မင်းကိုနိုင် ● မေ့မစိုးလို့ .. ခိုးဆိုတယ်

မင်းကိုနိုင် ● မေ့မစိုးလို့ .. ခိုးဆိုတယ်
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၇

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

ဆောင်းဦးနံနက် နှင်းသစ်ခက်ပေါ်
ငှက်တော်လေးတွေ အော်ဂင်စမ်းကြသည်မြင်လျှင်
အိပ်ယာမထ သားက စကားထူး စလာ၏။

“ဖေဖေရေ …
သားလည်းသီချင်းစပ်ထားတယ်၊
ဆိုပြမယ်နော်….”
ဖခင်သည်
ထောက်ချင့်ငဲ့ညှာ အိုမျက်နှာဖြင့်
“နေပါဦးလား၊ မိသားစုတွေ မစုံဘူးကွယ်” ဟု တား၏။

လူကလေးမှာ သူ့တေးအစား
“တယောက်လို….တယောက်လို…..” ဟူ၍သာ
မြည်တမ်းလျက်…..
– ? –

တနေ့ဝယ်
“ဖေဖေ .. သားဆိုပြလို့ ရပြီလား” မေးသော်…..
ဟိုဘက်အိမ်က အသုဘကို လက်ညွှန်လျက်
ဖခင်တဖန် တားပြန်၏
လူကလေး၏ တေးသီအံ့နှုတ်ခမ်းမှာ
လေကြမ်းအောက် ပုန်းညက်ပန်းကလေးများပမာ
ခပ်မဆိပ်နေရပြန်ရှာ…
– ? –

နေခြည်နုဝယ်
ခရုငယ်တကောင် ဦးမင်ထောင်သည်ကို မြင်လျှင်
လူကလေး….. တေးဆိုရန် ပြင်သည်တွင်
“ဒီဘက်အိမ်မှာ လူမမာနဲ့” ဟု ဖခင်က ဟန့်ပြန်၏။
လူကလေးလည်း ၊ သူ၏တေးကို မမေ့အောင်
ကျွန်းတုံးပေါ် ကြောင်ကလေး ခြေဖေါ့လျောက်သံမျှ
ဖွဖွရွတ်ကြည့်နေရ၏။
-?-

အခါတပါး
လူကလေးနှင့်ဖခင်၊ အကြည့်ခြင်းဆုံသည်တွင်
“သူများတွေ စာမေးပွဲရှိသေးတယ်” ဟု
လေသံသဲ့မျှ သတင်းပေးရာ
လူကလေးမှာ နွေကောင်းကင်နှင့် ထနောင်းပင်ကို ငေးလျက်သာ……
-???-
ခြေခင်းလက်ခင်း ၊လေညှင်းသာ တနေ့ဝယ်
“သားရယ်လာ၊ မင့်တေးကိုသီစမ်းပါ့” တောင်းဆိုလျှင်
“သားမေ့သွားပြီ ဖေဖေ” ဟု တုန့်ပြန်ခဲ့လေသော်…။ ။

မင်းကိုနိုင်

မှတ်ချက် – [တခါကတင်ပြီး ပျောက်သွားတဲ့ စာ၊ မှတ်မိသလိုသာပြန်ရေးပါတယ်။]