ကိုသန်းလွင် ရသဆောင်းပါးစုံ

ကိုသန်းလွင် ● တရုတ်ခေါင်းဆောင်ကြီးများ၏ ငွေကြေးအရှုတ်အထွေး

ကိုသန်းလွင် ● တရုတ်ခေါင်းဆောင်ကြီးများ၏ ငွေကြေးအရှုတ်အထွေး
(မိုးမခ) ဇွန် ၁၄၊ ၂ဝ၁၇

(၁)
၂ဝ၁၇ ခုနှစ်တွင် တရုတ်ပြည်၏ အကြီးမားဆုံးနိုင်ငံရေး ပြဿနာကြီးတခုသည် အမေရိကန်ပြည် နယူးရော့မြို့လယ်ခေါင်ရှိ ဒေါ်လာ ၆၈ သန်းကျော်တန် လူနေအိမ်တလုံးမှစတင် ဖြစ်ပွားခဲ့ပါသည်။ တရုတ်ပြည်မှထွက်ပြေး လွတ်မြောက်လာသော ဘီလီယံနာသူဌေးမစ္စတာဂိုဝမ်ဂီး (Mr Guo Wengui) က သူ၏နေအိမ်မှနေ၍ တွစ်တာဖြင့် တရုတ်ပြည်နိုင်ငံရေးအတွက် မီးလောင်ဗုံးကဲ့သို့ အစွမ်းထက်လှသော စွတ်စွဲချက်များကို ဖြန့်ဝေခဲ့ပါသည်။

မစ္စတာဂို ကတရုတ်ပြည်၏ ဒုတိယအာဏာအရှိဆုံးပုဂ္ဂိုလ်ဟုဆိုနိုင်သည့် မစ္စတာဝမ်ချီရှမ်း (Mr.Wan Qishan) မှာ တရုတ် ပြည်၏ အကြီးမားဆုံးကုမ္ပဏီများ၏ ရှယ်ယာအများစုကို ပိုင်ဆိုင်သူဖြစ်သည်ဟု စွတ်စွဲခဲ့ပါသည်။ မစ္စတာဝမ်မှာ တရုတ် သမ္မတကြီး ရှီဂျင်ပင်းပြီးလျင် တရုတ်ပြည်၌ သြဇာအာဏာအရှိဆုံးဖြစ်ပြီး သူသည် အကျင့်ပျက်ခြစားမှုများကို ထုတ်ဖေါ်အပြစ် ပေးခဲ့သူဖြစ်ပါသည်။  နောင်တွင် တရုတ်ပြည်ဝန်ကြီးချုပ်ဖြစ်လာမည့်သူဟုလည်း ယူဆနိုင်ပါသည်။

တရုတ်အစိုးရက မစ္စတာဂိုကို တရားခံပြေးအဖြစ်သတ်မှတ်ခဲ့ပြီး ဇန္နဝါရီလက အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (Interpol) သို့ ဖမ်းဝရမ်းထုတ်ပေးပါရန် မေတ္တာရပ်ခံခဲ့သည်။ မစ္စတာဂိုက သမ္မတကြီး ရှီဂျင်ပင်း၏အနီးမှ ညာလက်ရုံးဖြစ်သူကို စတင်တိုက် ခိုက်စွတ်စွဲချက်များ ထွက်လာခဲ့အပြီး အစိုးရက သူ၏ဖမ်းဝရမ်းနှင့်ပါတ်သက် ၍ ဘာမှမပြောတော့ပေ၊ သူ၏ဇနီးနှင့်ကလေး ကို မေလအတွင်းက သူ့ခင်ပွန်းသည်ထံ သွားရောက်လည်ပါတ်ခွင့် ပေးခဲ့ပြီးဖြစ်ရာ တရုတ်ပြည်နိုင်ငံရေးတွင် ထူးဆန်းသောအဖြစ်တခုဟု အာရုံစိုက်စရာ ဖြစ်လာခဲ့ပါသည်။

မစ္စတာဂို က ခြစားမှုများကို ခြစားမှုများဖြင့် တိုက်ဖျက်ရန်မဖြစ်နိုင်၊ တရုတ်ပြည်ခေါင်းဆောင်များထဲမှ ဓါးပြများ (robbers) ကို ဖယ်ရှားပြစ်ရမည်ဟု မကြာသေးမှီက နယူးရော့တိုင်းသတင်းထောက်များကို ပြောပြခဲ့ရာ မေလ ၃ဝ ရက်နေ့က ခေါင်းကြီး ပိုင်းသတင်းအဖြစ် ဖေါ်ပြပေးခဲ့ကြပါသည်။

(၂)
တရုတ်ပြည်၏ ဈေးကွက်စီးပွားရေးစနစ်ကိုစတင်ဖန်တီးခဲ့သူ မစ္စတာတင်ရှောက်ပင် (Deng Xiaoping) က စီးပွားရေး ပြုပြင် ပြောင်းလဲမှုလုပ်ရာတွင် မတန်တဆကြွယ်ဝချမ်းသာသူတွေပေါ်ပေါက်လာလိမ့်မည်ဟု ကြိုတင်နိမိတ်ဖတ်ခဲ့ပါသည်။ ထို့ နောက် စီးပွားရေးလုပ်ငန်းရှင်များစွာကို တရုတ်အစိုးရက ဖိတ်ခေါ်ကာ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါသည်။ ပါတီခေါင်း ဆောင်ကြီးများ၏ သားသမီး ဆွေမျိုးနှင့် ရင်းနှီးဆက်စပ်သူများပါ ထိုသူဌေးကြီးများနှင့် ပူးပေါင်းခဲ့ကြသော ဓလေ့တရပ်ပေါ် လာခဲ့ပါသည်။

သူတို့သည် အာဏာပိုင်များအပေါ် သြဇာလွှမ်းမိုးမှုရှိကြသည်။ စီးပွားရေး အကွက်အကွင်းကို မြင်နိုင်ကြသည်။ ထိုလုပ်ငန်းရှင် များစွာတို့ကို တရုတ်အစိုးရကသစ္စာရှိအောင် စည်းရုံးထားနိုင်သူများရှိသလိုပင် အယူအဆကွဲလွဲ ပြီးစီးပွားရေး ပြိုင်ဘက်ဖြစ် သွားကြသည်များလည်း ရှိသည်။

မစ္စတာဂို၏ စွတ်စွဲချက်များမှာ လုံးဝမှားယွင်းပြီး ဖြစ်နိုင်ချေမရှိသော အကြောင်းအရာများပါသလိုပင် တချို့မှာ ပြင်ပလူများ မသိနိုင်သော လျှို့ဝှက်ချက်များလည်း ရှိနေသည်။ အထူးသဖြင့် မစ္စတာဂိုကို ဘေဂျင်းမှ ထောက်ခံနေခဲ့သူများမှာ ထောက် လှန်းရေးဌာနမှ အဆင့်မြင့်အရာရှိကြီးများဖြစ်နေသောကြောင့် တရုတ်အစိုးရက သတိကြီးစွာထားနေပုံရသည်။

သူရည်ရွယ်ခဲ့သကဲ့သို့ မစ္စတာ ဝမ်ချီရှမ်းမှာ သမ္မတကြီး ရှီဂျင်ပင်းနှင့် သဘောထားကွဲလွဲမှုများရှိလာခဲ့သော် အကျိုးသက် ရောက်မှုများစွာရှိလာနိုင်သည်။ Wall Street မှ စီးပွားရေးပညာရှင်များက တရုတ်ပြည်ကုမ္ပဏီများအပါ် သြဇာကြီးလှသော မစ္စတာဝမ်သာတခုခုဖြစ်ခဲ့လျင် အခြေအနေတွေ ကမောက်ကမဖြစ်သွားနိုင်သည်ဟု ယူဆနေကြသည်။

အသက် ၆၈ နှစ်ရှိပြီဖြစ်သော မစ္စတာဝမ်မှာ တရုတ်ခေါင်းဆောင်ကြီးအတွက် ပြဿနာများကို ဖြေရှင်းပေးသူဖြစ်သည်။ သူ သည် အမေရိကန်ဘဏ္ဍာရေးဌာနနှင့် အထင်ကရဘဏ်ကြီးများမှ ဥက္ကဌများနှင့်လည်း ရင်းနှီးသည့်နည်းတူ တရုတ်ပြည်တွင်း မှ ဘဏ္ဍာရေးလုပ်ငန်းများအပေါ် သြဇာလွှမ်းမိုးနိုင်သူလည်းဖြစ်သည်။

မစ္စတာဂိုက တရုတ်အစိုးရမှ စာရိတ္တမကောင်းသူများကိုဖယ်ရှားပြစ်မှသာ အမေရိကန်နှင့် ကုန်သွယ်ရေးလမ်း ကြောင်းမှ အထစ်အငေါ့များပြေပျောက်သွားမည်ဟုဆိုသောကြောင့် သူ၏အဓိပ္ပါယ်ကျယ်ဝန်းသော ပြောဆိုချက်မှာ ယုံရခက်ခက်ဖြစ် နေကြပါသည်။

တရုတ်ပြည်မှ HNA Group ကုမ္ပဏီမှာ ကမ္ဘာတဝှမ်းတွင် လုပ်ငန်းပေါင်းများစွာကို ပိုင်ဆိုင်ထားပြီး အမေရိကန် အပါအဝင် နိုင်ငံများစွာတို့မှ ကုမ္ပဏီများကိုဝယ်ယူထားသည်။ မစ္စတာဂိုသည် HNA နှင့်ပတ်သက်သမျှတာဝန်ရှိသူ၊ သားသမီး ဆွေမျိုး ညာတကာအားလုံးကို စီကာစဉ်ကာ ပြောပြနိုင်လောက်အောင်သတင်းစုံသူလည်းဖြစ်၏၊ သူကိုယ်တိုင်မှာလည်း နိုင်ငံများစွာ တို့၌ ဟိုတယ်များ၊ အဆောက်အဦးများ၊ ငွေကြေးဆိုင်ရာလုပ်ငန်းများကိုပိုင် ဆိုင်သူဖြစ်သဖြင့် တချိန်က ထိုအသိုင်းအဝိုင်း တွင် ဝင်ဆန့်ခဲ့သူ ဖြစ်သည်။

တရုတ်အစိုးရက သူသည် တရုတ်ဘဏ်များမှ တရားမဝင် ဒေါ်လာ ၄၆၆ သန်း ချေးငှားထားသည်။ တရုတ်ပြည်တွင်းမှ တရားမဝင်ဘဲ ဒေါ်လာ၂၉၉ သန်းကို ပြည်ပသို့ပို့ဆောင်ထားသည်ဟု စွတ်စွဲထားသည်။

တရုတ်အစိုးရက ထောက်လှန်းရေးအရာရှိတဦးဖြစ်သူ မာဂျင်း (Ma Jian) ကသူကိုယ်တိုင် မစ္စတာဂိုထံမှ ဒေါ်လာ ၈.၇ သန်းလါဒ်ယူဘူးပါသည်ဟု ဗွီဒီယိုတိပ်ဖြင့် ထွက်ဆိုချက်လည်း ရှိနေသည်။

မစ္စတာဂို အမေရိကန်၌ ရှိနေခြင်းမှာ တရုတ်နိုင်ငံမှ မြောက်ကိုရီးယားအရေးနှင့် ပတ်သက်ပြီးပူးပေါင်းကူညီမှုကို လိုအပ်နေ သော ထရန့်အစိုးရအတွက် ပြဿနာဖြစ်နေသည်။ သူသည် ထရန့်၏ ဖလော်ရီဒါမှ ကလပ်အသင်းဝင် တစ်ဦးဖြစ်ပြီး အစိုးရ သို့ တရုတ်ပြည်စီးပွားရေးအခြေအနေများကို အမြဲအစီရင်ခံနေရသည်ဟုလည်း ဆိုကြသည်။ ဗြိတိသျှဝန်ကြီးချုပ် ၏ဟောင်း တိုနီဘလဲယား၏ လူမှုရေးလုပ်ငန်းများသို့ အမြဲငွေလှူဒါန်းနေပြီးပုဂ္ဂိုလ်ချင်းလည်း ရင်းနှီးသည်ဟု ဆိုသည်။ တခါကလည်း တရုတ်သမ္မတကြီး၏ အနီးမှလက်ထောက်ဖြစ်သူနှင့် တယ်လီဖုန်း အဆက်အသွယ်လုပ်နေရသည်ဟု သူ့လက်ထောက်များ က ပြောနေကြပါသည်။

သူသည် ပြိုင်ဘက်များကို နှိပ်ကွပ်ရာတွင် နာမည်ကြီးသူဖြစ်သည်။ တခါက ဘေဂျင်း ၂ဝဝ၈ ခုနှစ် အိုလံပစ် အားကစားရုံ ဆောက်လုပ်ရေးအတွက် မြေနေရာတစ်ခုပိုင်ဆိုင်ခွင့်ရယူခြင်းကို ပိတ်ပင်ခဲ့သော လက်ထောက်မြို့တော်ဝန်တဦးမှာ သူ တင်ပြသောသက်သေဖြင့် ဆိုင်းငံ့သေဒဏ်အပြစ်ပေးခြင်းခံခဲ့ရသည်။

၂ဝ၁၁ ခုနှစ်ကသူ့သားနာမည်နှင့်ဟောင်ကောင်တွင်ဒေါ်လာ ၁၁၃ သန်းတန်အိမ်တစ်လုံးဝယ်ခဲ့သည်။ ဘေဂျင်းမှ ဂ၆ဝဝဝ စတုရန်းပေကျယ်သော ရေကန်ကြီးပါရှိသည့်အိမ်နေရာမှာ ဒေါ်လာ၂၃ဝ သန်းတန်သည်ဟု ခန့်မှန်းကြသည်။ တခါက ဟား ဗတ်တက္ကသိုလ်ပုရဝုဏ်အတွင်းတွင် တရုတ်ပိုင်အဆောက်အဦး တစ်ခုဆောက်လုပ်ရန် ဘေဂျင်းမြို့ဝန်နှင့်အတူ ကမ်းလှမ်း ခဲ့ကြဖူးသည်။ ဟားဗတ်တက္ကသိုလ်က လက်မခံခဲ့ပေ။

မစ္စတာဂိုက တရုတ်ပြည်အစိုးရကို ခွင့်မလွှတ်နိုင်သော အဖြစ်အပျက်တစ်ခုရှိခဲ့သည်။ ၁၉၈၉ ခု တင်ယင်မင် (Tiananmen Square) ရင်ပြင်တွင်ဆန္ဒပြမှုများအကြားတွင် သူ၏ညီဖြစ်သူမှာ သေနတ်အပစ်ခံခဲ့ရသည်။ ဆန္ဒပြကျောင်းသားများကို ငွေ ကြေးထောက်ပံ့မှုဖြင့် သူကိုယ်တိုင် နှစ်နှစ်ကျော်ထောင်သွင်းအကျဉ်းကျခံခဲ့ရသည်ဟု ဆိုသည်။

ပြည်ပမှ ဝက်ဆိုဒ်တခုကမူ သူတို့ညီအစ်ကိုနှစ်ဦးထောင်ကျခဲ့ကြခြင်းမှာ ဆီအရောင်းအဝယ်ကိစ္စတစ်ခုတွင် မသမာလုပ်ခဲ့ကြ သောကြောင့်ဟု ရေးသည်။ သူ့ညီသေရခြင်းမှာ ရဲကိုခုခံတိုက်ခိုက်ခဲ့သောကြောင့်ဟု ဆိုသည်။

သူ့ကို ၁၉၇ဝ ခုနှစ်က တရုတ်ပြည်ရှန်ဒေါင်းနယ် (Shandong) တွင် မွေးခဲ့သည်။ အလယ်တန်းအထိသာပညာ သင်ခဲ့ရပြီး တရုတ်ပြည်၏သမိုင်းကြောင်းကို ထောင်ထဲတွင်လေ့လာရင်း တတ်မြောက်ခဲ့သည်ဟု ပြောသည်။ ၁၉၉၁ ခုနှစ် ထောင်မှလွတ် သောအခါ ချမ်းသာသောသူဌေးများနှင့်ပေါင်းမိပြီး ဟိုတယ်တစ်လုံးဆောက်နိုင်သည်အထိ စီးပွားတိုးတက်လာခဲ့သည်။ ထောက်လှမ်းရေးအရာရှိ မာဂျင်းနှင့် အဆက်အသွယ်ရပြီးစီးပွားရေး အင်ပါယာကျယ်ပြန့်လာခဲ့ခါ သူပိုင်အရင်းအနှီးမှာ ၂ဝ၁၄ တွင်ဒေါ်လာ ၂.၃ ဘီလီယံမျှရှိသည်ဟု ခန့်မှန်းကြသည်။ လွန်ခဲ့သောနှစ်နှစ်က အမေရိကန်သို့ ထွက်ပြေးခဲ့ရပြီး သူပိုင်ငွေ ဒေါ်လာ ၁၇.၄ ဘီလီယံမှာ အစိုးရ၏ သိမ်းယူခြင်းခံရသည်။

ဟောင်ကောင်ကုမ္မဏီတစ်ခုကမူ သူ့ထံမှ ဒေါ်လာ ၈၈ သန်း ကြွေးရစရာရှိသည်ဟု နယူးရော့တရားရုံးတစ်ခုတွင် တရားစွဲဆို ထားသည်။ ကုမ္မဏီက သူပိုင်နယူးရော့မှအိမ်ကို သိမ်းယူလိုကြသည်။

မစ္စတာဝမ်ချီရှင်းမှာ သန့်ရှင်းသော ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ဘေးကဘယ်မျှတိုက်ခိုက်နေစေကာမူ သူ့တွင် အန္တရာယ် မကျရောက်နိုင်ဟု ယုံကြည်နေသူများလည်းရှိသည်။ သူ့ကံကြမ္မာထိခိုက်ချိန်တန်၍ သူကျရှုံးပြီဆိုလျှင် အခြားတရုတ်အစိုးရ အရာရှိကြီးပေါင်းများစွာတို့ပါ စိုးရိမ်ကြရမည့် အခြေအနေတွင်ရှိသည်။

(၃)
ကွယ်လွန်သူတရုတ်ခေါင်းဆောင်ကြီးတင်ရှောက်ပင်က တိုင်းပြည်စီးပွားရေး ပြုပြင်ပြောင်းလဲမှုကြောင့် သူဌေး ဖြစ်လာသူ အားလုံးသည်အုပ်ချုပ်သော အစိုးရအပေါ်တွင် အရာခပ်သိမ်း သစ္စာရှိကြလိမ့်မည်ဟုပြောမသွားခဲ့ပါ၊ မြန်မာဆိုရိုးတစ်ခုတွင် မူ “မင်းသားကြီးမလုပ်ရရင် ပတ်မကြီးကိုထိုးဖောက်မှာဘဲ” ဟူသော စကားပုံတစ်ခုရှိခဲ့ပါသည်။

ကိုသန်းလွင်

Ref: The Billionaire Gadfly in Exile who Stared Down Beijing, By Michael Forsythe, New York Times     May 30, 2017


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts