သူတို့အာဘော် မောင်ရစ်

မောင်ရစ် – Hidden Agenda … အတွင်းသဘောထား

မောင်ရစ် – Hidden Agenda … အတွင်းသဘောထား
(မိုးမခအယ်ဒီတာ့လက်ရေး) မိုးမခ၊ ဇူလိုင် ၄၊ ၂၀၁၇

အင်္ဂလိပ်စာမှာ Hidden Agenda ဆိုတာ ရှိပါတယ်။ အပေါ်ယံက ဘယ်လိုပဲ ပြောနေ ပြောနေ၊ အတွင်းပကတိသဘောထားက တမျိုးဖြစ်နေတာ၊ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်နေရှိတာကို ဆိုလိုတာပေါ့။

မကြာသေးခင်က ဘာတေးလစ်တနာရေးတဲ့ တရုတ်ပြည်နဲ့ ပတ်သက်တဲ့ ဆောင်းပါးမှာ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး တရုတ်ပြည်ဟာ မျက်နှာစာအမျိုးမျိုးကနေ ပတ်သက်တာ စွက်ဖက်တာတွေ လုပ်ခဲ့တယ်၊ လုပ်နေတယ်လို့ သုံးသပ် တင်ပြထားပါတယ်။ နယ်စပ်က လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့လည်း အကျိုးတူပူးပေါင်းမှုတွေရှိသလို၊ တပ်မတော် စစ်အုပ်စုနဲ့လည်း လက်တွဲခဲ့တာပါပဲ။ ပြီးတော့ လက်ရှိအစိုးရ အာဏာပိုင်တွေနဲ့လည်း အလုပ်တွဲလုပ်နေတာပါပဲ။ သည်တော့ သူတို့အကျိုးစီးပွား (တရုတ်ပြည်ကြီး ကောင်းစားကြီးကျယ် သာယာဝပြောရေး) ကိုသာ အဓိကထားတယ်ဆိုတာဟာ သူတို့ အတွင်းပကတိသဘောထားလို့ ဆိုရမှာပါ။ လက်ရှိမှာ ၂၁ ရာစု ပိုးလမ်းမကြီး အရေးကိစ္စနဲ့ တရုတ်ဂလိုဘယ်လိုက်ဇေးရှင်း ရှေ့တန်းရောက်ရေးက အဓိကထင်ရှားလာတော့ သူတို့ အတွင်းပကတိသဘောထားဟာ ဖုံးဖိမရဖြစ်လာပါတယ်။

Win Win တို့ သာတူညီမျှတို့ ဆိုတာဟာ အပေါ်ယံပြောလို့ ကောင်းပေမယ့် အတွင်းကတော့ ကိုယ့်အကျိုးစီးပွား အသာရရေးက အဓိကဖြစ်နေကြတယ်ဆိုတာ နိုင်ငံတိုင်းမှာ သဘောတူနိုင်ကြမယ် ထင်ပါတယ်။

ရုရှားပြည်ထောင်စုကြီးဆိုတာ အမေရိကန်နဲ့ ပြိုင်ဘက်ဖြစ်ပါတယ်။ တဦးကို တဦး အသာရအောင် ပြိုင်ရုံတင်မက တဦး ထိခိုက်နစ်နာအောင်လည်း လျို့ဝှက်တိုက်ခိုက်ကြပါတယ်။ ရုရှားရဲ့ hidden agenda က ဘာလဲဆိုတာ လွန်ခဲ့တဲ့ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲမှာ ဗူးပေါ်သလို ပေါ်ခဲ့ပါတယ်။ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲစနစ်ကို သက်ဝင်ယုံကြည်မှု ထိခိုက် ပျက်ယွင်းအောင် လုပ်နိုင်ဘို့အတွက် အမေရိကန်ရွေးကောက်ပွဲကို သူတို့ နှောက်ယှက်ခဲ့ကြပါတယ်။ မဲလက်မှတ် ရေတွက်စက်ကို အင်တာနက်ကနေ ဖောက်ထွင်းခဲ့ကြပါတယ်။ သမ္မတလောင်း ထရန့်နဲ့ ဟီလာရီ မဲပြိုင်ကြရာမှာ ထရန့်အသာရအောင် ဟီလာရီကို ထိခိုက်စေတဲ့ လုပ်ကြံသတင်းတွေ၊ လျို့ဝှက်ချက် ပေါက်ကြားအောင် လုပ်ခဲ့ကြပြီး ထရန့်ကို သွယ်ဝိုက်အားပေးခဲ့ကြပါသတဲ့။ ရုရှားဟက်ကာတွေ တိုက်ခိုက်ဖို့ ရုရှားသမ္မတ ပူတင်က အမိန့်ပေးခဲ့ပါသတဲ့။ ခုထိ အမေရိကန်က စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အဲသလို ကျုးကျော်စော်ကားမှု လုပ်တဲ့အတွက် နိုင်ငံရေး စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ဒဏ်ခတ်ထားတယ် ပြောကြပါတယ်။


အာဏာရ ရီပတ်ဘလစ်ကန်ပါတီနဲ့ သမ္မတကြီး ထရန့်က အဲသည်လို ရုရှားရဲ့ ရွေးကောက်ပွဲဖောက်ထွင်းမှုကို အပြုံးတောင် မပျက်ကြတာကလည်း အံ့သြစရာပါ။ ရွေးကောက်ပွဲ အဆုံးသတ်မှာ သူတို့တွေချည်း အနိုင်ရပြီး အာဏာကို ဆုပ်ကိုင်ထားနိုင်ပြီ ဆိုမှတော့ သူတို့ရဲ့ ပကတိသဘောထားကလည်း သိသာထင်ရှားလာပါတယ်။ နိုင်ငံရေးပါတီရဲ့ hidden agenda ဆိုတာကလည်း အာဏာကို ဘယ်လိုပဲဖြစ်ဖြစ်ရဖို့၊ ရွေးကောက်ပွဲအနိုင်ရဖို့ဆိုတာ ဖြစ်တော့သကိုး လို့ ဆိုရမှာပါ။ 


အာဏာကို ရထားပြီ ဆိုမှတော့ ဘာလိုသေးလဲ။ လက်ရှိမှာ အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရန့်က သူ့ တွစ်တာလက်ကိုင်ကနေ အမေရိကန်မီဒီယာတွေကို ပက်ပက်စက်စက် စော်ကားပြောဆိုနေပါတယ်။ မြန်မာပြည်က ပုဒ်မ ၆၆(ဃ)သာ အမေရိကန်မှာ ရှိလို့ကတော့ ထရန့်က သတင်းဌာနတွေ အားလုံးကို တရားစွဲပြီး ထောင်ထဲတောင် ထည့်ပစ်မလား မသိပါဘူး။ ဒါဟာ လူကြီးလူကောင်းမဆန်မှန်းသိရဲ့သားနဲ့ သူ့ဘက်တော်သား ရီပတ်ဘလစ်ကန်ပါတီခေါင်းဆောင်တွေကော၊ ထရန့်အစိုးရအဖွဲ့ဝင်တွေကပါ မျက်စိမှိတ်ပြီး ကာကွယ်ပေးကြပါတယ်။ ‘လူဆိုတာ ခံစားချက်နဲ့ဆိုတော့ မီဒီယာတွေ ပြောတာကို မခံနိုင်တော့ ပြန် တွယ်ရတာ သဘာဝပဲ၊ သမ္မတကြီးလည်း လူပဲ’ လို့ ပြန် ဆင်ခြေပေးကြပါတယ်။ ခက်တာက သမ္မတဆိုတာ သာမန်လူမှ မဟုတ်တာကိုး။ 


ဆိုလိုတာက hidden agenda ပါ။ public agenda တွေ ဘယ်လိုပဲ မိုးပျံအောင် ပြောနေပြောနေ၊ သူတို့အတွင်းသဘောမှာက သူတို့အကျိုးစီးပွားကို ကာကွယ်ဖို့က အဓိကဆိုတော့ သူတို့အချင်းချင်းတွေဘက်က လိုက်ကြမှာကိုးလို့ ပြောချင်တာ။


အာရပ်နိုင်ငံတွေကိုကော ဘယ်လိုပြောမလဲ။ တလောက အာရပ်သားချင်းနိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေးဗျားနဲ့ ကွာတာနိုင်ငံတို့ အချင်းများကြပါတယ်။ ဆော်ဒီနဲ့ မဟာမိတ်တွေရဲ့ ရန်သူ အီရန်တို့ တူရကီတို့ဘက်က လိုက်တယ်ဆိုပြီး ကွာတာကို ပြစ်တင် ရှုံ့ချပြီး ပိတ်ဆို့အရေးယူကြပါသတဲ့။ အမှန်တကယ်ကတော့ ကွာတာနိုင်ငံရဲ့ သြဇာနဲ့ ပါဝါကို ကန့်သတ်ချင်တာပါ။ အပေါ်ယံမှာ ညီညွတ်ပါတယ်ဆိုတဲ့ အာရပ်ညီအကိုတွေဟာ အတွင်းသဘောထားတွေ ပေါ်လာတဲ့အခါ တင်းမာမှုတွေ တိုက်ခိုက်မှုတွေ ပေါ်ထွက်လာပါတယ်။ သူတို့တောင်းဆိုတဲ့အချက်တခုကတော့ ရယ်စရာလည်းကောင်း၊ စဉ်းစားစရာလည်း ကောင်းပါတယ်။ အာရပ်နဲ့ မူဆလင်တို့ရဲ့ မီဒီယာလို့ အနောက်အုပ်စုက သဘောထားတဲ့ ကွာတာ၏ အယ်ဂျာဇီးရားသတင်းဌာနကို ပိတ်ပစ်ရမယ်လို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ယခင်တုန်းက အာဏာ ပါဝါရခဲ့ပြီး ယခု အာဏာလက်လွတ်ထားတဲ့ အာရပ်နိုင်ငံအသီးသီးက အတိုက်အခံနိုင်ငံရေးအုပ်စုတွေနဲ့လည်း အဆက်အသွယ်ဖြတ်တောက်ရမယ်လို့ တောင်းဆိုပါသတဲ့။ 


နိုင်ငံအသီးသီးကိုယ်စီမှာ အခြားနိုင်ငံများနဲ့ ဆက်ဆံရေး ထူထောင်ကြရာမှာ၊ နိုင်ငံရေးတွေ လုပ်ကြတာမှာ မိတ်ဘက်ဆက်ဆံရေးအပြင် ရန်ဘက်ဆက်ဆံရေးဆိုတာလည်း ရှိနေတယ်။ အဲဒါကိုတော့ Hidden Agenda လို လျို့ဝှက်ထားကြတယ်။ ဒါဟာ နိုင်ငံတော်လုံခြုံရေးမူဝါဒ၊ သဘောထားအဖြစ် ထားကြပါတယ်။ အမေရိကန်နိုင်ငံကိုယ်တိုင်ကလည်း ထောက်လှမ်းရေးအေဂျင်စီတွေ သူတို့တပ်မတော်တွေကို သုံးစွဲပြီး နိုင်ငံတကာက လျို့ဝှက်အချက်အလက်တွေ ရယူတာ၊ စိစစ်တာ၊ တန်ပြန်သုံးစွဲတာတွေ လုပ်ကြပါတယ်။

ခုနောက်ပိုင်းမှာတော့ stateless entity တွေရဲ့ ၀င်ရောက် စွက်ဖက်မှုတွေ hidden agenda တွေကလည်း အရာရောက်လာပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်တို့၊ လူ့အခွင့်အရေးတို့၊ သတင်းစာလွတ်လပ်ခွင့်တို့ကို အကြောင်းပြပြီး ၀င်ရောက် ပြောဆို ဝေဖန် စွက်ဖက်တာတွေ လုပ်လာကြပေမယ့် အဲသည် အစိုးရမဟုတ်တဲ့ အဖွဲ့တွေ၊ အင်အားတွေ၊ အုပ်စုတွေရဲ့ ပကတိအတွင်းသဘောက တမျိုးတဖုံ ဖြစ်နေတာ တွေ့ရပါတယ်။

နိုင်ငံတာကို ပြန့်နှံ့နေတဲ့ ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတွေ၊ အကြမ်းဖက်အာဏာရှင် အစုအဖွဲ့တွေက သူတို့ ဘာသာရေးလွတ်လပ်ခွင့်တို့ သူတို့ ဘာသာဝင်တွေကို ကာကွယ်စောင့်ရှောက်ဖို့တို့ကို ကြွေးကြော်နေပမယ့်လည်း သူတို့အတွင်းသဘောမှာကတော့ အကြမ်းဖက်အာဏာရှင် အလေ့အထ ၀ါဒတွေနဲ့ သြဇာအာဏာကို ချဲ့ထွင်နေတာမျိုး ဖြစ်နေပါတယ်။ မူဆလင်ဘာသာဝင်တွေအများစု နေထိုင်ကြတဲ့ နိုင်ငံတွေမှာ အာဖရိက၊ အာရပ်၊ အရှေ့အလယ်ပိုင်းဒေသတွေမှာ သူတို့နိုင်ငံသားတွေကိုယ်တိုင် အချင်းချင်း သတ်ဖြတ်ခံနေရတာ၊ မိမိအိုးအိမ် နေရပ်ကို စွန့်ခွာထွက်ပြေးနေရတာတွေဟာ အကြမ်းဖက်အာဏာရှင် အစုအဖွဲ့တွေရဲ့ အတွင်းသဘောကို မြင်တွေ့နေရတာ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ဒါတွေကို မဖြစ်ပွားအောင် ရပ်တန့်ရအောင် ၀င်ရောက် စွက်ဖက်နေကြတဲ့ အရှေ့ အနောက်က နိုင်ငံတော်အစိုးရအသီးသီးတွေ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းအသီးသီးတွေကလည်း အကြမ်းဖက်သူတွေကို ဟန့်တားနိုင်ဖို့ထက် အကြမ်းဖက်ခံရသူ ဒုက္ခသည်တွေ သူတို့မြေတွေအထိ ပျံ့နှံ့ ကူးစက်မလာဘို့က ပိုပြီး အရေးပါနေတဲ့ Hidden Agenda ဖြစ်နေတတ်ပြန်ပါသေးတယ်။

ကျနော်တို့ မြန်မာနိုင်ငံတော်က ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့၊ တိုင်းပြည် စည်ပင်သာယာဝပြောဖို့၊ ပြုပြင် ပြောင်းလဲနိုင်ဖို့၊ အမျိုးသားရင်ကြားစေ့ပြီး ပြန်လည်သင့်မြတ်ကြဖို့၊ ပြည်တွင်း ပြည်ပ ဒုက္ခသည်တွေ အားလုံး လုံခြုံမှုရှိဖို့ ဥပဒေစိုးမိုးဖို့ ဆိုပြီး ကြိုးပမ်း ရုန်းကန် လှုပ်ရှားနေကြသည် ဆိုသော်လည်း သက်ဆိုင်ရာ အစုအဖွဲ့ ခေါင်းဆောင်မှု အသီးသီးရဲ့ မိမိကိုယ်ပိုင်အကျိုးစီးပွားကို မစွန့်လွှတ်နိုင်မှု၊ အထိခိုက် အနစ်နာ မခံနိုင်မှုတွေကလည်း သူတို့ အတွင်းသဘောထဲမှာ ရှိနေသးတာကြောင့် သံသယအကျိုးဆက်တွေအဖြစ် ငြိမ်းချမ်းမှု မရနိုင်သေးဘူးလို့ မြင်မိပါတယ်။ မိမိတို့ Hidden Agenda တွေက ပြည်ထောင်စုအကျိုးစီးပွားကို ပြန်များ ဟန့်တားနေသလားဆိုတာ စဉ်းစားချင်စရာပါ။

ဒီနေရာမှာ ပြောချင်တာလေးတခုကတော့ ၂၀၀၈ အခြေခံဥပဒေရဲ့ ပွင့်လင်းမြင်သာမှုဖြစ်ပါတယ်။ နိုင်ငံတော်၏ အခြေခံမူများလို့ ပြဌာန်းထားရာမှာ – အပိုဒ် ၆၊ အခန်းခွဲ (စ) နဲ့ တိတိလင်းလင်း ဖွင့်ဆိုထားတာ ဖြစ်ပါတယ်။ ‘နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက်ဦးတည်သည်’ လို့ ထင်ထင်ရှားရှားရေးထားပါတယ် ခင်ဗျား။ တပ်မတော်နဲ့ စစ်အုပ်စုမှာ Hidden Agenda ဆိုတာ မရှိပါ။ ပကတိအတွင်းသဘောကို အများသိအောင် ဖော်ထုတ်ထားပြီး ဖြစ်ပါတယ်။

တပ်မတော်ကိုယ်တိုင်က နိုင်ငံတော်ဦးဆောင်မှုမှာ အခန်းကဏ္ဍတရပ်အဖြစ် ထမ်းဆောင်နေတော့မယ် ဆိုမှတော့ သူတို့အတွင်းသဘောကို အားလုံးက သိရှိ သဘောပေါက်ပြီး ဖြစ်ကြမှာပါ။ သည်လိုဆိုရင်ဖြင့် အခြားသော အစုအဖွဲ့တွေ ပါတီတွေ လက်နက်ကိုင်တွေအားလုံးကလည်း တပ်မတော်ကြီးလိုမျိုး အမြဲတမ်း ဦးဆောင်မှုအခန်းကဏ္ဍမှာ ဦးတည်လျက် ရှိနေပါကြောင်း လျို့ဝှက်မထားဘဲ ထုတ်ဖော် ပြောဆို တင်ပြဆွေးနွေးနေကြမယ်သာဆိုရင် တမျိုးတဖုံများ အဆင်ပြေလာကြလေမည်လားလို့ အတွေးပေါက်နေမိပါကြောင်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts