(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၇
၁။
မြို့လေးမှာ ဂေါက်ကွင်းသေးသေးတခုရှိတယ်။ အရင်ကာလတွေတုန်းက မြို့လေးမှာ တာဝန်ကျတဲ့ အကြီးအကဲတချို့နဲ့ မြို့လေးကိုကိုအုပ်ချုပ်ခဲ့တဲ့ အရာရှိ အရာခံလူကြီးတွေ အတွက် သီးသန့်အပန်းဖြေဖို့ ဖောက်လုပ်ပေးထားခဲ့တာလို့ပြောကြတယ်။ တချို့ပြောတာကလည်း တခါတုန်းက မြို့လေးကို ဂေါက်ရိုက်ဝါသနာအတော်ကြီးတဲ့ အရာရှိအသစ်တဦး ပြောင်းလာ ခဲ့ဖူး တယ်တဲ့။ သူက ဂေါက်မရိုက်ရရင်ကို မနေနိုင်တဲ့လူမျိုး၊ သူပြောင်းလာစအချိန် မြို့လေးမှာ ဂေါက်ကွင်းမရှိသေးဘူးတဲ့။ အဲဒီ မှာ သူကဂေါက်ရိုက်တဲ့အကျင့်ကို မလုပ်ရမနေနိုင်စွဲလမ်းလွန်းနေတဲ့အတွက် မြို့သူမြို့သားတွေဆီက မရမကအလှူခံပြီး မဖြစ်ဖြစ်အောင် ဖောက်ထားခဲ့တာလို့တော့ ဆိုကြတာပဲ။ တဆင့်စကားဆိုတော့ အတိအကျ ဟုတ်မဟုတ်တော့ မသိပါ ဘူး။ ကိုယ့်မြို့မှာ ဂေါက်ကွင်းတကွင်းရှိတော့ မြို့လည်းကျက်သရေရှိတာပေါ့ ဂုဏ်ရှိတာပေါ့ စသဖြင့် သူရှိနေတုန်းအချိန်မှာ ဂေါက်ကွင်းလေးတကွင်းတောင် သူအနေနဲ့မတည်ထားခဲ့နိုင်ရင် ဂုဏ်သရေညှိုးနွမ်းရချည်ရဲ့ဆိုတဲ့ ကြီးကျယ်တဲ့ အကြောင်း ပြချက်မျိုးတွေနဲ့တောင် ပြောခဲ့သေး သလားပဲ။ သူ့ဘေးကလူတွေ မတရားမြှောက်ပေးလို့ ဖောက်ဖြစ်သွားတာလည်းပါတာပေါ့လေ။ အဲဒီလူကြီးကြောင့်သာ မြို့လေးမှာ ဒီဂေါက်ကွင်းဖြစ်လာတာလို့တော့ အစဉ်အဆက် သိထားခဲ့ ကြတယ်။ ဘယ်လို အကြောင်းပြချက်နဲ့ပဲ ဖြစ်ဖြစ်ပါ။ မြို့လေးမှာ ဂေါက်ကွင်းသေးသေးတကွင်းတော့ ရှိလာခဲ့ပါတယ်။ မြို့လေးကလူတွေကတော့ ဂေါက်ကွင်းဖောက်တုန်းကလည်း သိပ်စိတ်မဝင်စားသလို ဂေါက်လာရိုက်ဖို့လည်း သိပ်စိတ်မပါခဲ့ကြပါဘူး။ အတင်းအကျပ်လုပ်ခဲ့လို့သာ ဖြစ်လာခဲ့ပုံရတာလေ။ ထားပါတော့။ အဲဒီလိုနဲ့ အဲဒီလူကြီး တနေရာကို အနားယူပြောင်းရွေ့ သွားတဲ့ အချိန်နောက်ပိုင်းကျတော့ မြို့လေးတိုးတက်လာသလား ဖွံ့ဖြိုးလာသလားတော့မသိဘူး၊ မြို့လေးမှာ ဂေါက်ကွင်းတကွင်း ထီးထီးကြီးအဖတ်တင်ကျန်နေခဲ့တယ်ဆိုတာပဲ ပြောစရာ ဖြစ်ကျန်ခဲ့တော့တယ်။ မြို့ကလူတွေအနေနဲ့လည်း ဂေါက်ကွင်းနဲ့ သိပ်နီးစပ်လှတာလည်း မဟုတ်လို့ မြို့မှာဂေါက်ကွင်းတကွင်းရှိသွားခဲ့တာကို ဘယ်သူမှလည်းဝမ်းသာဂုဏ်ယူဖြစ်မနေ ခဲ့ကြပါဘူး။ နောက်ထပ်ရောက်ရောက်လာကြတဲ့ အရာရှိတွေ လူကြီးဆိုတာတွေကသာ ဂေါက်ကွင်းကိုဆက်အသုံးပြုနေခဲ့ကြတာလေ။
မြို့လေးမှာကလည်း ဂေါက်ကွင်းဆိုလို့ ဒီတစကွင်းပဲ လောက်လောက်လားလား သွား စရာရှိတာမဟုတ်လား။ လာကစားလေ့ရှိတတ်တဲ့ လူကြီးဆိုသူတွေအနေနဲ့ ဘာပဲဖြစ်ဖြစ် စိတ်အာသာပြေရုံ အညောင်းပြေအသညာပြေတယ်ဆိုရုံ ရိုက်လို့ဖြစ်တယ်ဆိုရုံ ရိုက်နေကြတာပေါ့။ ဂေါက်ရိုက်ဝါသနာပါတဲ့ လူတွေကသာ တခြားဘာလုပ်စရာမှမရှိတဲ့အတိုင်း ဒီမရှိရှိတဲ့ဂေါက်ကွင်းကိုပဲ လာနေကြတာလေ။ ပြောချင်တာကတော့ တခြားမဟုတ်ဘူး။ မြို့လေးမှာရှိတဲ့ အဲဒီ ဂေါက်ကွင်းထဲ အခုတလော ဂေါက်သီးတွေပျောက်ပျောက်သွားတယ်ဆိုတာကို အဓိကပြောချင်တာပါ။ ဂေါက်ကွင်းကလည်း လေ့ကျင့်ဂေါက်ကွင်းသာသာလောက်သာ ရှိတယ်ဆိုတယ် ဂေါက်သီးတွေ ပျောက်နေတယ်တဲ့။ မြို့ကျဉ်းကျဉ်းလေး ဂေါက်ကွင်းသေးသေးလေးမှာတော့ ဂေါက်သီးတွေပျောက်တဲ့ကိစ္စဟာ အတော်စဉ်းစားရတော့ကျပ်စေတယ်။ ပြီးတော့ ဂေါက်ကွင်းက အရာရှိတွေနဲ့ သူတို့နဲ့ပနံသင့်တဲ့သူတွေ လာကစားဖို့အတွက်သာ သီးသန့်ဖောက်လုပ်ထားတာ လို့လည်း ပြောကြသေးတယ်မဟုတ်လား။
ဂေါက်ကွင်းက သိပ်အကျယ်ကြီးတော့မဟုတ်ပါဘူး။ သိပ်အကျယ်ကြီးမဟုတ်ဘူးဆိုတာကလည်း ဂေါက်ကွင်းလို့ဆိုလိုက်တာနဲ့ လူအများစုစိတ်မှာ ပြေးမြင်တတ်တဲ့ မြက်ခင်းကျယ်ကြီး တွေ ရေကန်တွေ တောင်ကုန်းလေးတွေနဲ့ ကျင်းတွေအများကြီးမရှိဘူးလို့သာ ဆိုလိုတာပါ။ အဝေးရိုက်ချက်တွေလေ့ကျင့်ရုံလောက် သုံးကျင်းလောက် ကစားဖို့တော့ရတယ်။ကစားလို့ရတယ် ဆိုရရုံပေါ့။ ဒါပေမဲ့ မြို့လေးကလူတွေထဲမှာတော့ အားလပ်ချိန်ဂေါက်သွားရိုက်နိုင်လောက်တဲ့လူမျိုးဆိုတာ ကလည်း ခပ်ရှားရှားရယ်။ ဒီလို ဂေါက်ရိုက်တယ်ဆိုတာကလည်း ငွေကြေးပြည့်စုံတဲ့သူတွေမှ လုပ်လေ့လုပ်ထရှိတဲ့ အား ကစားနည်းမဟုတ်လား။ ဂေါက်ရိုက်တယ်ဆိုတာ လူ့အဆင့်အတန်းတခုကိုဖော်ပြတယ်လို့ မှတ်ယူထားကြတာလည်းပါတာ ပေါ့။
ဂေါက်ရိုက်ဖို့အတွက် သပ်ရပ်တဲ့အဝတ်အစား ဂေါက်တံ ဂေါက်သီးဖိုးကအစ နည်းတာမှတ်လို့။ တော်ရုံလူက ငွေကြေးအမြောက်အမြားကုန်ကျပြီးမှ ချွေးထွက်မယ့်အားကစားနည်းကို ဘယ်လုပ်နိုင်ပါ့မလဲ။ ထားပါ။ ဂေါက်ရိုက်တာနဲ့ပတ်သက်လို့ ဒီလောက်ဗဟုသုတကတော့ အများစုသိကြပါတယ်။ ဒါပေမယ့်…
၂။
အဲဒီဂေါက်ကွင်းထဲမှာ ဂေါက်သီးတွေပျောက်ပျောက်နေခဲ့တာတော့ မြို့လေးကလူတွေ သိတာ တော်တော်လေးကြာနေပြီ။ ရိုက်နေကျလူတွေ စုံတယ်လို့ထင်ရတဲ့နေ့လိုမျိုး မိုးလေးစိုစိ စိုစိရွာတဲ့နေတွေဆိုရင် ပိုဆိုးသေးတယ်လို့တောင်ပြောကြတယ်။ ဗွတ်ပေါက်နေတတ်တဲ့ ရေစပ်စပ်မြက်ခင်းကြားထဲ ဂေါက်သီးတွေ ပျောက်ပျောက်သွားတတ်တယ်။ ကွင်းထဲကရိုက်ဖို့ထုတ်ထားပေးတဲ့ဂေါက်သီးတွေဟာ ပြန်သိမ်းချိန်ဆို အမြဲလျော့လျော့နေတတ်တယ်တဲ့။ ဒီတော့ အများစုသိထားတာက ဂေါက်ကွင်းမှာ ဝယ်ထားတဲ့ဂေါက်သီးတွေကလည်း မနည်းဘူးလို့လည်း ဆိုသေးတယ် ရိုက်လိုက်တဲ့ ဂေါက်သီးတွေက ပြန်ကောက်ချိန်ကျရင် အမြဲပျောက်ပျောက် နေ လေ့ရှိတာ ဘာကြောင့်လဲပေါ့။ ဘယ်လိုပျောက်ကုန်တာလဲ ဘယ်ရောက်သွားတာလဲဆိုတာ ဘယ်သူမှမသိကြဘူး။ အနီးအနားချောင်းစပ် မြောင်းစပ်အထိ လွဲချော်ကျနေရအောင်လည်းရိုက်ချက်တွေက အဲဒီလောက်ဝေးဝေးရောက်နိုင်စရာ ရိုက်ချက်တွေလည်းမဟုတ်ဘူး။ နောက်ပြီး ကွင်းအစပ်တွေမှာလည်း သံဇကာတွေ အမြင့်ကြီးတွေ ထောင်ထားကာထားသေးတာလေ။
ဒါကြောင့်လည်း ဂေါက်သီးတွေ ပျောက်နေတဲ့ကိစ္စကို မြို့လေးကလူတွေ အားလုံးကစိတ်ဝင်စားနေကြတာ။ ဘာကြောင့်မှန်းမသိ ပျောက်နေတဲ့ဂေါက်သီးတွေဟာ ဂေါက်ကွင်းအပြင်ကို ဘယ်လိုနည်းနဲ့ရောက်သွားတာလဲဆိုတာကို အားလုံးစဉ်းစားလို့မရကြဘူး ဖြစ်နေကြတာ။ ဒါပေမဲ့ ဂေါက်သီးတွေက ပျောက်တာကတော့ ပျောက်နေသေးတာပဲ။ ဘယ်လိုမှကို ပြန်ရှာလို့ မတွေ့သေးဘူး။ အဲဒီလို အမြဲလိုလို ပျောက်ပျောက်နေတော့ ပြန်ရှာတွေ့တာမတွေ့တာ အသာ ထားလိုက်ဦး ဂေါက်ကွင်းကြီးကြပ်သူတွေအနေနဲ့ ဂေါက်သီးအသစ်တွေကို ကွင်းထဲကရိုက်သူ တွေအတွက် ထပ်ဖြည့်ဖို့ ကြိုးစားရတော့တယ်။ ဂေါက်ကွင်းရန်ပုံငွေတွေ ဂေါက်ကွင်းအတွက် ထောက်ပံ့ထားတဲ့လူတွေ အခြားဂေါက်ကွင်းအတွက်ကူညီတတ်တဲ့အဖွဲ့တွေဆီက ဂေါက်သီး အသစ်တွေကို အလှူခံရတော့တယ်။ ကူညီတဲ့သူတွေကလည်း မညည်းမညူကူညီရှာတယ်။
ဂေါက်ကွင်းကိုအမြဲပံ့ပိုးပေးတတ်တဲ့ အဖွဲ့တွေဆီကလည်း အကူအညီတွေ ရခဲ့ကြပါတယ်။
ဒါကြောင့်လို့ပဲထင်တယ်။ ရက်ပိုင်းအတွင်းမှာ ဂေါက်ကွင်းထဲကို ဂေါက်သီးအသစ်တွေ ထပ်ရောက်လာတယ်။ တံဆိပ်မျိုးစုံ နေရာအစုံကနေ ရောက်လာနေတာ။ အားလုံး တစခါမှ အသုံးမပြုရသေးတဲ့ အသစ်ကျပ်ချွတ်တွေချည်းပဲ။ ဒါတောင်မှ ဂေါက်ကွင်းအုပ်ချုပ်သူတွေက လည်း လောဘတကြီးနိုင်နေသေးတာ။ ပျောက်သွားတဲ့ဂေါက်သီးတွေပြန်ရှာဖို့ လုံးဝမစဉ်းစားပဲ အသစ်တွေပဲ အမြဲထပ်ထပ်မှာနေကြတော့တယ်။ ဒီဘက်ရက်တွေမှာလည်း ဂေါက်ကွင်းထဲ ကို ဂေါက်သီးအသစ်တွေလာပို့တဲ့ကားတွေလည်း ခပ်စိပ်စိပ်တွေ့နေရတယ်။ အဲဒီလို ဂေါက်ကွင်းထဲမှာတော့ ဂေါက်သီးတွေလျော့သွားလိုက် ပြန်ပြည့်လာလိုက်နဲ့ဖြစ်နေတော့ ဂေါက်ရိုက်သူတွေလည်း ဂေါက်သီးတွေကိုပေါပေါလောလော သုံးပစ်လိုက်ကြတော့တာပေါ့။ ပျောက်သွား တဲ့ ဂေါက်သီးတွေအတွက် ဘယ်သူမှဝမ်းနည်းမနေကြသလို ပြန်ရှာဖို့လည်း ဘယ်သူမှ မကြိုး စားကြတော့ဘူး။ ဂေါက်သီးတွေ ပြန်တွေ့ဖို့ တယောက်မှ အားမထုတ်ကြတော့ဘူး။
အဲဒီလိုနဲ့ ဂေါက်သီးတွေပျောက်နေတယ်ဆိုတဲ့ကိစ္စကို အားလုံးက မေ့ထားလိုက်ကြတယ်။ တချို့ဆို တခါမှမရိုက်ရသေးတဲ့ဂေါက်သီးအသစ်မဟုတ်ရင်တောင်မှ မရိုက်ချင်ကြတော့ပဲ တစ်လုံးရိုက်လိုက် ဖျောက်ပစ်လိုက်လုပ်လာကြတယ်။ ဂေါက်သီးအဟောင်းနဲ့ရိုက်ရင် လက်ပျက်တယ်လို့ပါ မဆီမဆိုင်ပြောလာကြတယ်။
၃။
မြို့လေးထဲမှာတော့ ဂေါက်ကွင်းကဂေါက်သီးပျောက်ပျောက်နေတဲ့ကိစ္စက အသံ တော်တော် ထွက်နေပြီ။ မြို့လေးကလူတွေအားလုံးက ဂေါက်သီးပျောက်တဲ့ကိစ္စကို စိတ်ဝင်စားနေကြပြီ။ ဂေါက်ကွင်းနားရောက်တတ်တဲ့ ကလေးတွေပြောတာကတော့ ဂေါက်ကွင်းအပြင်ထိအောင်တော့ ဂေါက်သီးတွေ မရောက်လာတဲ့အကြောင်း ဂေါက်ကွင်းအစပ်တွေမှာတောင် တစ်လုံးတလေမှမတွေ့ဖူးတဲ့အကြောင်း ပြောကြတယ်။ အဲဒါကြောင့်လည်း ဂေါက်သီးတွေက ဘယ်ကိုရောက်သွားတာလဲ ဘာကြောင့်ပျောက်ပျောက်နေရတာလဲဆိုတာ မြို့လေးကလူတွေ အတွက် ပိုပြီးသိချင်ကြ စိတ်ဝင်စားစရာဖြစ်လာရတာ။ မြို့လေးထဲကလူတွေကတော့ ဂေါက်ကွင်းထဲကဂေါက်သီးတွေပျောက်တဲ့ကိစ္စဟာ သူတို့နဲ့သိပ်မဆိုင်ဘူးဆိုပေမယ့် မြို့လေးအတွက် သိက္ခာကျစရာလို့တော့ ထင်နေကြတယ်။ ဖြစ်နိုင်ရင် ဂေါက်သီးတွေ ဂေါက်ကွင်းထဲက မပျောက် စေချင်ကြဘူး။ ဘယ်လိုမှမဖြစ်သင့်တဲ့ကိစ္စလို့ထင်နေကြပြီး ပျောက်သွားတဲ့ဂေါက်သီးတွေကို မြို့သားတွေကသူတို့ပါကူညီရှာဖွေပေးချင်နေကြတယ်။ ဒါပေမယ့် ဂေါက်ကွင်းအုပ်ချုပ်သူတွေက ဒီလိုမျိုးကို ခွင့်မပြု ချင်ကြဘူး။ ဒီလို ဂေါက်သီးတွေပျောက်တယ်ဆိုတဲ့ကိစ္စဟာ မြို့သားတွေ နဲ့မဆိုင်ဘူး။ ဂေါက်သီးကိုင်တယ်ဆိုတာ ဂေါက်ဖာတွေမှ ကိုင်ရတာ။ ဂေါက်ဖာတွေသာ ဂေါက်ကိစ္စနဲ့ ပတ်သပ်ရမယ်လို့ တထစ်ကျယူဆထားကြတော့တယ်။
နောက်တခုက ဂေါက်ကွင်းထဲမှာ ထူးဆန်းတဲ့ စားသောက်ဆိုင်တခုရှိတယ်။ အဲဒါကို လည်း ပြောရလိမ့်မယ်။ ဆိုင်ကတော့ ဘားကောင်တာတခုနဲ့ တွဲဖွင့်ထားတာပါ။
ဒါပေမဲ့ တော်တော်အံ့သြစရာကောင်းတာက ဆိုင်အပြင်အဆင်ကအဆင့်မြင့်ပြီး ခမ်းနားနေ လွန်းနေတာပါပဲ။ မြို့သေးသေးလေးထဲက သာမာန်ဂေါက်ကွင်းတခုမှာ ဂေါက်ရိုက်ပြီး အနား ယူစားသောက်ဖို့ကို ရိုးရိုးတန်းတန်းစားသောက်ဆိုင်ပုံစံမျိုး ဖွင့်လို့ရပေမယ့် ဂေါက်ကွင်းနဲ့ မလိုက်အောင်ပဲ ဆိုင်အပြင်အဆင်တွေက အဆင့်မြင့်ခမ်းနားနေတယ်လို့ ထင်နေရတယ်။
ဒါကလည်း ဂေါက်ကွင်းအပြင်ဘက်က လှမ်းကြည့်ရုံနဲ့တင်သိသာပါတယ်။ မီးရောင်စုံတွေ စင်တင်တေးဂီတတွေ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ဆိုင်အဝင်ဝကိုမြင်ရုံနဲ့ တော်ရုံစားသုံးသူ မဝင်ရဲအောင် ပြင်ဆင်ထားတယ်။ တကယ့်ကိုသားသားနား နားဖွင့်ထားတာဆိုတော့ ဂေါက်ကွင်း လာတဲ့သူတွေကလွဲပြီး အပြင်လူတွေစားလေ့လည်းမရှိပါဘူး။ ဈေးနှုန်းကလည်း သာမာန်လူတွေနဲ့ အလှမ်းဝေးလွန်းပြီး ဂေါက်မရိုက်ပေမယ့် ကွင်းထဲဝင်တာနဲ့ကွင်းဝင်ကြေးကလည်း ပေးရတာဆိုတော့ တော်ရုံတန်ရုံလူလည်း ဂေါက်ကွင်းထဲကဆိုင်ကို သီးသန့်ကြီးလာမစား ကြတော့ဘူး။ အဲဒီလိုသီးသန့်ဆန်အောင်လည်း တမင် ဟန့်ထားပုံရတယ်။ ဖြတ်သွားဖြတ်လာတွေကတော့ ဂေါက်ကွင်းထဲကဆိုင်က ဘယ်လိုအဆင့်မြင့်ကြောင်း မြို့လေးနဲ့တောင် မလိုက်ဖက်တဲ့အပြင်အဆင်မျိုးနဲ့ ခမ်းခမ်းနားနားဖွင့်ထာကြောင်းကို ပြောပြောတတ်ကြတယ်။
၎။
ပုံမှန်အားဖြင့်တော့ ပိတ်ရက်လိုမျိုးနေ့ခင်းပိုင်းလောက်ဆိုရင် ဂေါက်ကွင်းထဲမှာ ကစားနေ ကျလူတွေ ဝိရိယကောင်းကောင်းနဲ့ တက်ကြွစွာ ရောက်နေတတ်ကြပြီ။ သူတို့ဟာ ခပ်စောစော ကတည်းက ဂေါက်ရိုက်ဖို့ကို မပျက်ကွက်အောက် ကြိုတင်ချိန်းဆိုမှုတွေ လုပ်ကြတယ် ထင်ရ တာပဲ။ သူတို့ဘဝကို ဂေါက်ရိုက်ခြင်းဆိုတဲ့ အဓိပ္ပာယ်ဖြစ်လာစေတဲ့အထိ ဂေါက်ကွင်းထဲကို ပုံမှန် မပျက်မကွက်ရောက်ရောက်လာတတ်ကြသလား မပြောတတ်ဘူး။ ဂေါက်သီးတွေ လွှဲရိုက် နေရတာဟာ ဘဝအဓိပ္ပာယ်လား။ လူတယောက် လူတစုရဲ့အသက်ရှင်နေထိုင်မှုမှာ ဂေါက်သီး ရိုက်ခြင်းဟာ အရာရာပြီးမြောက်သွား ပြည့်စုံသွားစေသလား။ စိတ်ကိုလွတ်ထွက် ပေါ့ပါးသွား နိုင်သလားဆိုတာ မြို့လေးကလူတွေမသိဘူး။ ပျောက်နေတဲ့ဂေါက်သီးအမြောက်အမြားကို ခဏကလေးနဲ့ ဘယ်လိုရှာရမလဲဆိုတာကိုလည်း ရိုးသားတဲ့ မြို့လေးကလူတွေမသိကြပြန်ဘူး။
ဒီနေ့လည်း ဂေါက်ရိုက်နေကျအုပ်စု ဂေါက်ကွင်းမှာ ခပ်စောစောရောက်နေကြပြန်တယ်။ ဒီနေ့ဟာ ရုံးပိတ်ရက်လည်းဖြစ် ခြေခင်းလက်ခင်းသာယာနေသလိုလည်းဖြစ်တော့ မြို့လေး က ဂေါက်ကွင်းထဲမှာ ဂေါက်ရိုက်နေတာ စုစုပေါင်း လေးငါး ဆယ်ယောက်လောက်တော့ရှိမယ်။ လူစုံတယ်လို့လည်း ပြောလို့ရတာပေါ့။ သူတို့ဟာ လူစုံနေလို့လားမပြောတတ်ဘူး။ ဂေါက်သီး အလုံးရေ မြောက်မြားစွာကို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိပဲ အမိအရချိန်ပြီး အလုအယက် လွှဲ ရိုက်နေကြတယ်။ ဂေါက်သီးတွေဟာ ဝှီးခနဲမြောက်သွားလိုက် ခပ်လှမ်းလှမ်းက မြက်ခင်းပေါ် ဘုတ်ခနဲကျသွားလိုက်နဲ့ မနားတမ်း မြင်နေရတယ်။ နောက်တချက် နောက်တလုံး အကြိမ်ပေါင်း များစွာ အပြိုင်အဆိုင်ရိုက်ထုတ်နေကြတာ။ သူတို့ဟာ တချိန်တည်းတပြိုင်နက်တည်းဂေါက်သီး တွေကိုတီခုံပေါ်ကနေ လွှဲလွှဲရိုက်နေကြတာ။ တလုံးပြီး နောက်တလုံး အားကုန်လွှဲရိုက်လို့ ထပ်ရိုက်စရာ ဂေါက်သီးတွေလည်း တဖြေးဖြေး လျော့လျော့လာတယ်။
ရှေ့ခပ်လှမ်းလှမ်းက မြက်ခင်းပေါ် ဂေါက်သီးတွေ တဘုတ်ဘုတ်ပြုတ်ကျနေတာကို လမ်းမပေါ်ကတောင် လှမ်းမြင်နေရတယ်။ ခဏလောက်ကြာတော့ ထပ်ရိုက်စရာဂေါက်သီးတွေ လည်း မကျန်တော့အောင်ဖြစ်သွားတယ်ထင်တာပဲ။ ဂေါက်သီးတွေ လေထဲမှာမမြင်ရတော့ဘူး။
ဒီလိုလူစုံတဲ့နေ့မျိုးမှာ ဂေါက်သီးတွေလျော့လျော့သွားတာက အချိန်အနည်းငယ်အတွင်းမှာ သိပ်ကိုသိသာတယ်လေ။ အဲဒီမှာ ဂေါက်ရိုက်နေသူတွေလည်း အရှိန်ကလေးရနေတုန်း ဆန့်တငင်ငင်ကြီးဖြစ်သွားတော့ ဒေါသထွက်လာကြပုံလည်း ပေါ်နေတယ်။ ပြီးလည်းပြီးရော ဂေါက်သီး ရိုက်နေသူ အုပ်စု အသံတွေထွက်လာတာပါပဲ။ ညံ့လိုက်တဲ့ ဂေါက်ကွင်းပဲကွာ ဂေါက်သီးတောင်အလုံအလောက်မထားပေးနိုင်ဘူး။ တို့ကလည်း ဂေါက်ရိုက်ချင်လွန်းလို့ဆိုတာထက် ကျန်းမာ ရေး အရသာ မရှိသုံးသုံးနေရတာ။ လာရိုက်ရတာ မတန်ပါဘူးကွာ ဆိုတဲ့စကားတွေ သူတို့ဆီ က အော်ကြီးဟစ်ကျယ်ထွက်လာခဲ့တယ်။ အဝေးက ဂေါက်သီးတွေ ပြန်ကောက်ဖို့ကိုတော့ ဘယ်သူကမှ စိတ်မဝင်စားကြပဲ ဒေါသထွက်နေတဲ့ပုံစံတွေလုပ်နေကြတာ ဘေးကကြည့်ရင် ရယ်စရာတော့ကောင်းတယ်။ ပြီးတော့ သူတို့ ခဏနားလိုက်ကြတယ်။ တပ်ခေါက်လိုက် ဒေါသ ထွက်ပြလိုက်နဲ့ ခဏနေတော့ ဂေါက်ကွင်းထဲက စားသောက်ဆိုင်ကို အုပ်စုလိုက်ထွက်သွားကြ တော့တာပဲ။
၅။
ဖြစ်တတ်ပါတယ်။ ဂေါက်ရိုက်သူတယောက် အသက်ဆုံးရှုံးသွားတယ်ဆိုတာ သိပ်ထူးဆန်းအံ့သြစရာ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ထူးဆန်းအံ့သြဖို့ကောင်းတာတွေဟာ ဂေါက်ကွင်းဆီကနေ ဂေါက်ကွင်းအပြင်ဘက်ကို သယ်ဆောင်လာခဲ့တယ်။ ပုံမှန်အားဖြင့်တော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဂေါက်ရိုက်တဲ့သူပဲဖြစ်ဖြစ် မရိုက်တဲ့သူပဲဖြစ်ဖြစ် သေတာ ဘာမှမထူး ဆန်းဘူးဆိုပေမယ့် သေဆုံးပြီးဆက်ကြားရတဲ့ သတင်းကတော့ အားလုံးကို ထိတ်လန့်သွားစေ ခဲ့တယ်။
မြို့လေးက ဂေါက်ကွင်းထဲကို ပုံမှန်ဂေါက်လာရိုက်နေသူတယောက် လောကကြီးမှာမရှိတော့ ဘူးဆိုတာ သူနဲ့အတူဂေါက်ရိုက်ဖော်ရိုက်ဘက် ပါတနာတွေတင်မကဘဲ မြို့ကလေးကလူတွေ ပါ အံ့သြစရာဖြစ်ရတယ်။ အဲဒီသတင်းက ဘာလဲဆိုတော့ သေဆုံးသွားတဲ့သူကို ရင်ခွဲရုံပို့ရာမှာ သူ့ဗိုက်ထဲက ပျောက်ဆုံးသွားပြီလို့ထင်ရတဲ့ ဂေါက်သီးတွေအများကြီးထွက်ကျလာတယ်ဆိုတဲ့ ကိစ္စပဲ။ မြို့လေးကလူတွေလည်း တော်တော်လေး တုန်လှုပ်အံသြသွားကြတော့တယ်။ ပြီးတော့ နားမလည်နိုင်ဘူး ဖြစ်ကြရတယ်။
လူတယောက်ဟာ အဟာရအတွက် ဂေါက်သီးတွေကို စားလို့ရသတဲ့လား။ သူအသက်ရှင်နေ ထိုင်ဖို့ ဂေါက်သီးတွေစားပြီး နေလို့ရခဲ့သလား။ နောက်ပြီး လူ့အစာအိမ်ဟာ ဂေါက်သီးမာမာ တွေကို ဘယ်လိုအစာခြေစနစ်နဲ့ခြေဖျတ်မှာပါလိမ့်ဆိုတာကို အံသြတကြီး သိပ်သိချင်ကြတော့ တယ်။
ဒီကိစ္စမျိုးဟာ ဂေါက်ကွင်းကိုပံ့ပိုးကူညီသူတွေအနေနဲ့လည်း ဒေါသထွက်စရာဖြစ်ခဲ့ရတော့တာပေါ့။ သူတို့အကူအညီတွေက ဂေါက်ကွင်းကြီးတိုးတက်ဖို့မဟုတ်ပဲ လူတယောက်ရဲ့အသုံးချခံဖြစ်ခဲ့ရတဲ့အတွက် သူတို့ဖြေမဆည်နိုင် ရှက်နေကြရတယ်။ နောက်ဆုံး သူတို့ကူညီ မှုဟာ အရာမရောက်ပဲ လူ့အစာအိမ်တခုအတွက်သာ ဖြစ်ခဲ့ရပါလားဆိုတာကို မဖြစ်မနေလက်သင့်ခံခဲ့ရတယ်။ အားလုံးလည်းနောင်တရသွားကြတော့တယ်။
ဟုတ်ပါတယ်။ အဲဒီကိစ္စဟာ မြို့လေးမှာ အမှန်တကယ်ဖြစ်ပွားခဲ့တယ်။ မြို့လေးက ဂေါက်ကွင်းသေးသေးလေးမှာ အဲဒီသေဆုံးမှုဟာ တကယ်ကိုရှိခဲ့တယ်။ ဒါပေမဲ့ ဇာတ်လမ်းက ဒီမှာတင်ပြီးခဲ့သင့်တာ မပြီးသေးဘူး။ နောက်ထပ် ပိုပြီးထိတ်လန့်အံ့သြဖို့ကောင်းတာက နောက်ရက်ပိုင်းအတွင်း လပိုင်းအတွင်းမှာပဲ ဆက်တိုက်ထပ်ဖြစ်သွားခဲ့ပါတော့တယ်။ ဘာလဲဆိုတော့ ကျန်နေသေးတဲ့ ဂေါက်ကွင်းမှာ ဂေါက်လာရိုက်နေတဲ့သူအားလုံးဟာလည်း ဒီအဖြစ်အပျက်မျိုး ဒီတပုံစံတည်း ဆက်တိုက်သေဆုံးကုန်ကြပြီး သေဆုံးသွားသူတွေအားလုံးရဲ့ ဝမ်းဗိုက်တွေထဲမှာလည်း ဂေါက်သီးတွေ၊ ပျောက်သွားတဲ့ ဂေါက်သီးဖြူဖြူတွေ အများအပြား ရှိနေခဲ့တာပါပဲ။ ကဲ သိပ်အံသြစရာမကောင်းလွန်းဘူးလား။ သတင်းတွေကလည်း အဆက်မပြတ်ထွက်ပေါ်လာသလို အဖြစ်အပျက်တွေကလည်း သိပ်မြန်ဆန်ခဲ့တယ်။
မြို့လေးကလူတွေအတွက်တော့ ဆက်တိုက်ဖြစ်လာတဲ့အခြေအနေနဲ့ မြို့ လေးရဲ့ကိုယ်ကျင့် သိက္ခာကို အချိန်တခုအတွင်းမှာ လဲလိုက်ရသလိုဖြစ်သွားခဲ့လို့ မြို့လေးကလူတွေဟာ ဒီ သတင်းတွေကို ပိုပြီးအံ့သြကြတယ်။ အရမ်းလည်း ထိတ်လန့်ကုန်ကြတယ်။ ဒေါသထွက်နေ ကြတယ်။ ဂေါက်ကွင်းဟာလည်း အချိန်တိုအတွင်းမှာ ခြောက်ကပ်တိတ်ဆိတ်သွားခဲ့တယ်။ ကျီးနဲ့ဖုတ်ဖုတ်ဖြစ်သွားခဲ့တယ်။ သွေးပျက်ကြောက်ရွံ့စရာ ကောင်းတဲ့ကိစ္စ မယုံနိုင်စရာ အချိန် တွေပါပဲ။
၆။
အဖြစ်အပျက်တွေဟာ သိပ်ကိုမြန်ဆန်ခဲ့တယ်။ သတင်းစကားဟာ တဆင့်စကားနဲ့ သယ်ဆောင်လာ ရက်ပိုင်းအတွင်းမှာပဲ အမှန်တရားဟာ ဖုံးကွယ်ထားလို့မရ ပေါ်လာခဲ့တော့ တယ်။ အမှန်တရားကဘာလဲ စုံစမ်းကြည့်တဲ့အခါမှာတော့ ဂေါက်ကွင်းထဲ ဂေါက်သီးတွေ ပျောက်နေခဲ့တဲ့ကိစ္စမှာ ဂေါက်ရိုက်တဲ့အုပ်စုဟာ ဂေါက်ရိုက်နေရင်းနဲ့ ဂေါက်သီးတွေကို သူတို့ အိတ်တွေထဲ ထည့်ပြီးယူသွားကြတယ်ဆိုတာပါပဲ။ ပြီးတာနဲ့ သူတို့ဟာ ဂေါက်ကွင်းထဲက စားသောက်ဆိုင်ကို ခိုးဝှက်ပေးပို့ခဲ့ကြတယ်။ နောက် သူတို့တိတ်တဆိတ်ခိုးယူလာတဲ့ ဂေါက်သီးတွေကို ဂေါက်ကွင်းထဲက အဲဒီစားသောက်ဆိုင်မှာပဲ အစားအသောက်တွေနဲ့ လဲပြီးစား သောက်ခဲ့ကြတယ်။ အဲဒါကို အဲဒီအဖြစ်မှန်ကို မြို့လေးကလူတွေက စားသောက်ဆိုင်မန်နေဂျာ ဆီက တဆင့်စကားနဲ့ သိလိုက်ကြတယ်။ အဲဒီမှာ အားလုံး ထပ်ပြီးအံ့သြသွားကြတယ်။
ခိုးယူလာတဲ့ ဂေါက်သီးတွေနဲ့လဲပြီး စားသောက်ခဲ့တာတွေကတော့ ရိုးရိုးပုံမှန် စားသောက်ဖွယ်ရာတွေဖြစ်ပေမယ့် သူတို့ဗိုက်ထဲရောက်သွားတဲ့အခါ ဂေါက်သီးတွေအဖြစ် ပြန်ပြောင်းလဲခဲ့ကြ ပြီး သူတို့မသိလိုက်ခင်မှာပဲ စားကောင်းသောက်ဖွယ်လို့ထင်ရတဲ့အရာတွေက ဂေါက်သီးတွေ အဖြစ် ပြောင်းသွားကြတယ်ဆိုတာ မြို့လေးကလူတွေအတွက် အံ့သြတုန်လှုပ်စရာ ထူးဆန် နေတဲ့ ကိစ္စတခုဖြစ်လာခဲ့တော့တယ်။ ဒါပေမဲ့ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် သူတို့ဘာမှမတတ်နိုင်ခဲ့ကြတော့ဘူး။ အမှန်တရားဟာ လိမ်လို့မရပဲ ပေါ်လာခဲ့ပြီး သူတို့ကို တူသောအကျိုးပေးခဲ့ပြီ။ ဒဏ်ခတ်ခဲ့ပြီ။ သူတို့တရားဟာ သူတို့ကိုဓားသုံးစီရင်ခဲ့တာလို့ပဲ ဆိုကြပါစို့။
အခုဆိုရင် ဂေါက်သီးစားတတ်တဲ့လူတွေကို မြို့လေးမှာ မတွေ့ရတော့ပါဘူး။ အဖြစ်အပျက်တွေကလည်း ကြာတော့ကြာခဲ့ပြီပေါ့။ မြို့လေးရဲ့တနေရာမှာ ဂေါက်ကွင်းကုန်းလို့ခေါ်တဲ့ ပြုပြင်ထိန်းသိမ်းမှုမရှိတော့တဲ့ ဂေါက်ကွင်းအဟောင်းတခုရှိတယ်။ အဲဒီမှာ ဂေါက်သီးစားသူ တွေ ဂေါက်လာရိုက်ခဲ့ကြတယ် ဆိုတဲ့ ဒဏ္ဍာရီတခုလည်း ရှိခဲ့တယ်။ မြို့လေးကလူတွေ ဂေါက်ကွင်းဘေး ဖြတ်သွားတိုင်း ပြောဖြစ်ကြတဲ့ ပုံပြင်တပုဒ်ရှိခဲ့တယ်။ တချိန်တုန်းက ဒီမြို့လေးမှာ မှာ ဂေါက်သီးစားတဲ့သူတွေ ရှိခဲ့တယ်ဆိုတာ ကြားခဲ့ဖူးတယ်ဆိုတဲ့အကြောင်း၊ ဒါပေမဲ့ အခုသူတို့ အဓိက သွားလာနေထိုင်တတ်တဲ့ ဂေါက်ကွင်းလည်း မြို့လေးမှာ အသုံးပြုသူမရှိတော့လို့ လို့ ဂေါက်ကွင်းတကွင်းရဲ့အငွေ့အသက်တောင်မရှိတော့ဘူး ဆိုတဲ့အကြောင်းကို ပုံပြင်လိုပြောပြ တတ်ကြတယ်။။ အမှန်လည်း ဒီအကြောင်းက ပုံပြင်လိုလို ဒဏ္ဍာရီလိုလိုပါပဲ။ ရှေ့ကလူတွေ ပြောပြလို့သာကြားနေခဲ့ရပေမယ့် ယုံနိုင်စရာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မြို့လေးရဲ့သမိုင်းမှာ တော့ ဒီအဖြစ်အပျက်ဟာ ဖျောက်ဖျတ်လို့မရတဲ့ အမဲစက်တခုအနေနဲ့မှတ်တမ်းဝင်သွားခဲ့တာ ပေါ့။ ယုံတာမယုံတာထားလိုက်ဦး။ ဒါပေမဲ့ မြို့လေးကတော့ အတန်အသင့် ပြန်လည်စည်ကား စပြုနေပြီလေ ။ ။
နိုလှိုင်း
၂၀၁၇ သြဂုတ်