်ဇာတ်ကားကို ဆက်လက်အားပေးကြဖို့ မေတ္တာရပ်ခံကြောင်း မေတ္တာခြင်း ထပ်နေချိန်တွင် အီကြာအော်လည်း သူပါ မေတ္တာဝင်ပေးချင်စိတ် ပေါက်သွားပြီး “ဒါနဲ့တင် ဒီပွဲကိုလာရတာ တန်သွားပြီ”ဟု တွေးမိသည်။
“အခု ဗျူးခံရမယ့်သူကတော့ ဆရာအီကြာအော်ပါပဲ” ဟု ဗျူးသူမမက ကြေညာလိုက်သောအခါ လက်ခုပ်သံ ကျဲတောက်တောက်ကို ကြားရသည်။ ဒါတောင် အားနာပါးနာနှင့် လက်ခုပ်တီးကြသည်ထင်သည်။ သနား၍တီးသူလည်း ပါလောက်သည်။ မေးသည့်မေးခွန်းများကို ဖွတ်ကလေးနှင့် ကြိုတင်လေ့ကျင့်ထားသည့်အတိုင်း ဘာမဆို ကြော်ငြာတောင် ကြက်တူရွေးတစ်ကောင်လို အလွတ်ကျက်သည့် ခက်သေးရွာသားပြီပြီ တတွတ်တွတ် ရွတ်ဖို့ပြင်တော့သည်။ ပရိတ်သတ်ထဲတွင်တော့ အီကြာအော်၏ ဗျူးခြင်းကို တ၀ါးဝါးနှင့် သန်းသူကသန်းကြသည်။ ထပြန်သူက ပြန်ကုန်ကြလေသည်။
ဗျူးအဆုံးတွင် ကိုကိုဂျာနယ်လစ်တို့အလှည့် ရောက်လာသည်။ အီကြာအော်ကြောက်သည့် တစ်တစ်သတင်းထောက်က အချွန်ဖြင့် ထောက်လေတော့သည်။
“ဆရာအီကြာအော်ဆိုတဲ့ နာမည်က ဘယ်လိုများ ရလာတာပါလည်း”
“အဟမ်း..အဟမ်း” ဟူ၍ အီကြာအော်က အရှိန်ယူလိုက်သည်။
“ဒီလိုပါ၊ အမေက စာရေးဆရာ “အီကြာကွေး”ရဲ့   ဖန် ဖြစ်ပြီး အဖေက ကာတွန်းဆရာ “အော်ပီကျယ်”ရဲ့  ဖန် ဆိုတော့ပေါင်းပြီး “အီကြာအော်ကျယ်” လို့စပေးတာပါ”
“သြော်….၊ ဒါကြောင့် ဆရာအော်က အော်ကျယ် အော်ကျယ်နဲ့ ဖြစ်နေတာကိုး”
အီကြာအော်က သူ့ကိုနှက်လိုက်သည်ကို မသိချင်ရောင်ဆောင်ပြီး“ဟုတ်ကဲ့..၊နောက်တော့ “ကျယ်” ပျောက်သွားပြီး ”အီကြာအော်” ဖြစ်လာတာပေါ့”
တစ်တစ်သတင်းထောက်က ထပ်ပြီး
“ဒါနဲ့…၊ဆရာအီကြာအော်ရဲ့  ဇာတ်ကောင် “အီကြာအော်”က ဆရာအီကြာအော်ပဲလား” ဆိုကာ မေးလိုက်သည်။
“တလောက စာရေးဆရာမင်းဒင်နဲ့ ဗျူးတော့ ဗျူးသူတွေက “မင်းဒင်၏ သက်ခိုင်” ၀ထ္ထုထဲက သက်ခိုင်ဆိုတာ ဆရာမင်းဒင်လားလို့ မေးကြတယ်”အီကြာအော်က စကားကြီးစကားကျယ်ဖြင့် နိဒါန်းချီလိုက်သည်။
ပရိသတ်က ဘာများဆိုင်လို့ အီကြာအော် ထကြောင်တာလည်းဟူသော အကြည့်ဖြင့် ကြည့်ကြသည်။
ဗျူးကိုကိုက အားနာပါးနာဖြင့် “အဲဒီတော့…” ဟူ၍စကားကြောင်းလိုက်သည်။
“ဆရာမင်းဒင်က “ဆာအာသာကိုနင်ဒွိုင်းဟာ ရှားလော့ဟုမ်းလား၊ ဆရာမင်းသိင်္ခဟာ ဆားပုလင်းနှင်းမောင်လား၊ မင်ဒင်ဟာ သက်ခိုင်လားဆိုတာ အတူတူပါပဲလို့ ပြန်ပြောလိုက်တယ်တဲ့” အီကြာအော်က ထုံးစံအတိုင်း ဆရာကြီးလေသံဖြင့် ပြောလိုက်သည်။နောက်ထပ် ဆက်၍ “ဒီလိုပဲပေါ့…၊အီကြာအော်ရဲ့  အီကြာအော်ဟာ အီကြာအော်လားလို့ပဲ ပြန်ပြောရတော့မှာပေါ့”
ပရိတ်သတ်ကြီးက ရုတ်တရက် ကြောင်သွားပြီးနောက် “ဟေ့….ဘဲနာကြီး၊ အီကြာအော် ဆိုမှတော့ အီကြာအော်မဟုတ်လို့ ဘာဖြစ်ရမှာလည်း၊ ဗျူးတာ မဖြေတတ်ပဲ ပေါက်ကရတွေ လာဖြေနေတယ်၊ စင်ပေါ်က ဆင်းသွားစမ်း”
ဤသို့ မေတ္တာပေးသံများ၊ဆဲသံများနှင့်အတူ ငှက်ပျောခွံများ၊ ဘိနပ်စုတ်များ၊ ခုံဘိနပ်များက ၀ဲပျံလာသောကြောင့် အီကြာအော်တစ်ယောက် ၀တ်မှုံနေခြည်ရှေ့မှ စားပွဲခုံအောက်သို့ ၀င်ပုန်းနေလေတော့သည်။
————————–
“ဆရာအော်….ဆရာအော်”
ဖွတ်ကလေး၏ အသံကြားရသဖြင့် အီကြာအော်တစ်ယောက် အိပ်နေရာမှနိုးလာပြီး မျက်စေ့တစ်ဘက်ကို ဖွင့်ကြည့်လိုက်သည်။ ပြီးမှ နေ့ခင်းကြောင်တောင် သူအိပ်မက်မက်နေသည်ကို သတိထားမိပြီး စိတ် သက်သာရာ ရသွားသည်။
“တော်ပါသေးရဲ့  ဖွတ်ကလေးရာ”
“ဘာတွေ တော်နေတာလည်း ဆရာအော်ရဲ့ ”
တိုအချိန်တွင် ယုန်ကန် ဂျိုကုပ်ဈေးဂျီးမှ ဈေးဝယ်ပြီး ပြန်လာသော ဒေါ်အွန်မေးတစ်ယောက် အိမ်ထဲသို့ ၀င်လာပြီး “ကိုအော်…၊ရှင်က ၀ိတ်ချမယ်လေး ဘာလေးနဲ့ ကျုပ် ဈေးဝယ်ထွက်သွားကတည်းက နေ့လည်စာစားပြီး တခေါခေါနဲ့ ဟောက်နေလိုက်တာ၊ ဒီလိုပုံနဲ့ ရှင့်ရဲ့ ဗိုက်ခေါက်တွေ ပိုပြီး ထူလာဖို့ပဲ ရှိတယ်” ဟုအားပေးလိုက်လေသည်။
ဘာပြောပြော အိပ်မက်ထဲကထက်စာရင်တော့ တော်သေးရဲ့ ဟုကြိတ်ပြုံးရင်း အီကြာအော်က “ကိစ္စမရှိပါဘူး အွန်အွန်ရာ” ဟုဖြေလိုက်သည်။ ပြီးလျှင် ရင်ဘတ်ပေါ်တွင် မှောက်ထားသော ဖတ်လက်စ ၀တ်မှုံနေခြည်၏ပုံမျက်နှာဖုံးနှင့် မော်ဒယ်မဂ္ဂဇင်းကို ဒေါ်အွန်မေး မမြင်အောင် ဖွက်၍ ထထိုင်လိုက်လေတော့သတည်း။ ။

သဗ္ဗေသတ္တာ ကမ္မသကာ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts