News ဥရောပ

နယူးဇီလန်- (၆၈) နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနား နယူးဇီလန်နိုင်ငံ အောက္ကလန်မြို့တွင် ကျင်းပ

(၆၈) နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနား နယူးဇီလန်နိုင်ငံ အောက္ကလန်မြို့တွင် ကျင်းပ 
(မိုးမခ) သြဂုတ် ၁၂၊ ၂၀၁၇

သြဂုတ်လ (၁၂) ရက်တွင်ကျရောက်သည့် (၆၈)ကြိမ်မြောက်ကရင့်အာဇာနည်နေ့အခမ်းအနား အောက်မေ့အလေးပြုပွဲကို နယူးဇီလန နိုင်ငံရောက် ကရင်အမျိုးသားထုက New Zealand Karen Association (NZKA) ကရင်အမျိုးသားများအဖွဲ့ (နယူးဇီလန်)၏ဦးဆောင်မှုဖြင့် နယူးဇီလန်နိုင်ငံ အောက္ကလန်မြို့ မန်ဂေရီရပ်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြ သည်။

ထိုအခမ်းနားတွင် လွန်ခဲ့သော (၆၈)နှစ် ၁၉၅၀ ခု သြဂုတ်လ ၁၂ ရက် ယခုလိုနေ့တွင် စစ်အာဏာရှင်တို့၏ လက်ချက်ဖြင့်ကျဆုံးသွားခဲ့ရသော ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီးနှင့်တကွ ယနေ့ထက်တိုင် ကရင်အမျိုးသားထုတရပ်လုံးလွတ်လပ်ရေးနှင့် ကရင့်ကံကြမ္မာ ကရင်ကိုယ်တိုင်ပြဋ္ဌာန်းနိုင်ရေးအတွက်တိုက်ပွဲဝင်ရင်း အသက်သွေးချွေးဘဝများပေးဆပ်ခဲ့ကြသည့် အဆင့်နေရာ အသီးသီးမှခေါင်းဆောင်များ၊ ရဲဘော်များ ကျဆုံးခဲ့ရသည်ကို မေ့ဖျောက်မသွားကြစေရန်နှင့် ယင်းတို့မျှော်မှန်းခဲ့သည့် ရည်မှန်းချက်များ မပြည့်မြောက် မပြီးဆုံးသေးသည့် ယနေ့ကာလတွင် မိမိတို့ပခုံးပေါ်တွင် ကျရောက်လာသည့် ကရင်ပြည်သူလူထုအပေါ် ပေးဆပ်တာဝန်ယူရမည့်ဝတ္တရားများကို ယနေ့လူငယ် မျိုးဆက်သစ် ကရင်လူငယ်လေး များက ကိုယ်နိုင်ရာအခန်းကဏ္ဍမှနေ၍ သမိုင်းလက်ဆင့်ကမ်း ဆက်လက်ထမ်းပိုးသယ်ဆောင်သွားကြရန် ပြောဆို ဖတ်ကြား တိုင်တည်ခဲ့ကြသည်။ 
NZKA ဥက္ကဋ္ဌစောအားနမ်က ယခုလို ကရင့်အာဇာနည်နေ့အလေးပြုအောက်မေ့အခမ်းအနားကျင်းပရခြင်း ၏ရလာဒ်အဖြစ် နယူးဇီလန်နိုင်ငံတွင် ကြီးပြင်းလူလားမြောက်ရသည့် ကရင်မျိုးဆက်သစ်လူငယ်တို့ကို မိမိတို့၏ သမိုင်း၊ မိမိတို့၏ရိုးရာဓလေ့ထုံးတမ်းများကိုမေ့ပျောက်မသွားဘဲ တန်ဖိုးထားစောင့်ထိန်းသွားနိုင်ရန် အထောက်အကူ ဖြစ်စေကြောင်း ပြောသည်။
ထို့အတူ မြိတ်- ထားဝယ်ခရိုင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ဖူးသည့် NZKA အဖွဲ့၏နာယကဖြစ်သူ ဖဒိုနီနီ့ ကလည်း ကရင့်အမျိုးသားလွတ်မြောက်ရေးသမိုင်းကို မမေ့ပျောက်ရေးနှင့် ကရင်အမျိုးသားတို့၏ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို မျိုးဆက်သစ်လူငယ်များကတန်ဖိုးထားစောင့်ထိန်းရင်း မပြီးဆုံးသေးသည့် ကရင်အမျိုးသားရေး လှုပ်ရှားမှုများကို ဆက်လက်ပခုံးပြောင်းတာဝန်ယူသွားနိုင်ရန် စေ့ဆော်ပေးနိုင်ကြောင်း သုံးသပ်ပြောပြသည်။
ကရင်အမျိုးသားလူငယ်တဦးဖြစ်သူ စောယွာအယ်ကလည်း ယခုလိုအခမ်းအနားများကြောင့် မိမိတို့မသိမီခဲ့ သည့် ကရင့်သမိုင်းကိုသိနားလည်လာပြီး မိမိတို့မှာ ကိုယ်ပိုင်တိုင်းပြည်ရှိပါလျက် ယခုလိုတိုင်းတပါးသို့ ထွက်ခွာလာ ခဲ့ကြရသည့်ဘဝအကြောင်းတရားများကို နားလည်လာခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိတို့လက်ဝယ်ရောက်နေသည့် မျက်မှောက်ကာလတွင် မိမိတို့အမျိုးသားလွတ်မြောက်ရေး၊ တိုးတက်မြင့်မားရေးအတွက် ကျရာအခန်းမှနေ၍ တာဝန်ယူလိုစိတ်များ ဖြစ်ပေါ်လာရကြောင်း ပြောဆိုသည်။

အဆိုပါအခမ်းအနားသို့ နယူးဇီလန်ရောက် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ၊ အခြားတိုင်းရင်းသား မဟာမိတ်အဖွဲ့များအပါအဝင် ကရင်အမျိုးသားများ အစရှိသည့် အင်အား ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts