မိုးမခကို ပေးတဲ့စာ

ရွှေပြည်စိုး – သက်ဆိုင်သူများသို့ မေတ္တာရပ်ခံခြင်း

ရွှေပြည်စိုး  – သက်ဆိုင်သူများသို့ မေတ္တာရပ်ခံခြင်း
(မိုးမခ) ဇူလိုင် ၁၊ ၂၀၁၇

အဖက်ဖက်က ယိုယွင်း ပျက်စီးနေတဲ့ အမိ မြန်မာနိုင်ငံကို နိုင်ငံတကာ အဆင့်မီ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် လူသစ် စိတ်သစ်၊ စနစ်သစ်နဲ့ တက်ညီလက်ညီ ချီတက်နိုင်မှသာ လိုရာ ပန်းတိုင် ရောက်မှာ ဖြစ်ပါတယ်။

ခုဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မဲ အပြတ်အသတ်နဲ့ အနိုင်ရပြီး NLD ပါတီ တခုတည်း လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့စည်း နိုင်ခဲ့ပြီး ဖြစ်သလို လူသစ် စိတ်သစ်၊ ဒီမိုကရေစီစနစ် အစစ်နဲ့ ချီတက်နေပါပြီ၊ ချီတက်လာတာ တနှစ်သာသာလေးတော့ ရှိသွားပါပြီ၊ တနှစ်အတွင်းမှာ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အခက် အခဲ၊ အကန့်အသတ်တွေကြားက လုပ်နိုင်သလောက် လုပ်လို့ တိုးတက်သင့်သလောက် တိုး တက်၊ ပြုပြင်သင့်တာတွေ ပြုပြင်၊ စည်းမျဉ်းစည်းကမ်းနဲ့ မညီသူတွေကို ကျောသား ရင်သား မခွဲခြားဘဲ ဖယ်ရှားသင့်သူတွေကို ဖယ်ရှားပြီးပါပြီ။ ဒီထက် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း နိုင်ငံခေါင်းဆောင်တွေ ဖြစ်ကြတဲ့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က တာဝန်နဲ့ ပြည်ပထွက်တိုင်း အမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ လေ့လာ ဆည်းပူးခဲ့ကြပြီး၊ နိုင်ငံနဲ့ ပြည်သူအားလုံး ကောင်းကျိုး ချမ်းသာအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နေကြပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီက NLD ပါတီက ကြွေးကြော်ထားခဲ့တဲ့ “အမျိုးသား ရင် ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး … ” စတဲ့ ဆောင်ပုဒ်တွေကိုလည်း လက်တွေ့ အကောင် အထည် ဖော်နေကြပါတယ်။ အရင်အစိုးရ ဟောင်းက အရာရှိကြီးငယ်တွေကိုလည်း ကတိ အတိုင်း ထိုက်တန်တဲ့ ရာထူးတွေ ခန့်အပ်ထားခဲ့သလို ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပ ပြီးစီးရာ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသာ လက်နက် ကိုင် အဖွဲ့အစည်းတွေက အဆိုပြုကြတဲ့ အချက်ပေါင်း (၄၁)ချက်ထဲက (၃၇)ချက်ကို အများသဘောတူညီမှုနဲ့ အတည်ပြုထားပြီး ကျန် အချက်အချို့ကို ဆက်လက် ညှိနှိုင်းနေကြတာ အားလုံး အသိပါ။ ဒါတွေဟာ NLD ပြည်သူ့ အစိုးရ ခေါင်းဆောင်တွေ ပေးထားတဲ့ ကတိစကားအတိုင်း လက်တွေ့ သက်သေပြနေတာ ဖြစ်သလို တိုင်းသူပြည်သားအားလုံး ကောင်းကျိုး ချမ်း သာအတွက် ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

မကြာသေးမီ ကာလကပဲ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ စင်္ကာပူ နိုင်ငံရဲ့ တိုးတက်မှုကို စံ နမူနာ ပြုပြိး “နှစ်ပေါင်း (၂၀)အတွင်း စင်္ကာပူနိုင်ငံကို မီအောင် ကြိုးစားမယ်”လို့ ဒေါ်စုက ပြော ဆိုထားသလို ဖြစ်အောင်လည်း ကြိုးစားနေပါတယ်။

အရင်အစိုးရ ခေါင်းဆောင်ဟောင်းတွေက ဒေါ်အောင်ဆန်းစုကြည်လို စဉ်းစားဖို့ မပြော နဲ့ ယောင်လိုတောင် အိပ်မက် မက်မိမယ် မထင်ဘူး။ ဒါကြောင့်လည်း သူတို့ တိုင်းပြည်ကို အုပ်ချုပ်တာ နှစ်ပေါင်း (၅၀)ကျော် ကြာခဲ့ပေမယ့် သူတို့ လူတစုက လွဲလို့ တိုင်းပြည်ရော၊ ပြည်သူလူထုပါ မတိုးတက် မချမ်းသာတဲ့အပြင် အာရှဒေသမှာရော ကမ္ဘာမှာပါ အဖက်ဖက်က အောက်အနိမ့်ဆုံးအဆင့်အထိ လျောကျသွားခဲ့ရတာ အားလုံး အသိပါ။ အကယ်၍ သူတို့သာ တိုင်းပြည် မျက်နှာ၊ ပြည်သူလူထုမျက်နှာကို ကြည့်မယ်ဆိုရင် ဘာသယံဇာတမှ မထွက်တဲ့ စင်္ကာပူလို နိုင်ငံ သေးသေးလေးထက် နိမ့်ကျစရာ အကြောင်း မရှိဘူး။ မြန်မာနိုင်ငံဟာ မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက် … တို့က သဘာဝ ဓာတ်ငွေ အပါအဝင် သယံဇာတ ပစ္စည်း တွေ အလွန်ပေါများ ကြွယ်ဝတဲ့ နိုင်ငံ ဖြစ်ပါလျက်နဲ့ ကမ္ဘာ့ ဖွံ့ ဖြိုး တိုးတက်မှု အနည်းဆုံး၊ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ရတာ ယူကျုံးမရ ဝမ်းနည်းရပါတယ်။ ဘာကြောင့် ဒီလို ဖြစ်ရတယ် ဆိုတာ စာဖတ်သူတို့ စဉ်းစားကြည့်ရင် အဖြေထွက်ပေါ်လာပါလိမ့်မယ်။

စင်္ကာပူနိုင်ငံ တိုးတက်မှု အကြောင်း သိကောင်းစရာ

စင်္ကာပူနိုင်ငံဟာ မြန်မာနိုင်ငံထက် (၁၇)နှစ်ခန့် နောက်ကျပြီးမှ လွတ်လပ်တဲ့ အချုပ် အချာ အာဏာပိုင်နိုင်ငံ ဖြစ်လာပါတယ်။ မြန်မာက (၁၉၄၈)မှာ လွတ်လပ်တဲ့ အချုပ်အချာ အာဏာပိုင် ဖြစ်လာတယ်၊ စင်္ကာပူက (၁၉၆၅)မှာ လွတ်လပ်တဲ့ အချုပ်အချာ အာဏာပိုင် နိုင်ငံ ဖြစ်လာတယ်။ စင်္ကာပူနိုင်ငံရဲ့ အကျယ်အဝန်းဟာ မြန်မာနိုင်ငံ အကျယ်အဝန်းထက် (၁၀)ဆ မက သေးငယ်သလို လူဦးရေမှာလည်း မြန်မာထက် (၁၀)ဆမက နည်းနေပြီး စင်္ကာပူဟာ ကျောက်ကျွန်းနိုင်ငံလေး ဖြစ်နေလို့ ရေလုံးဝ မထွက်သလို တွင်းထွက် ပစ္စည်းလည်း လုံးဝ မရှိပါ။ လိုအပ်တဲ့ ရေနဲ့ သားငါး၊ ဟင်းသီးဟင်းရွက်တွေကို မလေးရှားနိုင်ငံက ဝယ်ယူ သုံးစွဲနေ ရတဲ့ ကျွန်းနိုင်ငံလေး ဖြစ်တယ်။ ဒါပေမယ့် ယနေ့ ပိစိကွေး နိုင်ငံလေးဟာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအရ “အာရှကျား(၄)ကောင် စာရင်းဝင်နိုင်ငံ” ဖြစ်နေသလို ၂၀၁၅ စက်တင်ဘာလ ထုတ် ကမ္ဘာ့ ဘဏ်ရဲ့ စစ်တမ်းအရ “စင်္ကာပူနိုင်ငံဟာ ယနေ့ ကမ္ဘာ့စီးပွားရေး အဆင့်ကို တန်းမီသည်ဟု ဆိုနိုင်ကြောင်း” ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါလောက်ဆို ပိစိကွေး နိုင်ငံ လေးဟာ တိုတောင်းတဲ့ ကာလအတွင်းမှာ ကမ္ဘာ့စီးပွားရေး တန်းမီစာရင်းဝင်နိုင်ငံ ဖြစ်နေပြီ ဆိုတာ ထင် ရှားနေပါပြီ။

အမျိုးသားရေး အရေခြုံတွေက တမှောင့်

ခက်နေတာက ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်းများစွာ အကျယ်ချုပ်ခံ၊ ကိုယ်ကျိုး စွန့် အနစ်နာခံ၊ မိသားစု စွန့်၊ အသက်ပါ စွန့်ပြီး တိုင်းပြည်နဲ့ လူမျိုး ကောင်းကျိုးချမ်းသာရေး အတွက် အားကြိုးမာန်တက် လုပ်နေတာတောင်မှ ကြံ့ဖွံ့ပါတီနဲ့ အကျိုးတူ ဘက်တော်သားတွေ က အကောင်းမမြင်ကြဘဲ မနာလို ဝန်တို စိတ်ယုတ်မာတွေနဲ့ ကဖျက်ယဖျက် လိုက်လုပ်၊ အမုန်းစကားတွေ ပြော၊ အမုန်းတရားတွေ ဟော၊ ဘာသာရေး အစွန်းရောက် ပုဂ္ဂိုလ်တွေက လည်း ဘာသာရေး၊ လူမျိုးရေးတွေကို အကြောင်းပြပြီး အသိပညာနည်းပါးသူတွေနဲ့ ဆင်းရဲ ချို့ တဲ့တဲ့သူတွေကို ငွေကြေးပေးကာ သွေးထိုးလှုံ့ဆော်၊ ပြဿနာ ဖြစ်အောင်၊ ဆူပူမှု ဖြစ်အောင် လမ်းကြောင်းပေး၊ ဖန်တီးပေးနေတာတွေ တွေ့နေရတာလည်း ဝမ်းနည်းစရာပါပဲ။

မနာလို ဝန်တိုသူတွေရဲ့ အဖျက်အမှောင့်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ တရား ဝင် အနိုင်ရပါတီ ဖြစ်ပြီး တရားဝင် အုပ်ချုပ်ခွင့် အာဏာရ အစိုးရ ဖြစ်နေတာတောင်မှ ရွေး ကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ကြံ့ဖွံ့ပါတီနဲ့ အကျိုးတူ ပါတီ အဖွဲ့အစည်း အချို့ က လက်လွှတ် လိုက်ရတဲ့ ရာထူး အာဏာတွေ ပြန်လိုချင်လို့ အာဏာရ NLD ပြည်သူ့အစိုးရ အပေါ် မနာလို ဝန်တိုစိတ်တွေနဲ့ ဖျက်လိုဖျက်ဆီးတွေ လုပ်၊ ပြဿနာ အမျိုးမျိုး ဖန်တီး၊ ဘာသာရေး အစွန်း ရောက် ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်အချို့ က ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်အောင် သွယ်ဝိုက်၍တမျိုး၊ ပြောင်တမျိုး အမျိုးမျိုး သွေးထိုး ဆွပေးသလို၊ တချို့ ကလဲ နေ့စား၊ ရက်စား အခကြေးငွေတွေ ပေးပြီး ဖြားယောင်း သိမ်းသွင်း မြှောက်ပင့်ပေးပြိး ဆူပူ အုံကြွ၊ ရုန်းရင်း ဆန်ခတ် ဖြစ်အောင် သွေးထိုးပေး၊ စစ်တပ်ကလည်း တဖက်က ယုတ္တိရှိအောင် ငြိမ်းချမ်းရေး စကားတွေ တွင်တွင် ပြောပြီး တဖက်က ရမယ်ရှာပြီး နယ်မြေလုစစ်ပွဲ (သို့) နယ်မြေရှင်းလင်း ရေး စစ်ပွဲတွေကို အချိန်ကိုက်ပြီး ဆင်နွှဲနေတာ မျက်ဝါး ထင်ထင် တွေ့မြင်နေရပါတယ်။

အကျိုးတူ အဖွဲ့ဝင်တွေရဲ့ လျှို့ ဝှက်ချက်

အထက်မှာ ပြောသလို ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တွေနဲ့ စစ်တပ်တို့က အချိန်ကိုက်ပြီး လုပ် နေတာတွေဟာ သူတို့ အကျိုးတူ အစုအဖွဲ့တွေရဲ့ လျှို့ ဝှက်ချက်တခုပါ။ ဘာလဲဆိုတော့ အခု လတ်တလော ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ကြည့်ရင် အမျိုးသားရေး အရေခြုံ ရဟန်း ပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တွေက ဒေသအနှံ့ ဖြန့်ပြီး ဆူပူ အုံကြွမှုတွေ ဖြစ်အောင် ဆွပေး၊ စစ်တပ်ဖက် ကလည်း နယ်စပ်နယ်ခြားဒေသတွေမှာ အကြောင်းအမျိုးမျိုးပြပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ဆင်နေတယ်။ တတိုင်ပြည်လုံး ထိန်းမနိုင်၊ သိမ်းမရ အခြေ အနေမျိုးဖြစ်အောင် ဖန်တီးပြီးမှ နေရာအနှံ့ ဆူပွက်နေတော့မှ “တိုင်းပြည်ချောက်ထဲ ကျတော့ မှာမို့ စစ်တပ်က မနေသာလို့ အချိန်မီ ကယ်တင်လိုက်ရပါတယ်”လို့ ဆိုပြီး အရင့်အရင် တုန်းကလို ကယ်တင်ရှင်ကြီး အဖြစ်နဲ့ အာဏာ ပြန်သိမ်းတော့မယ့် လျှို့ ဝှက် အကြံအစည်ကို စတင် ရုပ်လုံး ဖော်နေပါပြီ။

ဒီလို ကြံစည်တာဟာ ခုမှ မဟုတ် အရင်တုန်းကလည်း အဲဒီလို ကြံစည်ခဲ့တာပဲ။ ဥပမာ ပြရရင် — ကြံ့ဖွံ့ပါတီ ဦးဆောင်ပြီး နိုင်ငံရေးပါတီ (၁၄)ပါတီနဲ့ တွေ့ဆုံပြီး ကြေညာချက် တစောင် ထုတ်ပြီး “နိုင်ငံအတွင်း ရင်ဆိုင်နေရသည့် ပြဿနာများကို ကာ/လုံ (အဖွဲ့ဝင် ၁၁-ဦးပါ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ) အစည်းအဝေး ခေါ်ယူ ဆုံးဖြတ် သင့်ကြောင်း … ” အပါအဝင် အချက် (၆)ချက်ပါ ကြေညာချက် တစောင် ဇန်န၀ါရီ ၂၄၊ ၂၀၁၇ မှာ ထုတ် ပြန်ပြီး အစိုးရကို တောင်းဆိုခဲ့တယ်၊ ဒီတောင်းဆိုမှုနဲ့ ပတ်သက်ပြီး ကြံ့ဖွံ့ ပါတီက အရှက်(၂)ခါ ကွဲသွားရတယ်။ ၁။ ကြံ့ဖွံ့ပါတီက ဦးဆောင်ပြီး နိုင်ငံရေးပါတီ (၁၄)ခုတို့က ကာ/လုံ အစည်း အဝေး ခေါ်ယူဖို့ တောင်း ဆိုရာမှာ ပလောင် (တအာင်း) အမျိုးသားပါတီ (TNP)က သဘော မတူလို့ ကြေညာချက်မှာ လက်မှတ် မထိုးတာကို (TNP)က သဘောတူသယောင် လုပ်ပြီး အမည်တု၊ လက်မှတ်တု ရေးထိုး ထုတ်ပြန်ခဲ့တယ်။ နောက်နေ့ ဇန်န၀ါရီ ၂၆၊ ၂၀၁၇  မှာ (TNP)ရဲ့ ကြေညာချက်မှာ လက်မှတ် ထိုးခြင်း မရှိပါဘူးလို့ ဆိုပြီး ပြင်းထန်စွာ ကန့်ကွက်လိုက်တဲ့ အတွက် ကြံ့ဖွံ့ ပါတီဟာ နိုင်ငံရေး လောကမှာ အကြီးအကျယ် နာမည်ပျက် အရှက်ကွဲခဲ့ရ တယ်။ ၂။ ကြံ့ဖွံ့ပါတီနဲ့ ကြံရာပါ ပါတီတွေက ဆင်ထားတဲ့ အကွက်ကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်က “ကာ/လုံ ခေါ်ဖို့ မလိုအပ်သေးဘူး” ဆိုပြီး ငြင်းပယ်လိုက်တဲ့အတွက် နောက် ထပ် အရှက် ရရှိသွားပြန်ပါတယ်။ ဒါဟာလည်း မူမမှန်တဲ့ ကြံ့ဖွံ့ပါတီရဲ့ လိမ်ညာမှုတွေ ဘူးပေါ်သလို ပေါ်သွားရတာ ဖြစ်ပါတယ်။

ကဲ … ဒါတွေဟာ ပြီးခဲ့တာတွေလည်း ပြီးသွားပါပြီ၊ မေ့ထားလိုက်ကြပါတော့၊ NLD ပြည်သူ့အစိုးရကလည်း ပြန်ကလဲ့စား ချေမှာ မဟုတ်တဲ့အပြင် ပေးထားတဲ့ ကတိစကားတွေ အတိုင်း အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး … စတာတွေကို လက်တွေ့ လုပ်နေကြတာ အားလုံး အသိပါ။

ဒါကြောင့် အတိုက်အခံပါတီနဲ့ အတိုက်အခံ ပြုလုပ်နေကြတဲ့ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် များ အနေနဲ့ အတ္တစွဲတွေ စွန့်လွှတ်ကြပြီး တိုင်းသူပြည်သား အားလုံး ကောင်းကျိုး ချမ်းသာ အတွက် ပြည်သူ့ အစိုးရနဲ့ လက်တွဲပြီး စွမ်းအားရှိသလောက် ပါဝင်လုပ်ဆောင်ကြဖို့ မေတ္တာ ရပ်ခံပါသည်။

အထူး မေတ္တာရပ်ခံချင်တာက–မြန်မာဗုဒ္ဓဘာသာဝင်များပီပီ ကမ္ဘာ့အလယ်မှာ မျက်နှာ မငယ်ရအောင် ဘာသာတရား လေးစားပြီး အမုန်းစကား၊ အမုန်းတရားတွေ မပြော မဟောကြ တော့ဘဲ အားလုံး စိတ်ချမ်းသာဖို့ တဦးနဲ့တဦး မေတ္တာတရား ရှေ့ထားပြီး မေတ္တာ ကရုဏာ ပွားများကြဖို့ အထူး အထူး မေတ္တာရပ်ခံအပ်ပါသည်။

အားလုံးကို ချစ်ခင်လေးစား မေတ္တာထားလျက်။
ရွှေပြည်စိုး
၂၆-၆-၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts