ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● ဇာတ်လိုက်ဖြစ်ချင်လို့ ဘက်လိုက်မိတယ်

ဆောင်းယွန်းလ ● ဇာတ်လိုက်ဖြစ်ချင်လို့ ဘက်လိုက်မိတယ်
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၇

နာကျင်ခြင်းနဲ့ တိုက်ဆိုင်တိုင်း
မျက်ရည်ဝဲမိပါတယ်

ပျော်ရွှင်မှုနဲ့ ကြုံတဲ့အခါတိုင်း
ရယ်မောမိပါတယ်

မောပမ်းနွမ်းနယ်မှုမှာ
ငြီးတွားစုပ်သပ်မိပါတယ်

တမ်းတမှု ကမ္ဘာမှာ
သီချင်းတပုဒ်ထဲကို
ထပ်ခါ ထပ်ခါ နားထောင်မိပါတယ်

ကိုယ့်ကိုကိုယ်ထက်
သူတပါးကိုပိုချစ်ပြရမှ
ထမင်းဝတယ်ထင်တဲ့အခါ
မိမိကိုယ်မိမိ လိမ်ညာမိတဲ့ မုသာဝါဒ
မိုက်တွင်းထက် ပိုနက်ပြီး
ညနက်သန်းခေါင်ထက် ပိုမှောင်တယ်

ငါကတော့
ကိုယ့်ကိုကိုယ် ချစ်မြတ်နိုးတယ်

မနက်ခင်းရဲ့ လတ်ဆတ်တဲ့လေကိုရှူစရာ
နှာခေါင်းဟာ ငါ့မျက်နှာပေါ်မှာ
လမင်းနဲ့ကြယ်စင်တွေကို ကြည့်ဖို့
ငါ့မျက်လုံးတွေကလည်း ငါ့မျက်နှာပေါ်မှာ။

ဆောင်းယွန်းလ
(စက်တင်ဘာ ၆ ရက်၊ ၂၀၁၇)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts