ဇင်လင်း ● ကောင်းမွန်သန့်ရှင်းတဲ့ အစိုးရဖြစ်ရေးနှင့် အကျင့်ပျက်ခြစားမှုအန္တရာယ်

ဇင်လင်း ● ကောင်းမွန်သန့်ရှင်းတဲ့ အစိုးရဖြစ်ရေးနှင့် အကျင့်ပျက်ခြစားမှုအန္တရာယ်

(မိုးမခ) ဇူလိုင် ၄၊ ၂ဝ၁၇

လွန်ခဲ့တဲ့ စစ်အစိုးရခေတ် နှစ် ၅ဝ ကျော် မြန်မာနိုင်ငံအခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ်ကြည့်ရင် စီးပွားရေးနဲ့ တကွ ဘက် ပေါင်းစုံ ယိုယွင်းကျဆင်းခဲ့ရခြင်းဟာ အစိုးရ အုပ်ချုပ်ရေးယန္တရားအတွင်း စာရိတ္တမဏ္ဍိုင် ယိုယွင်းခဲ့တဲ့ အချက် ဟာ ပဓါနကျတဲ့ ကိစ္စဖြစ်တယ်။ အဂတိလိုက်စားမှု အခြေအနေတွေကို စောင့်ကြည့်နေတဲ့ Transparency International အဖွဲ့၏ ၂ဝ၁၆ ခုနှစ် အစီရင်ခံစာ အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံအနက် မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှု အဆင့် ၁၃၆ ဖြစ်ပါတယ်။ အာဆီယံအဆင့်မှာ မြန်မာနိုင်ငံရဲ့ နောက်မှာ ကမ္ဘောဒီးယားနိုင်ငံသာရှိတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ဘက်ပေါင်းစုံ ဖွံ့ဖြိုးမှုနိမ့်ကျ ဆင်းရဲမွဲတေရတဲ့ အဓိကအကြောင်းတွေထဲ တရားစီရင်ရေးအပါအဝင် အစိုးရ အုပ်ချုပ်ရေး ယန္တရားအတွင်း အဂတိလိုက်စားမှု ကိစ္စဟာ အဆိုးဆုံးကိစ္စ ဖြစ်တယ်။ နိုင်ငံတော်ရဲ့ စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ရေးအတွက် အစိုးရ အုပ်ချုပ်ရေး ယန္တရားအတွင်း အဂတိ လိုက်စားမှုကို စံနမူနာထားတိုက်ဖျက်နိုင်မှသာ ကောင်းမွန်သန့်ရှင်းတဲ့ အစိုးရ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

၂ဝ၁၆ ခုနှစ် သြဂုတ် ၂ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ တနိုင်ငံလုံး အဂတိလိုက်စားမှု သိသိသာသာ ကျဆင်းရေး အတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့  အဆိုကို နေပြည်တော် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း တင်သွင်းခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံ တစ်ဝန်းမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိတဲ့ နယ်ပယ်အစုံမှာ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုတွေ ဆယ်စုနှစ်နဲ့ချီပြီး ဖြစ်ပေါ်နေတာ ကြာပြီဖြစ်ကြောင်း၊  လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှုတွေ ဟာ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ရောဂါဆိုးသဖွယ် ဖြစ်နေကြောင်း၊ နိုင်ငံတကာကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျင့်ပျက်ခြစားမှုနဲ့ အဂတိလိုက်စားမှုတွေဟာ ကြီးမားတဲ့ အဟန့်အတားတွေ ဖြစ်နေ ကြောင်း ဒေါက်တာသန်းဝင်းက ထည့်သွင်းတင်ပြ ဆွေးနွေးခဲ့ပါတယ်။ ဒေါက်တာသန်းဝင်းက သစ်တောပြုန်းတီးမှု အပါ အဝင် သဘာဝပတ်ဝန်းကျင်ပျက်သုဉ်းပြီး ရာသီဥတု ဖောက်ပြန်မှုအစရှိတဲ့ ဆိုးကျိုးတွေဟာ အဂတိလိုက်စားမှုတွေကြောင့် ဖြစ်တယ်လို့ တင်ပြခဲ့ဖူးတယ်။ အဂတိလိုက်စားမှု အခြေအနေတွေကို စောင့်ကြည့်နေတဲ့ နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့ (Transparency International) ရဲ့ ၂ဝ၁၅ ခုနှစ် အစီရင်ခံစာ အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၈ နိုင်ငံထဲမှာ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု အခြေအနေက အဆင့် ၁၄၇ မှာ ရှိတယ်။ မြန်မာနိုင်ငံဟာ အဆင့် (၁၄၇) မှာ တည်ရှိနေတဲ့အတွက် ကမ္ဘာ့အလယ်မှာ နိုင်ငံ့ ဂုဏ်သိက္ခာ ကျဆင်းနေကြောင်း ဒေါက်တာသန်းဝင်းရဲ့က တင်ပြခဲ့တယ်။

စစ်တမ်းအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၇ဝ ကျော်အနက် အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံတွေအဖြစ်  အဆင့်သတ်မှတ်ရာမှာ နံပါတ် ၁ ဒိန်းမတ်၊ ၂ နယူးဇီလန်၊ ၃ ဖင်လန်၊ ၄ ဆွီဒင် နဲ့ ၅ နော်ဝေ ဖြစ်ပါတယ်။  အာဆီယံနိုင်ငံ အုပ်စုထဲမှာ မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားက အဂတိလိုက်စားမှု အများဆုံးဖြစ်ပါတယ်။

၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က “နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ” ကို မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC)၊ နေပြည်တော်မှာ ကျင်းပခဲ့ဖူးတယ်။ အဲဒီ အလုပ်ရုံဆွေးနွေးပွဲမှာ စီးပွားရေးပညာရှင် ဦးမြင့်က ‘အဂတိ လိုက်စားမှု ကုထုံးစာတမ်း’ ကို တင်ပြ ခဲ့ ဖူးတယ်။ ဒီ နေရာမှာ ဦးမြင့်ရဲ့ တင်ပြချက်မှ စာပိုဒ်အချို့ကို ကောက်နှုတ်ဖေါ်ပြလိုပါတယ်။

– လာဘ်ပေးလာဘ်ယူမှုများတွင် ပေးသူရောယူသူပါ အကျိုးအမြတ် ရနိုင်ကြပါသည်။ အများပြည်သူ ကိုလိမ်ညာရန် သူတို့ နှစ်ဦး ပူးပေါင်းကြံစည်ကြခြင်းသာ ဖြစ်သည်။ ပြောရလျှင် လာဘ်ပေးလာဘ်ယူမှုကို ရောင်းလိုအားဘက်ကလည်း အလွယ် တကူ စတင်နိုင်ပါသည်။ အထူးသဖြင့် ပြည်တွင်းမှ  စီးပွားရေးလုပ်ငန်းကြီးများနှင့် ဖွံ့ဖြိုးပြီး နိုင်ငံ များမှ နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ (multinational corporations) ဖြစ်ပါသည်။ ဆင်းရဲသောနိုင်ငံများမှ အရာရှိများ ငြင်းဖို့ခက်လောက်အောင် မက်မော စရာကောင်းသော ကိုယ်ကျိုးအတွက် အသုံးကျသည့် ကမ်းလှမ်းချက်များကို အဆိုပြုနိုင်ကြသူများမှာ ထိုကုမ္ပဏီကြီးများပင် ဖြစ်ပါသည်။

– ဤကိစ္စကို ဥပမာတစ်ခုနှင့် ရှင်းပြပါမည်။ ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးတစ်ခုမှ ကျန်းမာရေးဝန်ကြီး ဌာနအနေနှင့် အလှူရှင်အဖွဲ့ အစည်းများမှ ထောက်ပံ့ကူညီငွေ ဒေါ်လာတစ်သန်း ရသည်ဆိုပါစို့။ မကြာခင်ကဖြစ်ပွားခဲ့သော လူမျိုးစုအကြမ်းဖက် ပဋိပက္ခကြောင့် မိမိတို့ဇာတိရပ်ရွာမှ ထွက်ပြေးခဲ့ရပြီး၊ အာဟာရချို့တဲ့မှု့ဒဏ်ခံနေရသော ကလေးငယ်များအတွက် အရေး ပေါ် ရိက္ခာအကူအညီအဖြစ် အဆိုပါ ဒေါ်လာတစ်သန်း ရရှိခဲ့ခြင်း ဖြစ်ပါသည်။ ဤတွင် ဥရောပစားသောက်ကုန်လုပ်ငန်းကုမ္ပဏီကြီးတစ်ခုက ထိုနိုင်ငံ၏ ကျန်းမာရေးဝန်ကြီး နှင့်  ပူးပေါင်း ကြံစည်ပြီး သက်တမ်း သတ်မှတ်ချက် ကျော်လွန်နေသော နို့မှုန့်များကို ဈေးချိုချိုနှင့်ဝယ်ပြီး ဒေါ်လာတစ်သန်း စာရင်းပြကာ ဆိုခဲ့ပါနိုင်ငံသို့ ပံ့ပိုးခဲ့သည်။

– ထိုသို့ ဈေးပေါပေါနှင့်ဝယ်ရာမှရရှိသော အမြတ်အစွန်းတွေကို ကုမ္ပဏီကအိတ်ထဲထည့်ပြီး ထိုအထဲမှ ဝေစုအချို့ ကို ဝန်ကြီး၏ နိုင်ငံခြားဘဏ်စာရင်းသို့ လွှဲလိုက်ပါသည်။ ကုမ္ပဏီရော၊ ဝန်ကြီးပါ အကျိုး အမြတ်များစွာ ရခဲ့ကြ သော်လည်း၊ ဒုက္ခသည်ကလေးငယ်တွေမှာ သက်တမ်းလွန် နို့မှုန့်အပျက်တွေ သောက်သုံးမိ၍ အာဟာရမဖြစ်ရုံမျှ မက ရောဂါတိုးရ လေတော့သည်။

– ဤဥပမာက ဘာကိုဖော်ပြနေသနည်းဆိုလျှင် ဆင်းရဲနိုင်ငံများ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကူညီရာ တွင် ဝယ်လိုအားဘက်တစ်ခုတည်းမှ ပြဿနာများကို ကြည့်မြင်ရုံမျှဖြင့် မလုံလောက် ဆိုသောအချက် ဖြစ်ပါ သည်။ ဤအချက်ကို ဖွံ့ဖြိုးပြီးနိုင်ငံများကိုယ်တိုင်က ပို၍သဘောပေါက်လာ ဟန်လည်း ရှိပါသည်။ ပို၍ လက်တွေ့ ကျပြီး မျှတသောအမြင်ဖြစ်ဖို့ဆိုလျှင် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများအနေ နှင့် မိမိတို့နိုင်ငံမှ ပြည်ပသို့ လာဘ်ပေးသည့် ကုမ္ပဏီကြီးများကို အလေးထားစောင့်ကြည့်ဖို့ လိုပါသည်။

စီးပွားရေးပညာရှင် ဦးမြင့်ရဲ့ အကြံပြုချက်များဟာ အစိုးရကက်ဘိနက်မှာ လေးလေးနက်နက်ထည့်သွင်းစဉ်းစားရမယ့် ကိစ္စဖြစ်ပါတယ်။ လက်ရှိအစိုးရဟာ ဒီမိုကရေစီ လိုလားတဲ့ အစိုးရဖြစ်ပါတယ်။ ဒါကြောင့် တကယ့် ဒီမိုကရက်တစ် အစိုးရ တစ်ရပ်ဖြစ်လာရေးအတွက် ကောင်းမွန်သန့်ရှင်းတဲ့ အုပ်ချုပ်ရေးယန္တရားကို ထူထောင်ရမှာ ဖြစ်ပါတယ်။ ကောင်းမွန် သန့်ရှင်းတဲ့ အစိုးရဖြစ်ဖို့အတွက် ကောင်းမွန်သန့်ရှင်းတဲ့ အစိုးရဝန်ထမ်းတွေ လိုပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဝန်ထမ်းတွေအတွက် ကုန်ဈေးနှုန်းနဲ့ အချိုးညီတဲ့ လုပ်ခလစာနဲ့ လူမှုဖူလုံရေးခံစားခွင်တွေ ဖေါ်ဆောင်ပေးခြင်းဖြင့် ဝန်ထမ်းကောင်းတွေ ပေါ်ထွန်းလာအောင် လုပ်ပေးရပါလိမ့်မယ်။ အခြားတစ်ဖက်မှာလည်း လာဘ်ပေးလာဘ်ယူကင်းတဲ့ အစိုးရရုံးများအဖြစ် ပြည်သူကို ဝန်ဆောင်မှု ပေးနိုင်အောင် ပညာပေးသင့်ပါတယ်။ ဒါမှသာ ကောင်းမွန်သန့်ရှင်းတဲ့ အစိုးရဝန်ထမ်းတွေ မွေးထုတ်နိုင်မှာဖြစ်ပြီး အစိုးရအပေါ်ပြည်သူက ယုံကြည်အားကိုး မှာ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရကက်ဘိနက်အဖွဲ့ဝင်များ၊ အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များအနေနဲ့ ပညာရှင်တွေရဲ့ အပြုသဘော အကြံပေးချက်တွေကိုလည်း တန်ဖိုးထားတတ်ဖို့လိုပါတယ်။ ပညာရှင်တွေကို အသိအမှတ်မပြုဘဲ ဘေးဖယ်ထားခဲ့တဲ့အတွက် အရင့် အရင်အစိုးရတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ သာဓကကို သင်္ခန်းစာ ယူသင့်ပါတယ်။ ဒါကြောင့် လက်ရှိအစိုးရအဖွဲ့အနေနဲ့ လူထုရဲ့ယုံကြည်ကိုးစားမှု ရရှိရေးအတွက် အုပ်ချုပ်ရေး ယန္တရားကို တကယ် နားလည်တတ်ကျွမ်းသူတွေနဲ့ ပြုပြင်ပြောင်းလဲဖို့ စဉ်းစားသင့်ပါတယ်။ လူမှန်နေရာမှန်ဖြစ်ရေးနဲ့ လူထုကို အမှန်တကယ် အလုပ်အကျွေးပြုလိုတဲ့ ကောင်းမွန်သန့်ရှင်းတဲ့ အစိုးရဝန်ထမ်းတွေ ပေါ်ထွက်လာအောင် စီစဉ်ဆောင်ရွက်ဖို့အထူးလိုအပ်ပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ စစ်အစိုးရအဆက်ဆက် နှစ်ပေါင်းငါးဆယ်ကျော်အတွင်း ချန်ထားရစ်တဲ့ ဆိုးမွေတွေကို ခံစားနေကြရတယ်။ အဆိုးဆုံးအမွေက ပြည်တွင်းစစ်ပါပဲ။ ပြည်တွင်းစစ်နဲ့အတူ တခြား မလိုလားအပ်တဲ့ ဆိုးမွေတွေက လည်း တသီကြီးပါပဲ။ စစ်တပ်အလုပ်က လုံခြုံရေးနဲ့ ကာကွယ်ရေးလုပ်ငန်းဖြစ်ပါတယ်။ အုပ်ချုပ်ရေးနဲ့ စီးပွားရေးက စစ်တပ်နဲ့ဘာမှ မဆိုင်ပါဘူး။ စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်းဖြစ်တဲ့ အမိန့်ပေးစနစ်နဲ့ လုပ်လို့ ရတဲ့ ကိစ္စတွေ မဟုတ်ပါဘူး။ အုပ်ချုပ်ရေးပိုင်း တာဝန်ယူရတဲ့ အရာထမ်း အမှုထမ်းတွေဆိုတာ သူတို့နဲ့သက်ဆိုင်တဲ့ ပညာရပ်တွေ ဆည်းပူးခဲ့ဖူးသူတွေ ဖြစ်တယ်။ အုပ်ချုပ်ရေးအတွေ့အကြုံတွေအရ တဆင့်ပြီး တဆင့် ရာထူးတာဝန် တိုးမြှင့် ထမ်းဆောင်ရသူတွေဖြစ်တယ်။ မိုးကျရွှေကိုယ်တွေနဲ့ ဆောင်ရွက်ခဲ့တဲ့ အုပ်ချုပ်ရေးကဏ္ဍကို ပြန်သုံးသပ်ရင် ပဒေသရာဇ်စနစ်ကို ပြန်အသက်သွင်းလိုက် သလို ဖြစ်ခဲ့တာ သမိုင်းသက်သေတွေရှိပါတယ်။ ဘာမှ လူတွေအကြောင်း လောကအကြောင်း ကျင့်ဝတ်အကြောင်း မည်မည်ရရ မသိဘဲ၊ ရာထူးယူပြီး အုပ်ချုပ်ခဲ့ကြတဲ့ မိုးကျရွှေကိုယ်တွေ သိတာက အမိန့်ပေးတတ်တာပဲဖြစ်ပါတယ်။ အကျိုးအပြစ်ကို မသိ၊ အမှားအမှန် မခွဲခြားတတ်ဘဲ ကိုယ့်အကျိုးအတ္တကို ဗဟိုပြုပြီး အမိန့်ပေးအုပ်ချုပ်ခဲ့တဲ့အတွက် တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံ (Least Developed Country – LDC) အဆင့်အထိ ပြုတ်ကျခဲ့ရတာ သမိုင်း သက်သေပါပဲ။

ကိုလိုနီခေတ်က ဗြိတိသျှကို တော်လှန်ခဲ့ကြရပေမယ့် သူတို့ဆီက ကောင်းမွန်တဲ့ အုပ်ချုပ်ရေးပညာကိုတော့ ယူခဲ့ကြရပါ တယ်။ အုပ်ချုပ်ရေးကို ပြည်သူလက်ခံအောင် နည်းလမ်းစည်းကမ်းမှန်မှန် ကန်ကန်နဲ့ ကျင့်သုံးရတာဖြစ်တယ်။ စစ်အစိုးရ တွေ မတိုင်ခင်က အုပ်ချုပ်ရေးကဏ္ဍကို စနစ်တကျ သင်တန်းပေးထားတဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ စီမံကွပ်ကဲ ခဲ့တာဖြစ် တယ်။ အတွင်းဝန်စနစ်နဲ့ ဝန်ကြီးဌာနတွေကို စီမံအုပ်ချုပ်ခဲ့တာ ဖြစ်တယ်။ အမြဲတမ်း အတွင်းဝန်တွေခန့်ထားပြီး ဝန်ကြီး ဌာနတွေ ကို စီမံအုပ်ချုပ်တဲ့ စနစ်ဖြစ်တယ်။ တိုင်းမင်းကြီးတွေက နယ်တွေကို ဦးစီးဦးဆောင်ပြုပြီး စီမံအုပ်ချုပ်ခဲ့တယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစ အချိန်မှာ စီမံအုပ်ချုပ်တဲ့ သူတွေဟာ အင်္ဂလိပ်လက်ထက်က အိုင်စီအက်စ် (I.C.S – India Civil Service Officer) တွေဖြစ်ကြတယ်။ အုပ်ချုပ်ရေးဝန်ထမ်းတွေဟာ နိုင်ငံရေးပါတီတွေနဲ့ကင်းရှင်းရတယ်။ အာဏာရ  နိုင်ငံရေး ခေါင်းဆောင်တွေအပေါ် တာဝန်ခံပြီး အုပ်ချုပ်ရေးပိုင်းကို စီမံခန့်ခွဲရတယ်။ မိမိသင်ယူထားတဲ့ အုပ်ချုပ်ရေးပညာ၊ မိမိရဲ့ အုပ်ချုပ်ရေးအတွေ့အကြုံတွေကို အသုံးချပြီး နိုင်ငံရေးအာဏာရရှိထားတဲ့ ခေါင်းဆောင်တွေကို အကြံပေးကြရ တယ်။

အစိုးရကက်ဘိနက်အဖွဲ့ရဲ့တာဝန်ခံဆုံးဖြတ်ချက်တွေနဲ့အညီ အိုင်စီအက်စ်တွေက လုပ်ငန်းပိုင်း ဆိုင်ရာမှာ အကောင်အထည် ဖော်ကြရတယ်။ သူတို့ရဲ့ ကျင့်ဝတ်၊ အုပ်ချုပ်ရေးအတွေ့အကြုံများနဲ့အညီ သိက္ခာ သမာဓိကို ထိန်းသိမ်းကြရ တယ်။ တစ်စုံတစ်ယောက်ရဲ့ သြဇာလွှမ်းမိုးမှုကို ခံစရာမလိုဘဲ မိမိကျွမ်းကျင်တဲ့ အုပ်ချုပ်ရေးလုပ်ထုံး လုပ်နည်းများနဲ့အညီ ပြည်သူ့ ဝန်ထမ်းပီသစွာ တာဝန်ထမ်းရွက်ကြရတယ်။ လွတ်လပ်ရေးရပြီးနောက် အိုင်စီအက်စ်တွေ ကို ဘီစီအက်စ် (B.C.S, Burma Civil Service officers) အဖြစ် အသွင်ပြောင်းပြီး အုပ်ချုပ်ရေးကဏ္ဍမှာ တာဝန်ယူစေခဲ့ တယ်။ အဲဒီ အရာရှိတွေထဲမှာလည်း အရာရှိဆိုးတချို့တော့ ရှိခဲ့တာပါပဲ။ ဗျူရိုကရက် အရာရှိဆိုးအဖြစ် လူထုနဲ့ သတင်းစာ က ဝေဖန်ပြစ်တင်ခံရသူတွေလည်းရှိပါတယ်။

အရင် မဆလ၊ နဝတ၊ နအဖ ခေတ်တွေကို ပြန်ကြည့်ရင် အုပ်ချုပ်ရေးပညာကျွမ်းကျင်သူတွေကို နေရာပေးတာမျိုး မလုပ် ဘဲ၊ အမိန့်နာခံတတ်သူ မေးခွန်းပြန်မထုတ်ဘဲ အမိန့်အတိုင်း လုပ်တတ်သူတွေကိုသာ နေရာပေးခဲ့တာ တွေ့ခဲ့ရတယ်။ အုပ်ချုပ်ရေးဘာသာရပ်ကျွမ်းကျင်တတ်သိမှုကို အလေးမထားဘဲ၊ အုပ်စု ဂိုဏ်းဂဏအရ ယုံကြည် စိတ်ချရသူ တွေကိုသာ လုပ်ပိုင်ခွင့်ပေးခဲ့တာ တွေ့ခဲ့ရတယ်။ အခြား တစ်ဖက်မှာလည်း အရပ်ဘက်ဌာနတွေမှာ တပ်မတော်အရာရှိ တွေ၊ အငြိမ်းစားပုဂ္ဂိုလ်တွေကို လုပ်ပိုင်ခွင့်ရှိတဲ့ နေရာဌာနတွေမှာ တာဝန်ပေးခဲ့တာတွေ ဖြစ်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက် ချက်ဟာ နဝတ၊ နအဖ ခေတ်မှာ အရှိန်အဟုန်ပိုမြင့်မားလာတယ်။ ပြည်သူ့ဝန်ထမ်းတွေကိုလည်း ဖောင်ကြီးသင်တန်း တက်စေပြီး ပုံစံသွင်းခဲ့တယ်။ မဆလပါတီဝင်မဟုတ်ရင်၊ ဖေါင်ကြီးသင်တန်းမတက်ရသေးရင် ရာထူးတိုး မပေးတာမျိုးတွေ ဖြစ်ခဲ့တယ်။ ဒါဟာ တကယ်တော့ တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးထက် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ဂိုဏ်းဂဏစွဲ ပိုမိုကြီးထွားစေခဲ့တယ်။ ဆရာမွေး တပည့်မွေးစနစ်ကို အားပေးအားမြှောက် လုပ်ရာကျခဲ့ပါတယ်။ ရလဒ်ကတော့ တိုင်းပြည်နဲ့ လူမျိုးဂုဏ်သိက္ခာ ကျဆင်းခဲ့ရပြီး စီပွားရေးအရလည်း ချွတ်ချုံကျခဲ့ရတာပဲ အဖတ်တင်ပါတယ်။

မြင်သာအောင်ပြောရရင် အဲဒီဖြစ်စဉ်ဟာ အမိန့်ပေးစနစ်နဲ့ အုပ်ချုပ်တဲ့အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်ခဲ့တာဖြစ် တယ်။ ရလဒ်ကတော့ အမှုထမ်း အရာထမ်းတွေဟာ ကိုယ်ပိုင်စဉ်းစား ကြံဆလုပ်ကိုင်နိုင်စွမ်းတွေ ပျောက်ဆုံးကုန်တယ်။ ထင်လွယ်မြင်လွယ်ဖြစ်အောင် ပြောရရင် လူစွမ်းလူစတွေ တုံးကုန်တယ်။ သင့်/မသင့်၊ မှန်/မမှန်၊ အကျိုးရှိ/မရှိ၊ ကောင်း/ မကောင်း မစဉ်စားတော့ဘဲ၊ အမိန့်နာခံတတ်ဖို့ လူကြီးကြိုက်လုပ်တတ်ဖို့လောက်ကိုသာ အလေးထားကြတော့တယ်။ “မလုပ် မရှုပ် မပြုတ်” ဆိုတဲ့ မသုံးလုံးနဲ့ “ခေါ်ရင်သွား၊ ခိုင်းရင်လုပ်၊ ခံမပြောနဲ့၊”  ဆိုတဲ့ ခသုံးလုံး လမ်းစဉ် အတိုင်း လုပ်ခဲ့ ကြတယ်။ ရလဒ်ကို အခြေပြုတဲ့ စီမံခန့်ခွဲမှု (Result Orientated Management) မလုပ်တတ်တော့ဘဲ အထက် လူကြီး အကြိုက်သာ လုပ်တတ်ကြတော့တယ်။ ဒါကြောင့် အစိုးရဌာနဆိုင်ရာတွေမှာ ဘာရလဒ်မှ ကောင်းကောင်း မထွက်ခဲ့တာ ဖြစ်တယ်။ စက်ရုံအလုပ်ရုံမှန်သမျှ အရှုံးပြခဲ့တယ်။ လူကြီးကြိုက်တာကို ဂုဏ်ယူခဲ့တယ်။ ဒီထက်ပို ဆိုး တာကတော့ အထက်လူကြီးတွေအတွက် အဆင့်ဆင့် အကြံအဖန်တွေလုပ်ပေးတဲ့ အကျင့်ပျက်ခြစားမှုတွေ ပေါ်ပေါက်ခဲ့တယ်။ အများ မိုးခါးရေသောက်တဲ့ခေတ်လို့တောင်ပြောစမှတ်ပြုကြပြီး၊ လာဘ်မစားတဲ့သူကိုတောင် အရူးလို့ ဆိုကြတဲ့အထိ ခေတ်ပျက်ခဲ့ တယ်။

ဒါကြောင့် အစိုးရအနေနဲ့ အဂတိလိုက်မှု ကင်းရှင်းရေးအတွက် ခေါင်ကစ အမိုးလုံရမှာ ဖြစ်ပါတယ်။ ကက်ဘိနက်အဖွဲ့ဝင် တွေ အပါအဝင် အစိုးရယန္တရားအဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်နေကြသူအားလုံး လာဘ်ပေးလာဘ်ယူ လုံးဝကင်းရှင်း ဖို့ လိုပါတယ်။ တာဝန်ရှိသူတွေကိုယ်တိုင် တာဝန်ယူမှု တာဝန်ခံမှု ပွင့်လင်းမြင်သာမှုကို လေးစားကျင့်သုံးရမှာ ဖြစ်တယ်။ ဥပဒေစည်းမျဉ်း စည်းကမ်းတွေကိုလည်း လေးစားလိုက်နာကြဖို့လိုတယ်။ အထူးသဖြင့် လုပ်ပိုင်ခွင့်ရှိသူတွေ  ကိုယ်ကျင့် သီလမပျက်ဖို့၊ သန့်သန့်ရှင်းရှင်း ဆုံးဖြတ်လုပ်ကိုင်ကြဖို့ အလွန်အရေးကြီးပါတယ်။ ဒါမှသာ အုပ်ချုပ်ရေး ယန္တရား အဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ အစိုးရအမှုထမ်း အရာထမ်းတွေအဖို့လည်း စံနမူနာယူစရာ ဖြစ်ပါ လိမ့်မယ်။ ဒီကနေ့ NLD လူထုအစိုးရအနေနဲ့ ရင်ဆိုင်နေရတဲ့ ဘေးကျပ်နံကျပ်တွေ စိန်ခေါ်မှုတွေထဲက အကြီးမားဆုံးလို့ ပြောနိုင်တဲ့ ကိစ္စဟာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဖြစ်မယ်ထင်ပါတယ်။ တာဝန်ရှိတဲ့ အစိုးရအဖွဲ့က ခိုင်မာပြတ်သားတဲ့ နိုင်ငံရေး သန္နိဋ္ဌာန် ချမှတ်ပြီး တကယ် ဘက်မလိုက်တဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအစီအစဉ်ကို ချမှတ်ဆောင်ရွက်နိုင်မှသာ လူထုက ယုံကြည်ကိုးစားတဲ့ အစိုးရ၊ ကောင်းမွန်သန့်ရှင်းတဲ့ အစိုးရ ဖြစ်လာနိုင်မယ်လို့ သုံးသပ်မိကြောင်းပါ။