ကဗျာ ထွန်းဝင်းငြိမ်း

ထွန်းဝင်းငြိမ်း ● ပြဋ္ဌာန်းချက်များ

ထွန်းဝင်းငြိမ်း ● ပြဋ္ဌာန်းချက်များ
(မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၇
သို့သော်လည်းနဲ့ ဒါပေမဲ့တွေ
စာဖွဲ့နေရတုန်းပဲ။မကြားခဲ့ဖူးဘူး။ မမြင်ခဲ့ဖူးဘူး။
မပြောခဲ့ဖူးဘူး။ မသိခဲ့ဘူးသလို
“ဘူး”တွေသာဆောင်တတ်လာတယ်။
အိုတောင် မဆင်းရဲဖို့ဆိုတာတော့
ဆက်သွယ်မှုဧရိယာ ပြင်ပမှာတဲ့။

“ဝင်း – ဝင်း” တွေ တောက်စားကြတဲ့
ဝင်းဝင်းတောက်သမားများရဲ့
အယူတော်မင်္ဂလာမှာ
နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေက စ,ရသတဲ့။
ဒါကလည်း
“စစ်တပ်ကို စိတ်နဲ့ မပစ်မှားနဲ့” ဆိုတာရဲ့
သံတူကြောင်းကွဲအဖြစ် သမိုင်းတွင်ရစ်တယ်။

ရေဗူးဖေါက်နေတဲ့ သူတွေကို
လက်ပိုက်ကြည့်ဖို့ တရားချရင်း
ရေပါတာပဲ လိုချင်သူတွေအတွက်ဆို
မျက်နှာချိုသွေးနေရတဲ့ ကာလကြီးပါ။

ခွေးလည်း ခွေးမို့၊ လူလည်း လူမို့
နတ်လည်း နတ်မို့၊ ဘတ်စ်လည်း ဘတ်စ်မို့
ကျပ်မပြည့်တဲ့ အရွေ့တွေကြုံရတိုင်း
ခေါင်းထောင်ကြည့်နေရတဲ့ ဘဝ
မျှော်လင့်ချက်တွေခမျာ
အိပ်ရေးပျက်နေခဲ့တာ ကြာပေါ့။

ထွန်းဝင်းငြိမ်း
၂၊ ၈၊ ၂၀၁၇

“ဝင်း – ဝင်း” = “Win – Win”
ဘတ်စ် = ဘတ်စကား = Bus


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts