တူမောင်ညို သူတို့အာဘော်

တူမောင်ညို ● ဒီချုပ်ပါတီရဲ့ “တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ဘာလဲ ဘယ်လဲ

တူမောင်ညို ● ဒီချုပ်ပါတီရဲ့ “တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ဘာလဲ ဘယ်လဲ
(မိုးမခ) ဇွန် ၄၊ ၂၀၁၇

၂၉ မေ ၂၀၁၇ ရက်နေ့ထုတ်၊ မြန်မာ့အလင်းသတင်းစာမှာပါရှိတဲ့ “(ဗိုလ်) ဦးဇော်ဋ္ဌေး ရှင်းလင်းချက်” ကို မူတည်ပြီးပြောပါ ရစေ။ သတင်းစာမှာ ဖော်ပြထားတဲ့အတိုင်း အချက်တစ်ခုချင်းဖော်ပြပါ့မယ်။

– “အဲဒီမှာ အဓိကလိုချင်တာက ခွဲမထွက်ဘူးဆိုတဲ့ဟာပါ” တဲ့ ။
– “ဒီဟာကိုပေးနိုင်တယ်ဆိုရင် တစ်ဖက်မှာရှိတဲ့ ကိုယ်ပိုင်အခြေခံဖွဲ့စည်းပုံ၊ ကိုယ်ပိုင်ပြဋ္ဌာန်းချက် ဒါတွေကို ပေးနိုင်မှာ ဖြစ်ပါ တယ်” တဲ့။
– ဒီကိစ္စနဲ့ပတ်သက်ပြီး “အစိုးရ၊ လွှတ်တော်၊ နဲ့ တပ်မတော် အားလုံးက သဘောတစ်ခုတည်းဖြစ်ပါတယ်” တဲ့။
– “ခွဲထွက်ခွင့်နဲ့ပတ်သက်ပြီး ကတိကဝတ်ပေးရင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အခြေခံဥပဒေ၊ တန်းတူရေး ဒါတွေ အကုန် လုံးရဖို့ ဆွေးနွေးသော်လည်း နောက်ဆုံးတော့မအောင်မြင်ဘူး” တဲ့။

ဒီအချက်တွေကို စုစည်းလိုက်တော့ “တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး”  စတာ တွေရရှိဖို့ဆိုရင် လူမျိုးစုများအနေနဲ့ “ခွဲမထွက်ဘူး” ဆိုတဲ့ ကတိပေးရမယ်။ ဒီကတိအရင်ပေးမှ  “တန်းတူရေး၊ ကိုယ်ပိုင် ပြ ဋ္ဌာန်းခွင့်၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး” အခွင့်အရေးတွေပေးမယ်။ ဒီကတိမပေးနိုင်ရင် ဒါတွေ မရနိုင်ဘူးဆို တာပါပဲ။ (ဗိုလ်) ဦးဇော်ဋ္ဌေးက ဒါကို Package လို့ပြောပါတယ်။

တကယ်တော့ ဒီလိုပြောဆိုချက်ဟာ ပြန်ပေးဆွဲထားတဲ့ ဓားပြဗိုလ်က  ခြိမ်းခြောက်ပြီး ငွေတောင်းတဲ့ ပုံစံမျိုးသာဖြစ်ပြီး၊  ငါတို့ တောင်းတဲ့ ငွေပမာဏပေးရမယ်၊ ရဲမတိုင်ဘူးလို့ ကတိပြေးရမယ် ဒါမှသာ မင်းတို့ အသက်ချမ်းသာရာရမယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။

“ခွဲမထွက်ဘူး” ဆိုတဲ့ကတိပေးမှ “တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး” အခွင့် အရေး တွေပေးမယ်။ ဒီကတိမပေးနိုင်ရင် ကျန်တာတွေမပေးနိုင်ဘူးဆိုတဲ့ သဘောက အတင်းအဓမ္မ အကြပ်ကိုင်ခြိမ်းခြောက် တာပဲဖြစ်တယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ “အစိုးရ၊လွှတ်တော်နဲ့ တပ်မတော်အားလုံးက သဘောတစ်ခုတည်းဖြစ်တယ်” ဆို တာဟာ မေးခွန်းမေးစရာဖြစ်ပါတယ်။ “အစိုးရနဲ့ လွှတ်တော်” ဆိုတာ ဒီချုပ်ပါတီက အများစုမို့ ဒီချုပ်ပါတီရဲ့သဘောထား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဟာ (ဗိုလ်) ဦးဇော်ဋ္ဌေးပြောတဲ့အတိုင်း “စစ်တပ်” နဲ့ တသဘောတည်း၊ တထပ် တည်းတူညီနေသလား။

ဒီသဘောထားအတိုင်းအဆိုရင် ဒီချုပ်ပါတီကကိုင်စွဲထားတဲ့ “တန်းတူရေးနဲ့ကိုယ်ပြဋ္ဌာန်းခွင့်” ဆိုတဲ့ သဘောထားကို ပြတ် ပြတ် သားသား ဆန့်ကျင့်ဝေဖန်ရမှာပဲဖြစ်ပါတယ်။

“တန်းတူရေး” ဆိုတာ လူမျိုးတိုင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု စသဖြင့် နယ်ပယ်တိုင်းမှာ အဆင့်အတန်းနဲ့အခွင့်အလမ်းမှန်သမျှ တူညီရမယ်။ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ဆိုတာ ဒီလို အဆင့် အတန်းနဲ့ အခွင့်အလမ်းမှန်သမျှကို အခြားဘယ်လူမျိုးကမှ အခြားလူမျိုးအပေါ်မည်သည့်ပုံစံမျိုးနဲ့မျှ ချုပ်ကိုင်လွှမ်းမိုးခြင်းမပြုရဆိုတဲ့ သဘောဖြစ်ပါ တယ်။

သက်ဆိုင်ရာလူမျိုးက မိမိလူမျိုးဆိုင်ရာကိစ္စတိုင်းကို လွတ်လပ်စွာစီရင်ပိုင်ခွင့်ဆုံးဖြတ်ပိုင်ခွင့်ရှိရရေးဖြစ်တယ်။ နားယဉ်နေတဲ့ စကားလုံးက “ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်” ဖြစ်တယ်။

၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၂၀ ပုဒ်မခွဲ (က) မှ (စ) အထိကိုဖတ်ကြည့်ပါ။ အဲဒါ စစ်တပ်ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်တယ်။ လွှတ်တော်နဲ့ အစိုးရကဘယ်လိုမှစွက်ဖက်ပိုင်ခွင့်မရှိဘူး။ ပုဒ်မခွဲ(ခ) ကိုပဲ တစ်ချက် ဖတ်ကြည့်စမ်းပါ။

“တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲစီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်” တဲ့။ ဘယ်လောက် ရှင်းသလဲ။

“တပ်ပိုင်းဆိုင်ရာကိစ္စအားလုံး လွတ်လပ်စွာ စီမံ ခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်” တဲ့။ ဘယ်သူမှ လာမထိနဲ့ထိရင် မီးပွင့် သွားမယ်လို့ ပြောတာမျိုးပဲမဟုတ်လား။ ဒီလို စိတ်ကြိုက်အနိုင်ကျင့်ဗိုလ်ကျနိုင်ဖို့ ပုဒ်မ ၆၊ ပုဒ်မခွဲ (စ) မှာ “နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေးအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်” တဲ့။

ဒီလို စစ်တပ်က ကိုယ်ပိုင်၊ စိတ်ကြိုက်၊ “ လွတ်လပ်စွာ  စီမံ ခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့်”တွေရရှိဖို့ ဘယ်လို ကတိက ဝတ် တွေ၊ အာမခံချက်တွေ ဘာတွေများပေးခဲ့ရသလဲ။ စစ်တပ်တစ်တပ်ကို အလွန်အကျွံအခွင့်အာဏာတွေ ပေးထားပြီး လူမျိုးတစ်မျိုးရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကြတော့မှ “ခွဲမထွက်ဘူး” ဆိုတဲ့ ကတိ၊ အာမခံချက်ပေးရမယ်လို့ အကြပ်ကိုင်နေတာဟာ “အစိုးရ၊ လွတ်တော်နဲ့ တပ်မတော်”တို့ ရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ “တစ်ဝက်တစ်ပျက်တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” (ဝါ) “အတုအယောင် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” သာဖြစ်တယ်ဆိုတဲ့အချက်ကို အတိအလင်းဖော်ပြနေတာပဲဖြစ်တယ်။

စစ်မှန်တဲ့တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ အဆင့်အတန်းနဲ့အခွင့်အလမ်းတူညီတဲ့ အခြေခံအပေါ်မှာ ဆန္ဒအရ ပူးပေါင်းတဲ့ဘက်ဟာ  အဓိကဘက်ဖြစ်ပြီး၊ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ဆိုတာလည်း ပါရှိရမှာဖြစ်ပါတယ်။ ဒါမှ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရဲ့ အဓိပ္ပာယ်နဲ့အနှစ်သာရဟာ ပြည့်ဝနေမှာဖြစ်ပါတယ်။

အခုတော့ “ခွဲမထွက်ဘူး”  ဆိုတဲ့ “ကတိ” ပေးမှ ကျန်တာပေးမယ် လို့ အကြပ်ကိုင်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောနေ၊ မေးခွန်းထုတ်နေတာကတော့ ပြည်ထောင်စုအတွက် “ကိုယ်က ဘာတွေပေးမှာလဲ” တဲ့။ အခုတော့ “အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်” ဓားပြတိုက်သလို “ခွဲမထွက်ဘူး”  ဆိုတဲ့ ကတိကို တောင်းနေပါပေါ့လား။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ ဒင်္ဂါးပြားမှာ “ဆန္ဒအရပူးပေါင်းတဲ့ ဘက်” နဲ့ “ ခွဲထွက်လိုက ခွဲထွက်နိုင်ခွင့်” ဆိုတဲ့ ဘက်နှစ်ဖက် ပါရှိတယ်။

“ခွဲထွက်နိုင်ခွင့်” ဆိုတဲ့ ဘက်မပါတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ အင်္ဂါမစုံလင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သာဖြစ်တယ်။ အတုအ ယောင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သာဖြစ်လိမ့်မယ်။

တစ်ထပ်ထဲတော့မဟုတ်သော်လည်း မြင်သာတဲ့ဥပမာကို ဆောင်ရသော် လွတ်လပ်စွာ နှစ်ကိုယ်တူ၊ ဆန္ဒတူ ချစ်ခင်စုံ မက် ပေါင်းဖက် လက်ထပ်ထိမ်းမြားပိုင်ခွင့်ရှိပြီး အခြားတစ်ဖက်မှာလည်း လွတ်လပ်စွာ လင်မယားကွာရှင်းပြတ်စဲပိုင်ခွင့်ရှိရမှာဖြစ်တယ်။ ဒီနေ ရာမှာ ကျနော်တို့ ပြောချင်တာက လင်မယားကွဲပြဲရေးကို လှုံ့ဆော်နေဖို့ မဟုတ်ဘဲ။ သာယာစိုပြေတဲ့ မိသားစု (ဝါ) အိမ်ထောင် တစ်ခု ဖြစ်ရေးကို ရှေ့ရှုဖို့ဖြစ်ပါတယ်။ ဒါဟာ အဓိကဘက်ဖြစ်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုအဖြစ်ပေါင်းစည်းမယ့် ကိစ္စမှာလည်း “ခွဲထွက်လိုက ခွဲထွက်နိုင်ခွင့်”  ပါဝင်တဲ့ တကယ့် တန်းတူရေး နဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်ရပါ့မယ်။

“၂၀၀၈ အခြေခံဥပဒေဘောင်” ထဲက တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ စစ်အုပ်စုနဲ့ စစ်တပ်ကို ထင်သလို လုပ်ပိုင်ခွင့် အပြည့်အဝပေးထားတာဖြစ်တယ်။ စစ်တပ်နဲ့စစ်အုပ်စုကို ထင်သလိုလုပ်ပိုင်ခွင့်တွေ အပြည့်အဝ အပ်နှင်းထားမှတော့ “ပြည်သူ့ဆန္ဒ” ဆို တာ စစ်ဖိနပ်အောက်မှာထာဝစဉ် ပြားချပ်နေတာ ဘာဆန်းမှာလဲ။

ဒီတော့ ဘာကို ယတိပြတ်ပြောနိုင်မှာလဲဆိုတော့ “ခွဲမထွက်ဘူး” ဆိုတဲ့ ကတိပေးမှ “တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ပေး မယ်ဆိုတဲ့သဘောထားကို “အစိုးရ၊လွှတ်တော်နဲ့တပ်မတော်” တို့က တစ်သဘောထဲ ကိုင်စွဲထားနေသမျှ ကာလပတ်လုံး “ဖက်ဒရယ် ပြည်ထောင်စုအရေး” ဟာ နားနဲ့မျက်စေ့လို လိုက်ကြည့်လေ၊ ကြည့်လေ၊  ဝေးလေလေဖြစ်နေမှာပါ။

“၂၀၀၈ အခြေခံဥပဒေ” ကို အလျော့မပေးစတမ်း အသေကိုင်စွဲထားသမျှ၊ ထိုသို့ ကိုင်စွဲပြီး ဆွေးနွေးနေသမျှ ဘယ်လိုအဖြေမှ မရနိုင်ပါဘူး။ စစ်တပ်နဲ့ စစ်အုပ်စုလိုလားသူတွေအဖို့ အာဏာသိမ်းဖို့ အကြောင်းပြချက်တွေ၊ ဆင်ခြေလိမ်တွေတော့ ရနေမှာ ဧကန် မလွဲပါဘူး။ အခုပဲ။ ၂၁ ရာစုပင်လုံညီလာခံ (ပထမအစည်းအဝေး) မှာ တင်ပြခဲ့တဲ့ “စာတမ်း (၇၂) စောင်” ကို ရမယ် ရှာပြီး “အလွန်အကျွံတောင်းဆိုမှုတွေ” လို့ ကာချုပ်နဲ့ ကြံ့ဖွံ့ပါတီက ပုံကြီးချဲ့နေကြပြီ မဟုတ်လား။

ဒီချုပ်ပါတီက ကိုင်စွဲထားတဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ (ဗိုလ်) ဦးဇော်ဋ္ဌေးပြောသလို “ခွဲမထွက်ဘူး” ဆိုတဲ့ ကတိ ပေးမှ “တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ပေးမယ်ဆိုတဲ့သဘောထားမျိုးလား။ (ဗိုလ်) ဦးဇော်ဋ္ဌေးပြောတဲ့အတိုင်း အမှန် ပဲလား။

 

ညွန်း
– ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
– (၂၉ – ၅- ၂၀၁၇) မြန်မာ့အလင်းသတင်းစာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts