မောင်လူပေ – ကိုလံဘီယာမြစ်မှအပြန် (Returns of Columbia river)
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၇
နွေရောက်ပြီ။ နွေရောက်လျှင် မိသားစုတွေ ခရီးထွက်ကြသည်။ အနီးဆုံးမိုင်ငါးဆယ်ပတ်လည်မှသည် မိုင်ထောင်ချီထိ သွားတတ်ကြသည်။
နွေရောက်တိုင်း ခရီးစဉ်တွေထွက်ဖြစ်ခဲ့တာများပြီ။ အနီးရော အဝေးပါ နေရာအတော်စုံခဲ့လေပြီ။ ထို့ကြောင့်လည်း မရောက်ဖူသေးသော နေရာကို ရွေးခဲ့ကြသည်။
နွေအပန်းဖြေခရီးထွက်ဖို့ ရွေးရခက်နေသူတွေအတွက် အဆင်ပြေစွာနဲ့ သွားနိုင်မဲ့ အချိန်တိုခရီးစဉ်လေးတစ်ခုကို ပြောပြချင်သည်။ စီစဉ်ရလွယ်သော ဒီခရီးလေးကို မကြာမီက ရွေးပြီးသွားလည်ဖြစ်ခဲ့သည်။
ဒီနှစ်နွေမှာ ခရီးသွားဖို့ ရွေးဖြစ်ခဲ့သည်က အော်ရီဂွန်ပြည်နယ် ( Oregon ) ပို့တလန်မြို့ ( Portland ) အနီးရှိ မူ့နို့မတ်ရေတံခွန် ( Multnomah Falls ) ဆီသို့ဖြစ်၏။
ဒီရေတံခွန်ကြီးက အော်ရီဂွန်ပြည်နယ်တွင်းရှိ ရေတံခွန်များအနက် အမြင့်ဆုံးရေတံခွန်ကြီး ဖြစ်သည့်အပြင် ပေါ့တလန်မြို့အနီးတွင် တည်ရှိသော ကိုလံဘီယာမြစ်၏တောင်ကြား ( Columbia river gorge ) တွင် ရှိနေသောကြောင့် အလွန်နာမည်ကျော်ပြီး လာရောက်လည်ပတ်ကြသူများပြားလှသည့် နေရာတစ်ခုလည်း ဖြစ်သည်။
မောင်လူပေနေထိုင်ရာ ဆန်ဖရန်စစ္စကိုဗေးဧရိယာ ( San Francisco Bay Area ) နှင့်ကား သိပ်မဝေးပေမင့် သိပ်လည်းမနီးလှ။ မိုင်ခုနှစ်ရာနီးပါး ဝေးကွာသည်။
သည်ခရီး အသွားအပြန်မိုင်ထောင့်လေးရာမောင်းရမည့် ခရီးစဉ်တွင် မိသားစုသုံးစုမှ လူ တစ်ဆယ့်နှစ်ယောက်ပါဝင်မည်ဖြစ်ပြီး ကားသုံးစီးဖြင့် သွားကြမည်။ ဟော်တယ်တွေ ကြိုတင်ငှားထား၊ လိုအပ်မည်ထင်သည့် ပစ္စည်းတွေထည့်ကြ ပြင်ဆင်ကြနှင့် ခရီးထွက်ဖို့စိတ်ဓါတ်တွေ ပြန်လည်နိုးကြွလာကြသည်။
I-5 ဟုခေါ်သည့် ပြည်နယ်ခြင်းဆက် အမြန်လမ်းကြီးမှ ခရီးနှင်ခဲ့ကြရာ ရက်ဒင်း ( Redding ) မြို့ လွန်သည်နှင့် တောတောင်တွေထဲကို ကွေ့ကောက်မောင်းနှင်ခဲ့ရသည်။ ရှုခင်းများက အံ့မခန်း။
နွေခေါင်ခေါင်ဖြစ်သော်လည်း နှင်းတွေဖုံးနေဆဲ ရှာစတာတောင် ( Mt Shasta ) ထိပ်ကြီးကလည်း နီးလာလိုက် ဝေးသွားလိုက်။ အောက်ခြေရှိ ရှာစတာရေကန် ( Shasta Lake ) ကြီးကလည်း ရေတွေအပြည့်။
မနှစ်က ဒီရေကန်ကြီးကို ရောက်ခဲ့စဉ်ကတော့ ရေက သုံးပုံတစ်ပုံမျှပင် မရှိခဲ့။ တဖက်ကမ်းရှိ ရှာစတာထုံးကျောက်ဂူ ( Shasta Caverns ) ဆီခရီးနှင်ဖို့ လှေရှိရာ ကန်အောက်သို့ အတော်ကြီး ဆင်းခဲ့ရ၏။ ပြီးခဲ့သည့်ဆောင်းက အားမာန်အပြည့်ရခဲ့ပြီမို့ အခုတော့ ရေပြင်ကျယ်ကြီးက သူမဟုတ်သည့်နှယ်။
အော်ရီဂွန်ပြည်နယ်မှကြိုဆိုပါ၏။ ( Oregon. Welcome to you. ) ဟု ရေးထိုးထားသော ဆိုင်းဘုတ်ကြီးကို ကျော်လိုက်လျှင် အော်ရီဂွန်ပြည်နယ်တွင်းသို့ ချဉ်းမိပေပြီ။ မြန်မာပြည်မှာတော့ မြို့ရွာတိုင်းမှာ ဒီလို ကြိုဆိုရေးဆိုင်းပုဒ်ကြီးတွေ ထောင်တတ်ကြသည်။ မြို့ထွက်လျှင် နှုတ်ခွန်းဆက်သပါ၏ တို့ ဘာတို့ပေါ့။ ဒီဖက်မှာတော့ မြို့တွေမှာ ဒီလိုဆိုင်းပုဒ်တွေ တွေ့ရလေ့မရှိပါ။
အော်ရီဂွန်ပြည်နယ်ကား ထင်းရူးပင်တွေ အုပ်ဆိုင်းမှိုင်းညို့နေသော ပြည်နယ်ပါပင်။ မြင်လေသမျှ တောအုပ်ကြီးတွေက နေပျောက်မထိုး။ တောင်တန်းတွေက စိမ်းညို့နေသည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းထားသည့် သက်သေတွေပေါ့။
တောင်တွေကြားထဲမှာ ကွေ့ကောက်ကာ တက်လိုက်ဆင်းလိုက်နှင့် ခရီးနှင်ရင်း လတ်ဆတ်သောလေနှင့် ကြည်နူးဖွယ်ရှုခင်းတွေကြည့်မြင်ရသည်က ခရီးထွက်ခြင်းရဲ့ အရသာတစ်မျိုးပါ။ လမ်းတွေကလည်း တောင်ပတ်လမ်းမို့သာ အရှိန်လျှော့ရသော်လည်း ချောမွတ်လျှက်။ လမ်းဖေါက်ခဲ့သော အင်ဂျင်နီယာများက အကွေ့တွေကိုတွက်ထားတာကွက်တိမို့ မောင်းရတာလည်း အန္တရာယ်မရှိ။ ပြည်နယ်တခုလုံးကို ထင်းရှူးပင်တွေ ဖုံးအုပ်ထားသည့်အလား။
တောင်တန်းကြီးပေါ်မှဆင်းလာပြီးမကြာမီ ညအိပ်တည်းခိုမည့် မက်ဖို့ဒ် ( Medford ) မြို့ကလေးသို့ ရောက်လာသည်။ မိုင်လေးရာနီးပါးတော့ ခရီးတွင်ခဲ့ပြီပဲ။
ဒီမြို့လေးမှာတော့ လည်ပတ်စရာနေရာ များများစားစား မရှိလှပါ။ ဈေးဝယ်စရာ စူပါစင်တာ ( shopping super center ) ကြီးတစ်ခုတော့တွေ့ခဲ့၏။ အပ်မှစ၍စိန်အဆုံး အကုန်အစင် တထိုင်တည်း ဝယ်ပေရော့။ အော်ရီဂွန်ပြည်နယ်က ရောင်းဝယ်ခွန် ( sales tax ) မပေးရသည့် ရှားပါးပြည်နယ်တစ်ခုမို့ shopping ကြိုက်သူ ကိုကိုမမတို့အတွက် နေရာကောင်းတစ်ခုပါပဲ။
ထိုမြို့လေးမှ မနက်စောစော ထွက်ခဲ့ကြရာ မိုင်သုံးရာလောက်ခရီးပေါက်သော် ပေါ့တလန်မြို့ကိုရောက်လေပြီ။ ကိုလံဘီယာမြစ်က မြို့လည်ကိုဖြတ်ပြီးစီးဆင်းနေလေ၏။ မြို့အလှကို မြစ်ဖြတ်ကားလမ်းတံတားပေါ်မှ မြင်တွေ့ရသောမြင်ကွင်းကား အသက်ရှူမှားဖွယ် လှလွန်းပေစွ။
မြို့ထဲသို့ မဝင်သေးပဲ ရေတံခွန်ရှိရာသို့ ခရီးဆက်သော် မြို့ကိုကျော်သည်နှင့် လမ်းမကြီးဘေးမှာ ကိုလံဘီယာမြစ်က အပြိုင်စီးဆင်းနေသည်ကို တွေ့ရမည်။ အလွန်လှသော ရှုခင်းကို ငေးရင်း ရှေ့ကားကို သွားမတိုက်မိအောင် အတော်သတိထားရပေမည်။
ရေတံခွန်ရှိရာ မရောက်မှီ ခြောက်မိုင်ကွာလောက်တွင် သတိပေးစာများကို တွေ့ရလေပြီ။ ” ရေတံခွန်ရှိရာအဝေးပြေးလမ်း ထွက်ပေါက်ဖြစ်သည့် Exit 31 ကို car parking ပြည့်နေပါသဖြင့် ပိတ်လိုက်ပါပြီ။ Exit 25 မှာထွက်၍ အခမဲ့လွန်းပြန်ဘတ်စကားများနှင့် ကြွကြပါ။ ” ဟူသတတ်။
အဝေးပြေးလမ်းမဘေး ဆိုင်းပုဒ်မှ ညွှန်ကြားချက်ကိုနာခံပြီး Exit25 မှ ထွက်လိုက်သော် ကြက်ဖကြီး၏ကျောက်တုံး အမည်ရှိ ပြည်နယ်အပန်းဖြေ စခန်း ( Rooster Rock State Park ) သို့ တန်းဝင်သွားလေသည်။ လူဝင်ခ မပေးရသော်လည်း ကားတစ်စီးလျှင် ငါးဒေါ်လာမျှသော မများလှသည့် ကားရပ်နားခကိုတော့ ပေးဆောင်ရပေမည်။
ကိုလံဘီယာမြစ်ကမ်းရှိ ဒီအပန်းဖြေစခန်းကလည်း အတော်ကြီး၏။ ကားရပ်နားရန်နေရာတွေက မနည်းလှ။ အပန်းဖြေရန် ဇရပ်ငယ်လေးတွေ၊ စားပွဲထိုင်ခုံတွေလည်း အများကြီးပါ။ ထင်းရူးပင်တွေ တောင်တန်းတွေ မြစ်တွေနဲ့အတော်မြင်ကွင်းလှသော စခန်းတစ်ခုပင်။
သူတို့စီစဉ်ပေးသော ရေတံခွန်သွားဘတ်စကားကြီးများက ဝိုင်ဖိုင် ( wifi ) ရသည့် ကားသစ်ကြီးများဖြစ်သောကြောင့် ဆဲလ်ဖီဆွဲပြီးချက်ခြင်းတင်လိုသူ ပျိုမေတို့အတွက် အဆင်သင့်ပေစွ။
ရေတံခွန်ကြီး၏ ကားရပ်စခန်း ( Parking log) မှ ရေတံခွန်ရှိရာသို့ အနည်းငယ်မျှသာ လမ်းလျှောက်ရပါသည်။ မြင့်မားလှသော ရေတံခွန်ကြီးမှာ မြင်သူငေးဖွယ် လှလွန်းပါသော သဘာဝ၏ ဆုလာဘ်ကြီးပါပေ။
ဒီရေတံခွန်၏ ထူးခြားချက်မှာ ရေတံခွန်ထိပ်ဖျားရှိရာတောင်ထိပ်အထိ တက်နိုင်စေရန် လမ်းကြောင်း လုပ်ပေးထားခြင်းဖြစ်သည်။ ရေတံခွန်ကိုအနားကပ်ကြည့်နိုင်သည့်တံတားအထိ ၀.၂၂ မိုင်၊ ရေတံခွန်ထိပ်အထိ ၁.၆ မိုင် စသည်ဖြင့်လမ်းညွှန်ဆိုင်းပုဒ်လေးတွေအစီအရီ။ ( ရေတံခွန်အများအပြားရှိသော်လည်း တောင်ထိပ်အထိ တက်၍ရသော ရေတံခွန် အနည်းငယ်သာ ရှိပါ၏။ )
ရေတံခွန်ထိပ်ဖျားထိ တက်ရောက်လိုပါက သင့်တော်သော တောင်တက်ဖိနပ်၊ အဝတ်အထည်၊ ရေဘူး စသည်တို့ပြင်ဆင်သွားဖို့လိုပါမည်။ တက်နေကြသည့် လူအများအပြားထဲတွင် ကလေးငယ်လေးတွေအများအပြားလည်း တွေ့ရပါ၏။ တဖက်ရှိ ချောက်ကမ်းပါးထဲ မကျသွားစေဖို့ မိဘများက သတိပေးသည်ကလွဲလို့ မိဘလက်ဆွဲပြီး တက်ကြသည်မဟုတ်။ သူတို့ဟာသူတို လွတ်လပ်စွာတက်နေကြခြင်းဖြစ်သည်။
ဒီလိုမြင်ရတော့ အရှေ့နှင့်အနောက်ကွာခြားမှုကို ပြေးမြင်မိ၏။ အရှေ့တိုင်းသားတွေက ကိုယ့်ကလေးအတွက် အစစ အဆင်ပြေရေး သင်ပြပေး ဆွဲခေါ်လုပ်နေကြသော်လည်း အနောက်တိုင်းကလေးတွေက ကိုယ့်ကိုယ်ကို အားကိုးတက်နေကြသည်။
တောင်ထိပ်မှ ရှုခင်းများက လှပသည့်အပြင် ရေတံခွန်ထိပ်ဖျား ရေဆင်းနေရာနားအထိ သွားလို့ရ ရေခဲရေတမျှအေးမြလှသောရေကို ထိခွင့်ရပါသောကြောင့် ပင်ပန်းစွာတက်ရသော်လည်း တက်ရကျိုးနပ်သည်ဟု ပြောပြကြ၏။ ကျွန်တော်ကတော့ မတက်နိုင်ဟု ဆုံးဖြတ်ကာ ၀.၅ မိုင်အထိပဲတက်ခဲ့ပြီး ပြန်ဆင်းခဲ့ပါသည်။
ပတ်ဝန်းကျင်ရှုခင်းအလှအပများကို ခံစားပြီးပါက သစ်တောရဲများ ( park rangers ) ဖွင့်ထားသည့် ရံပုံငွေရှာဖွေသော ရေခဲမုန့်နှင့် အဆာပြေဆိုင်လေးမှာ အားပေးလို့ရသည်။ ပြခန်းလေးမှာ ဝင်ကြည့်လို့ရသည်။ အမှတ်တရပစ္စည်းအရောင်းဆိုင်မှာ ဝင်စားလို့ရသည်။ အပေါ်ထပ်ရှိ စားသောက်ဆိုင်မှာလည်း စားသောက်နိုင်ပါသေးသည်။
ဤရေတံခွန်ရှိရာသို့ လာလည်လိုသူများအတွက်အကြံပေးရမည်ဆိုပါက စောစောရောက်လျှင် ကားရပ်ရန်စိတ်ချရပြီး စောစောမရောက်နိုင်ပါက သူတို့စီစဉ်ပေးသော အခမဲ့ဘတ်စကားများနှင့် လာကြရန်၊ တောင်တက်နိုင်သူများအတွက် လိုအပ်သည်များ ပြင်ဆင်လာကြရန်၊ ကင်မရာကောင်းကောင်းယူခဲ့ရန်တို့ပင် ဖြစ်၏။ မိမိ၏ ခရီးစဉ်အမှတ်တရကို ကင်မရာကောင်းကောင်းဖြင့်မှတ်တမ်းတင်ထားပါက အမြဲအမှတ်တရ ပြန်ကြည့်နိုငိပါလိမ့်မည်။
ရေတံခွန်အနီးရှိ ပို့တလန်မြို့ကိုလည်း အချိန်ပိုပါက ဝင်ရောက်လည်ပတ်နိုင်ပါသေးသည်။ မိုးပျံရထားတွဲ ( Portland Aerial Tram / Gondola lift ) တွဲများပေါ်ကနေပြီး မြို့အလှကို တဝကြီးခံစားနိုင်ပါ၏။
ခရီးစဉ်မှအပြန် တွေးမိ၏။ ဒီရေတံခွန်က ကျွန်တော်တို့မြန်မာပြည်မှ ဓါတ်တော်ချိုင့် ရေတံခွန်နှင့် ခပ်ဆင်ဆင်။ ရေတံခွန်အသစ်တွေလည်း အများကြီး တွေ့ရှိနေသည်။ ဒီလိုရေတံခွန်များသို့သွားရာ လမ်းကို ချဲ့၊ ကားရပ်နားစခန်းဖေါ်ထုတ်၊ တောင်တက်ရန်အတွက် လမ်းကြောင်းများ ( hiking trails) တွေဖေါက်ပေး၊ ညအိပ် စခန်းချနိုင်ရန် ( Camping grounded) တည်ထောင်၍ ဆက်ဆံရေးကောင်းကောင်း ( Good custom service ) တွေပေးနိုင်ပါက နိုင်ငံခြားသားများကိုသာမကပဲ ပြည်တွင်းခရီးသွားများကိုပါ ဆွဲဆောင်နိုင်သည့် မြို့ပြအခြေစိုက် ခရီးသွားလုပ်ငန်းလေးတွေ ဖြစ်တည်လာကြမည်။ ဌာနေလူအများအပြားအတွက် အလုပ်ဖန်တည်းမှု ( local jobs creation ) တွေ ပေါ်ပေါက်လာကြမည်။
SME ခေါ် အသေးစားအလတ်စား လုပ်ငန်းလေးတွေ မြို့နယ်အနှံ့ ပေါ်ပေါက်လာရန် အရေးပါသလိုပင် ဌာနေအခြေစိုက် ခရီးသွားလုပ်ငန်းများ ( local based travel industries) လည်း ဖွံ့ဖြိုးလာဖို့ အရေးကြီးသည်မဟုတ်လား။ ဒါကိုတော့ နိုင်ငံတော်အဆင့်မှ အကောင်အထည်ဖေါ်ပေးမှသာ ဖြစ်နိုင်ပါလိမ့်မည်။
ကိုလံဘီယာမြစ်တလျှောက်မှ သစ်တောတွေနှင့် သဘာဝအလှကို ခံစားနိုင်ခြင်း၊ ရေတံခွန်မှ ရေများကလည်း ဒီမြစ်ထဲသို့သာ စီးဝင်ခြင်း တို့ကြောင့် ဒီခရီးစဉ်ကို ကိုလံဘီယာမြစ်မှအပြန် ခရီးအဖြစ်အမည်ပေးမိပါကြောင်း။
ချစ်ခြင်းအားဖြင့်
မောင်လူပေ