သူတို့အာဘော် မြင့်ကျော်

မြင့်ကျော် – သတင်းသမားတွေခံရတဲ့ ဖိအား


Illustration – Cartoon ATH

မြင့်ကျော် – သတင်းသမားတွေခံရတဲ့ ဖိအား

(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၇ဆိုရှယ်မီဒီယာခေတ်မှာ နိုင်ငံအုပ်ချုပ်သူတွေက တာဝန်ခံမှုရှိတဲ့ သတင်းဌာနတွေက ရေးသားမှုတွေထက် ဆိုရှယ်မီဒီယာပေါ်က ပြောဆိုတာတွေကို ပိုအလေးထားလာကြတာတွေက လူထုအသံကို နားထောင်တယ်ဆိုတဲ့ ကောင်းတဲ့အချက်ရှိသလို သတင်းမီဒီယာက ပြောတာထက် ဆိုရှယ်မီဒီယာက လှုံ့ဆော်တာက ပိုထိရောက်သလိုဖြစ်လာတာတွေက အနှုတ်လက္ခဏာပါ။

နယ်မြို့တွေမှာ ဆွေးနွေးပွဲတွေသွားတဲ့အခါ နယ်သတင်းထောက်တွေ ပြောကြတဲ့အချက်ထဲမှာ ကျွန်တော်တို့ ဂျာနယ်ကရေးရင် အစိုးရအဖွဲ့က အလေးမထားပေမယ့် ဆိုရှယ်မီဒီယာမှာ ပါရင် ချက်ခြင်း တုံ့ပြန်ဆောင်ရွက်ကြတယ်ဆိုတဲ့ အဖြစ်အပျက်တွေ မကွေးတိုင်း မွန်ပြည်နယ် ဆီက ကြားခဲ့ရတယ်၊ အလားတူပဲ ရှမ်းမြောက်က အစိုးရဌာနဆိုင်ရာအချို့က ပုံမှန်သတင်းစာစောင်တွေမှာ ဖေါ်ပြမှာထက် အဲဒီဒေသမှာ လူသိများတဲ့ ဆိုရှယ်မီဒီယာ ပေ့ခ်ျ က ဖေါ်ပြတာကို ပိုလိုလားတယ်လို့ သိရတယ်။
ပြောချင်တာက အစိုးရအဖွဲ့တွေ တာဝန်ရှိသူတွေက သမရိုးကျ သတင်းမီဒီယာထက် ဘယ်သူဘယ်ဝါမှန်း သေချာ မသဲကွဲတဲ့ ဆိုရှယ်မီဒီယာကို ပိုအလေးထားနေကြတာ နည်းလမ်းတော့ မမှန်ဘူးလို့မြင်ပါတယ်။
အလားတူပဲ တဖက်မှာ သတင်းသမားတွေ ဆိုရှယ်မီဒီယာ မတိုင်မီခေတ်က သတင်းရေးပုံနဲ့ အခုလက်ရှိသတင်းရေးပုံ ကွာခြားလာတာ မြင်တွေ့ရတယ်။
ဆိုရှယ်မီဒီယာ ခေတ်မတိုင်မီက သတင်းသမားအနေနဲ့ ကိုယ်လိုက်ပြီး ရတဲ့အချက်အလက်နဲ့ ကိုယ်စဉ်းစားထားတဲ့ သတင်းရှုထောင့်ကနေ တင်ပြကြတယ် ၊ ပတ်ဝန်းကျင်က ဘယ်လိုမြင်သလဲ ဒီကိစ္စအပေါ် ဘယ်လို ထင်သလဲဆိုတာ မတွေးပဲ ရေးခဲ့ကြတယ်။ အခုခေတ်မှာတော့ အဲလိုမဟုတ်ပဲ အဖြစ်အပျက်တခု ဖြစ်တာနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဒီကိစ္စကို ဘယ်လိုရေးကြတယ် ဘယ်လို မြင်ကြတယ်ဆိုတဲ့ အချက်က သတင်းသမားအပေါ်မှာ သြဇာသက်ရောက်ပြီး ကိုယ်ရတဲ့အချက်အလက်တွေထဲက ပရိတ်သတ်မကြိုက်ဘူး ထင်တာ၊ ဆန့်ကျင်မယ်ထင်တာတွေကို ချန်လှပ်ပြီး သတင်းရှုထောင့်ကိုလည်း ပရိသတ် နဲ့ တည့်တည့်မဆန့်ကျင်အောင် ညှိလိုက်ကြတော့တယ် ။
အဲဒီအဖြစ်က တကယ့်ပညာရှင် မပီသ (professional ) တဲ့သဘောသက်ရောက်ပါတယ် မီဒီယာက လူုထုကို လမ်းပြ ၊ ဦးဆောင်ရမှာထက် လူထု ရဲ့နောက်ကနေ လိုက်သလိုဖြစ်နေသလားလို့မြင်မိပါကြောင်း။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts