မောင်ရင်ငတေ

Maung Yin Nga Tay – Articles

ရောက်တတ်ရာရာအတိုအစများ – ရှစ်ကျွန်းပတ်ဒိန်းမတ်ပြည်တွင်းခရီး (ပထမနေ့)
မောင်ရင်ငတေ
အောက်တိုဘာ ၆၊ ၂၀၁၃
Frederiksborg Castle
ယခုနှစ် ၂၀၁၃ ခုနှစ် စက်တင်ဘာလမှာ ဒိန်းမတ်နိုင်ငံသို့ ၁၁ ရက်ကြာ အပျင်းပြေ လေ့လာရေးခရီး မောင်ရင်ငတေ သွားဖြစ်ခဲ့ပါတယ်၊ ဒီခရီးစဉ်အတွက် အပြန်ခရီး နာရီ ၂၀ ခန့်ကြာစီးရတဲ့ နိုင်ငံပေါင်း ငါးနိုင်ငံကို ဖြတ်သန်းသွားရတဲ့ Eurolines ကားလက်မှတ်ကို ကြိုတင်ဝယ်ယူပေးပြီး ဖိတ်ခေါ်ခဲ့တာ ကတော့ ဒိန်းမတ်နိုင်ငံ Hillerød မြို့တွင် ပြောင်းရွှေ့ ရောက်ရှိ အခြေချ နေထိုင်နေသော ညီငယ် ဘလော့ဂါ ကိုအောင် (ပျူနိုင်ငံ) နဲ့ ညီမငယ် ခိုင်ခိုင်မြင့်တို့ ဖြစ်ပါတယ်၊ သူတို့ရဲ့ စံနန်းတော်လေးမှာ နေထိုင်တည်းခိုခွင့် ရရှိခဲ့ရုံမျှမက (သောက်စရာ အပြည့်အစုံ အပါအဝင်) ချက်ပြုတ်ကျွေးမွေးခဲ့ပြီး အလုပ်နားရက်တွေရော အလုပ်မနားတဲ့ရက်တွေကိုပါ အချိန်ရရင်ရသလို ဒိန်းမတ်နိုင်ငံတဝှန်းသို့ လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်၊ ချက်ပြုတ်ကျွေးမွေးခဲ့တာတွေ လိုက်ပို့ပေးခဲ့တာတွေ များမှများလွန်း ခဲ့လို့ အသေးစိတ်ကိုတော့ နောင်ကြုံရင်ကြုံသလို ရေးသားသွားမယ်လို့သာ စိတ်ကူးမိပါတယ်၊ နိုင်ငံ တခု ဒေသတခု အကြောင်းတွေဟာ သွားနိုင်ရင်သွားသလို ရေးချင်ရင်ရေးနိုင်သလို ချဲ့ကားပြီးရော ရေးလို့ရတာတွေ အများကြီးရှိပါတယ်၊ အခုခေတ် အင်တာနက်ခေတ်မှာ ကိုးကားစရာ အချက်တွေ အလက်တွေ လွယ်လွယ်ကူကူ ရရှိနေတာကလည်း ရေးချင်ရာတွေကိုရေးဖို့ တွန်းအားပေးနေသလို ပါဘဲ၊ ဒါပေမဲ့လည်း အင်တာနက်ဝီကီဆိုတာတွေမှာကိုက မပြည့်စုံတာတွေ ပြည့်စုံဖို့ တိုက်တွန်းတာ အချက်အလက် မမှန်တာတွေကို သေချာသိရှိရင် ပြင်ဆင်နိုင်ခွင့်တွေ ပေးထားတာတွေ ရှိပါတယ်၊ ဒါတွေကြောင့် ဘယ်အချက်အလက်ကိုမှ မောင်ရင်ငတေ အနေနဲ့ ပုံသေ အခိုင်အမာ စိတ်ချရတယ်ဆိုပြီးတော့ မရေးလိုပါဘူး၊ မြစ်တွေ ချောင်းတွေ ရေကန်တွေ အကျယ်ကို သေသေချာတိတိကျကျ တိုင်းတာဖို့ မလွယ်ပါဘူး၊ ဒိန်းမတ်နိုင်ငံမှာရှိတဲ့ ကျွန်းအရေအတွက်ကိုတောင်မှ အတိအကျ မပြော နိုင်ကြပါဘူး၊ ဝီကီပီဒီယားမှာ ၄၄၃ ကျွန်းလို့ ရေးထားတာ တွေ့ရသလို တချို့စာတွေမှာလည်း ၄၀၆ ကျွန်း ရှိပါတယ်ဆိုပြီး ရေးထားတာမျိုးတွေတွေ့ရပါတယ်၊ ခုခေတ်အခါမှာကလည်း ကျွန်းအစစ်လား လူလုပ်ကျွန်းလား မြစ်အစစ်လား လူလုပ်မြစ်လား တူးမြောင်းလားဆိုတာ မကွဲပြားလှတော့ပါဘူး။
Hillerød မြို့မှ အထွက်လမ်း

သူတို့ဇနီးမောင်နှံနဲ့အတူ (ရွှေပြည်တော်ဆီမှ ခေတ္တခဏ အလည်ရောက်ရှိနေသူ အန်တီကြီးတဦး အပါအဝင်) ဒိန်းမတ်ပြည်ရဲ့ အဓိကကျ လူသိများလှတဲ့ ကျွန်းကြီးသုံးကျွန်း Sjælland,Lolland,Fyn အပါအဝင် ကျွန်းငယ်များ ဖြစ်ကြတဲ့ Farø(Bogø),Falster,Langeland,Siø,Tåsinge ကျွန်းများကို ဖြတ်သန်းသွားခဲ့ရတဲ့ တညအိပ်နှစ်ရက် ခရီးစဉ်ကတော့ အချိန်များများမပေးနိုင်ခဲ့လို့ နေရာတိုင်းကို သေချာစုံလင်စွာ မရောက်ရှိခဲ့ မှတ်တမ်းမတင် နိုင်ခဲ့ပေမဲ့ စိတ်ကျေနပ်ဖွယ်ရာ ပင်ပန်းရကြိုးနပ်တဲ့ ခရီးစဉ်တခုပါဘဲ၊ Sjælland ကျွန်း Hillerød မြို့က စတင်ထွက်လာခဲ့တာ Køge လမ်းဆုံအထိ ၇၀ ကီလိုမီတာရှိပြီး အဲဒီလမ်းဆုံမှတဆင့် European route E 47 အတိုင်း ဆက်မောင်းလာခဲ့ကြတာ လူဦးရေ များပြားစွာ နေထိုင်ခြင်းမရှိတဲ့ Farø(Bogø) နဲ့ Falster ကျွန်းတို့ကို တံတားကြီးများပေါ်က ဖြတ်သန်းခဲ့ ရပါတယ်၊ လမ်းတလျှောက်မှာတော့ မြို့ကြီးကြီးမားမားကို မတွေ့ရှိရဘဲ ရိတ်သိမ်းပြီးစ စိုက်ခင်းများ အိမ်ခြေဆယ့်လေးငါးလုံးခန့်သာရှိတဲ့ တောကျေးရွာကလေးများကိုသာ တွေ့ရှိရတာပါ၊ Køge လမ်းဆုံမရောက်ခင် အမြန်လမ်းမမှာတော့ မြို့တော်အနီး အဝင်အထွက် ကားတွေများပြား တာကြောင့်ရော လမ်းတွေ တိုးချဲ့ ပြုပြင်နေတာတွေကြောင့်ရော အမြန်လမ်းမမှာ ကားတွေ ပိတ်ဆို့ နေတာကို တွေ့မြင်ခဲ့ရပါတယ်၊ Køge မြို့အလွန် လမ်းမမှာတော့ သွားလာနေတဲ့ကားတွေ များများ စားစား မတွေ့ရှိရပါဘူး၊ ဒါတောင်မှ လူဦးရေ ငါးသန်းခွဲကျော်သာရှိတဲ့ ဒိန်းမတ်မှာ ကားအစင်းရေက နှစ်သန်းခွဲနီးပါး ရှိနေပြီး ရွှေပြည်တော်ကြီးထက် ၁၆ ဆနီပါးလောက် သေးငယ်ပေမဲ့ ကားလမ်းမိုင် ငါးသောင်းနီးပါး ရှိနေတာပါ၊ ဒိန်းမတ်နိုင်ငံ တနိုင်ငံလုံးဟာ မြေပြန့်လွင်ပြင်တွေများပြီး ပျမ်းမျှအမြင့် ပေသုံးဆယ်ဝန်းကျင်သာ မြင့်မားပေမဲ့ နယ်သာလန်ထက်စာရင်တော့ လမ်းဘေးဝဲယာတလျှောက် ဆင်ခြေလျှော ကုန်းမို့မို့တွေကို တော်တော်များများ တွေ့မြင်ရပါတယ်၊ နယ်သာလန်နိုင်ငံကတော့ နိုင်ငံရဲ့မြေကြီး လေးပုံတပုံက ပင်လယ်ရေမျက်နှာပြင်ထက် နိမ့်နေသလို လမ်းဘေး ဝဲယာမှာလည်း ရေမြုပ်နေတဲ့ လယ်တွေစိုက်ခင်းတွေကိုသာ အတွေ့ရ ပိုပြီးများပါတယ်၊ ဒိန်းမတ်နဲ့ နယ်သာလန်ဟာ တူညီတာတွေ တော်တော်များပါတယ်၊ စာအရေးအသားတချို့မှာ တူတာတွေ့ရသလို နိုင်ငံအကျယ် စတုရန်းမိုင် တသောင်းခြောက်ထောင် ရှိတာချင်းလည်း တူပါတယ်၊ မြေပြန့်တွေများပြီး စက်ဘီးစီး တဲ့သူတွေ များတာလည်း တူပါတယ်၊ စိုက်ခင်းတွေ ယာခင်းတွေ လေရဟတ်ကြီးတွေ ရှိတာလည်း တူညီပါတယ်၊ စက်မှုထွန်းကားတဲ့ နိုင်ငံသေးသေးလေးတွေ ဖြစ်ပေမယ့် စိုက်ပျိုးရေး ပို့ကုန် များပြား တာလည်း တူညီပါတယ်၊ ဒိန်မတ်နိုင်ငံရဲ့ စိုက်ပျိုးမွေးမြူရေးကထွက်တဲ့ စားသောက်ကုန်တွေဟာ နိုင်ငံရဲ့ လူဦးရေ သုံးဆစာ လူ ၁၅ သန်းကျော်အတွက် လုံလုံလောက်လောက် ရှိပါတယ်တဲ့၊ ဒါတွေ ကြောင့်လည်း ဒိန်းမတ်လူမျိုးတွေဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး လူမျိုးတွေလို့ ယူဆထားကြတာ ဖြစ်ပါတယ်၊ ဒါပေမဲ့လည်း တကမ္ဘာလုံးမှာ ကျဆင်းနေတဲ့ စီးပွားရေး လူမှုရေး နိုင်ငံရေး အခြေအနေ တွေနဲ့အတူ ဒိန်းမတ်ပြည်မှာလည်း အဘက်ဘက်မှာ ထိခိုက်ကျဆင်းလို့ လာနေတာပါဘဲ။

Sjælland,Farø(Bogø),Falster သုံးကျွန်းဆက်တံတား Farøbroerne(Farø Bridges)

မြို့တော် København ကနေ Sjælland ကျွန်းတောင်ဘက်ဆုံးက Bakkebølle Fredskov ရွာလေး ရောက်တဲ့အထိ ကီလိုမီတာ ၁၀၀ ကျော်ကားမောင်းလာခဲ့ရင် Farøbroerne တံတားကိုရောက်ပါပြီ၊
ဒီတံတားက အလယ်ခေါင်ရှိ Farø ကျွန်းလေးကိုခံပြီး ကျွန်းကြီးနှစ်ကျွန်း Sjælland နဲ့ Falster ကို ဆက်သွယ်ထားတာပါ၊ ပေပေါင်း ငါးထောင်ခြောက်ရာကျော် ရှည်လျှားတဲ့ ဒီကားလမ်းတံတားကို ၁၉၈၅ ခုနှစ်က ဖွင့်လှစ်ခဲ့တာပါ၊ ပိုက်ဆံချမ်းသာတဲ့ နိုင်ငံတနိုင်ငံဖြစ်လို့ ဒီလိုတံတားကြီးတွေ ရှိနေ ပေမဲ့လည်း တံတားပေါ်မှာ ကားလေးတချို့သာ တွေ့ရှိရပြီး ကုန်တင်ဆယ်ဘီးကားကြီးတွေကိုတော့
သိပ်မတွေ့ရပါဘူး၊ နယ်သာလန်ရဲ့ ရော့တာဒမ်ဆိပ်ကမ်းဒေသ အဝေးပြေး အမြန်လမ်းမကြီးတွေမှာ တွေ့ရလေ့ရှိတဲ့ ကုန်တင်ကားကြီးတွေ ပိတ်ဆို့နေတာမျိုးကိုတော့ ဒီလမ်းတွေမှာ တွေ့ရှိရမှာ မဟုတ် ပါဘူး၊ လူဦးရေ လေးယောက်သာ နေထိုင်နေတယ်ဆိုတဲ့ မိုင်ဝက်ပတ်လည်သာသာ သာရှိတဲ့ Farø ကျွန်းလေးဟာ တကယ်တမ်းက သူထက်နည်းနည်း ပိုပြီးကြီးတဲ့ Bogø ကျွန်းနဲ့ ဆက်စပ်နေတာပါ၊ အဲဒီကျွန်းကိုလည်း ကျွန်းတကျွန်းအဖြစ် သတ်မှတ်ရေတွက်ထားပါတယ်၊ Farøbroerne တံတားကို ကျော်လာခဲ့ပြီးနောက် Falster ကျွန်းနဲ့  Lolland ကျွန်းကိုကူးတဲ့ ၁၉၃၄ ခုနှစ်က တည်ဆောက်ခဲ့တဲ့ Guldborgbroen တံတားကို ထပ်ပြီးကူးလိုက်ရင်တော့ ဒိန်းမတ်ရဲ့ စတုထ္တအကြီးဆုံးသော Lolland ခေါ် Laaland ကျွန်းကိုရောက်ပါပြီ၊ အဲဒီကျွန်းတွေပေါ်က လမ်းဘေးဝဲယာမှာ ထူးထူးခြားခြားဆိုလို့ ဘာမှမတွေ့ မရှိရပေမဲ့ စိုက်ခင်းပျိုးခင်းတွေကိုတော့ အဆက်မပြတ် တွေ့ရှိနေရပါတယ်၊
စိမ်းစိမ်းစိုစို သကြားမုန်လာခင်းများ

ပြန့်ပြူးနေတဲ့ Lolland ကျွန်းရဲ့ ကားလမ်းနဘေး ဝဲယာတဘက်တချက်မှာတော့ Sugar beet လို့ ခေါ်တဲ့ သကြားမုန်လာခင်းတွေကို များပြားစွာ တွေ့ရှိရပါတယ်၊ မောင်ရင်ငတေတို့ကတော့ သကြား ဆိုတာ ကြံပင်ကနေ ဖြစ်လာတယ် ဆိုတာလောက်ဘဲ သိထားတာကြောင့် ဒီဥရောပမြေရောက်မှ ဒီစိုက်ခင်းတွေက သကြားပင်တွေဆိုတော့ကာ အထူးအဆန်း ဖြစ်မိရတော့တာပေါ့၊ ဒီအပင်မျိုးတွေ တွေ့တွေ့နေတာကြာပြီ ဖြစ်ပေမယ့် အရင်တလောကမှ နယ်သာလန်ရောက်တုန်း မောင်ရင်ငတေ့ သူငယ်ချင်းဖြစ်သူက ရှင်းပြခဲ့လို့ ပိုသတိထား ကြည့်မိလာရတာပါ၊ ပြင်သစ်ပြည်နဲ့ ဂျာမဏီမှာလည်း များပြားစွာ တွေ့ရသလို အခု ဒီအရပ်ဒေသမှာလည်း တော်တော်များများ တွေ့နေရပြန်တာပါ၊ ရုရှား ကတော့ သကြားမုန်လာ အများဆုံး စိုက်ပျိုးသူ ဖြစ်ပါတယ်တဲ့၊ ကမ္ဘာ့မှာ သကြားထုတ်လုပ်မှုရဲ့ ၂၀ ရာနှုန်းက Sugar beet ကနေ ထုတ်လုပ်တာ ဖြစ်နေပါပြီ၊ မောင်ရင်ငတေတို့ ရွှေပြည်ကြီးမှာလည်း ကြက်ဆူပင်တွေ စိုက်စေသလို အဲသကြားမုန်လာပင်တွေ စိုက်စေလို့များ အမိန့်ထုတ်လိုက်ချင်ပါရဲ့၊ သကြားဆိုတာက ကော်ဖီလက်ဖက်ရည်သောက်လည်းပါ ဟင်းချက်လည်းပါ ကိတ်မုန့်ဖုတ်လည်းပါ ဒါ့ပြင် မောင်ရင်ငတေ့ သူငယ်ချင်း တယောက်ကတော့ ဂျင်ရယ် သံပရာရယ် တောနစ်ဝါးတားရယ် သကြားလေး တဇွန်းလောက်ပါရောရမှ စိတ်ကျေနပ်စရာလို့ ရှင်းပြခဲ့တာကြောင့် သကြားမုန်လာကို စိတ်ဝင်စားသွားမိခဲ့ရတာပါ၊ ရာသီဥတုနဲ့ ကိုက်ညီမညီ စိုက်လို့ ရနိုင်မရနိုင်ကတော့ မောင်ရင်ငတေ သေချာနားမလည်ပါဘူး၊ ဒါပေမဲ့ဒီသကြားမုန်လာပင်ဟာ မောင်ရင်ငတေတို့ရဲ့ ရွှေပြည်တော်ကြီးမှာ ဈေးသိပ်မကြီးလှတဲ့ ပေါပေါများများတွေ့ရလေ့ရှိတဲ့ မုန်လာဥဖြူအပင်မျိုးနဲ့ ပုံစံတူပါဘဲ၊ အဲဒါကြောင့် ရွှေပြည်တော်ကြီးမှာ စိုက်လို့ပျိုးလို့ ရနိုင်မယ့် ဒေသတွေ ရှိနိုင်မယ်လို့ ထင်မိရပါတယ်။

Tårs-Spodsbjerg ကူးတို့သင်္ဘောပေါ်အတက်

Lolland ကျွန်းရဲ့ အနောက်ဘက်အစွန်းက Tårs ရွာလေးအနီးမှာ Langeland ကျွန်းဆီကို ကူးတဲ့ ဇက်ကူးဆိပ် ရှိပါတယ်၊ တကယ်တမ်း Tårs က ရွာလည်းမဟုတ်ပါဘူး၊ လူနေ အဆောက်အဦးတွေ ဘာတခုမှ မတွေ့ရပါဘူး၊ ဇက်ဆိပ်ဆိုလို့သာ ဇက်ဆိပ် လိုက်ရတာပါ၊ ဈေးရောင်းတဲ့သူလည်း မရှိပါ၊ အသံချဲ့စက်ဖွင့်ပြီး အလှူခံသူလည်း မရှိပါ၊ အကြော်ဆိုင်လည်း မရှိပါ၊ အမိန့်ရဆိုင်လည်း မတွေ့ရပါ၊ ရွှေပြည်တော်ကြီးဆီက ဧရာဝတီမြစ်ကူးတဲ့ လက်ပန်ချေပေါ် ဇက်ဆိပ်လောက်တောင်မှ စည်ကားမှု မရှိပါဘူး၊ Hillerød မြို့ကနေ အဲဒီဇက်ဆိပ်ကမ်းအထိ ၂၁၀ ကီလိုမီတာခန့်ဝေးပြီး ဒိန်းမတ်မြို့တော် København ကိုပင်ဟေဂင်မြို့ကနေ ၁၇၅ ကီလိုမီတာ ဝေးပါတယ်၊ အဲဒီဇက်ဆိပ်ကတော့ ဒိန်းမတ် ပြည်တွင်းကျွန်းကူးတဲ့ ဇက်ကူးတို့ဆိပ်တခုပါ၊ ဒီဇက်ဆိပ်ကို မောင်ရင်ငတေတို့တတွေ ရောက်တော့
မှောင်စပျိုးနေပါပြီ၊ ရာသီဥတုကလည်း စက်တင်ဘာလ ကုန်ခါနီး ဆိုတော့ကာ ဥရောပမှာ သွားလို့ လာလို့ အကောင်းဆုံးလို့ဆိုကြတဲ့ နွေရာသီတော့ မဟုတ်တော့ပါဘူး၊ တနေကုန်လို မိုးတွေအုံ့ဆိုင်း နေပေမဲ့ မိုးကသဲသဲမဲမဲ ရွာတာမျိုးလည်း မဟုတ်ပြန်ပါဘူး၊ ဒိန်းမတ်ပြည်ကမိုးက ပြင်သစ်ပြည်ထက် ဆိုးပါတယ်၊ ကားနဲ့သွားနေတုန်း ဓါတ်တိုင် လေးငါးဆယ်တိုင်လောက်မှာဘဲ နေရာကွက်ကြား မိုးက ရွာနေတတ်တာပါ၊ အဲဒီဇက်နဲ့ Tårs–Spodsbjerg ဟိုဘက်ကမ်း ဒီဘက်ကမ်း ကိုးမိုင်ခွဲခရီးကို ၄၅ မိနစ်ကြာအောင် စီးရပါတယ်၊ ကူးတို့ပေါ်မှာ စုစုပေါင်း ကားလေး လေးငါးခြောက်စီးနဲ့ ဆယ်ဘီးကား တစီးနှစ်စီးကိုသာ တွေ့ရပါတယ်။
ကူးတို့သင်္ဘောပေါ်က လူသူမရှိတဲ့ စားသောက်ခန်းမတခု

ကူးတို့သင်္ဘောကတော့ ဗမာမျက်စေ့နဲ့ဆိုရင် တော်တော်ကြီးပါတယ်၊ ထိုင်ခုံတွေလည်း အများကြီး ပါ၊ ခရီးသည် နည်းပါးလှတာကြောင့် ကြိုက်တဲ့နေရာ ထိုင်ကြတာပေါ့၊ စားသောက်ဆိုင်ရှိပေမဲ့လည်းမောင်ရင်ငတေတို့ကတော့ ဗမာလူမျိုးပီပီ သုံးဆင့်ချိုင့်နဲ့ ခရီးသွားနေကြ မဟုတ်လား၊ ဒီ ခရီးစဉ်ကို ဦးဆောင်လာတဲ့ မောင်ရင်ငတေရဲ့ ညီမငယ်ကလည်း စစ်ကိုင်းတောင်ခြေသူ ဆိုတော့ကာ စားစရာ သောက်စရာ အစုံအလင် ပြင်ဆင်လာခဲ့တာပေါ့၊ ဒါပေမယ့်လည်း ဟိုဘက်ကမ်းရောက်ရင် ညအိပ် တည်းခိုရမယ့် အိမ်ရှင်ဖြစ်သူ မဖွေးတို့ လင်မယားကလည်း မရောက်သေးဘူးလားဆိုပြီး ဗိုက်ဘာနဲ့ ဖုန်းခေါ်သံကလည်း တညံညံနဲ့ ပြင်ဆင်ထားပြီးသား ဟင်းတွေ အေးကုန်လို့ ပြန်ပြန် နွှေးနေရတယ် ဆိုတဲ့သတင်းကို အဆက်မပြတ် ကြားရတော့ စိတ်ချလက်ချ အဝမစားဘဲ နေလိုက်ပါတော့တယ်၊ အဲဒါနဲ့ မောင်ရင်ငတေလည်း ပါလာတဲ့ ဘီယာဗူးကလေးထုတ် စစ်ကိုင်းတောင်ခြေသူ သူကိုယ်တိုင် ကြော်ထားတယ်ဆိုတဲ့ မာဆတ်ဆတ် ပဲခြမ်းကြော်ကို တစေ့ချင်းဝါး လက်ဖက်သားကို အမြည်းလုပ် လူသူမရှိတဲ့ ပင်လယ် ကူးတို့သင်္ဘောကို ဇိမ်ခံပြီး စီးခဲ့ပါတယ်၊ ဇိမ်ခံတယ်သာ ဆိုရပေမယ့်လည်း မြင်တာတွေ့တာလေးတွေကို မှတ်တမ်းတင်ဖို့ တာဝန်ကလည်း ဘယ်သမိုင်းကမှ မပေးဘဲ ယူခဲ့တာ ဆိုတော့ကာ ကင်မရာထုတ်ပြီး ရိုက်စရာရှိတာ ရိုက်ရပါသေးတယ်၊ ဒါပေမဲ့ ၄၅ မိနစ်ကြာ စီးရတဲ့ သင်္ဘောခရီးစဉ်ကလည်း ငြိမ်သက်နေတဲ့ ပင်လယ်ပြင်ရယ် တခြားသင်္ဘောကြီးမပြောပါနဲ့ တံငါလှေ ခပ်သေးသေးတောင် မတွေ့ရတာကြောင့် ၁၅ မိနစ်ကျော်လောက် ကြာလာတော့ အတော်ပျင်းစရာ ကောင်းလာပါတယ်၊ ဒါတောင်မှ ကမ်းနဲ့သိပ်ဝေးလှတာ မဟုတ်သေးပါဘူး၊ ၁၉၈၀ ခုနှစ်များဆီက သင်္ဘောလိုက်ဖို့ လုပ်တာ လိမ်သွားတဲ့ ပွဲစားကိုတောင် အခုမှ ကြံဖန်ပြီး ကျေးဇူးတင်မိနေရပါတယ်။

LangelandsFærgen ကူးတို့သင်္ဘောနဲ့ ဘောလ်တစ်ပင်လယ်

ဒီ ကူးတို့ သင်္ဘောလိုင်း အမည်ကတော့ Danske Færgen လို့ခေါ်ပါတယ်၊ နိုင်ငံတော်ကထက်ဝက် ပုဂ္ဂလိကတဝက် ပိုင်ဆိုင်တဲ့လုပ်ငန်းပါ၊ ပြေးဆွဲတဲ့ပင်လယ်ကမ်းရိုးတန်း ကျွန်းကူးတဲ့ ခရီးစဉ်တွေက  AlsFærgen, BornholmerFærgen, FanøFærgen, LangelandsFærgen, SamsøFærgen ခရီး တွေပါ၊ အများစုက ပြည်တွင်းကျွန်းတွေကူးတဲ့ ခရီးစဉ်တွေပါ၊ မောင်ရင်ငတေတို့ သွားမယ့် ကျွန်းက Langeland ကျွန်းပါ၊ ဗမာလိုဆိုရင်တော့ ကျွန်းရှည်ကျွန်းလို့ ခေါ်လို့ရနိုင်ပါတယ်၊ အဲဒီ ကျွန်းပေါ်မှာရွှေပြည်တော်က ရွှေ့ပြောင်းအခြေစိုက် ရောက်ရှိလာတဲ့ မောင်ရင်ငတေတို့ ညအိပ်တည်းခိုရမယ့် ရှမ်းတောင်တန်းသား မိသားစုတစုရဲ့ အိမ်ရှိပါတယ်၊ အလွန်တရာ ခင်မင်ဖွယ်ကောင်းတဲ့ မိသားစုပါ၊
အမည်ကလည်း မဖွေးဖွေးဖြစ်သလို စေတနာကလည်း ဖွေးဖွေးဖြူလွန်းလှပါတယ်၊ ကျွေးမွေးဧည့်ခံ တာကလည်း အလျှံပယ်ပါ၊ ဧည့်ခံကျွေးမွေးတာ ဘယ်လောက်တောင် ကောင်းသလဲ ဆိုတော့ကာ ထမင်းတလုပ်နဲ့တလုပ်အကြားမှာ နားချိန်မရှိရအောင်ပါ၊ မောင်ရင်ငတေတို့ရဲ့ ပါရီဇီယန်များနဲ့တော့ ကွာခြားလှပါပေတယ်၊ ပါရီဇီယန်တွေများ ဧည့်သည်လာရင် အကောင်းဆုံး ဟိုတယ်မှာ တည်းခိုခိုင်း အကောင်းဆုံး စားသောက်ဆိုင်ကို ညွှန်ပြလိုက်ကြပြီး အကောင်းဆုံး ဝန်ဆောင်မှု ပေးလိုက်ပါတယ် ဆိုပြီးတော့ ကြံဖန်ပြီးတော့ ဂုဏ်ယူလို့ နေကြပါသေးတယ်။
Sjælland, Farø(Bogø),Falster,Lolland,Langeland, Siø,Tåsinge, Fyn ကျွန်းရှစ်ကျွန်း

ဒိန်းမတ်နိုင်ငံက မြောက်ပင်လယ်နဲ့ ဘောလ်တစ်ပင်လယ်ပြင်တို့ အကြားက ကျွန်းများစွာနဲ့ ဖွဲ့တည် ထားတဲ့ နိုင်ငံတနိုင်ငံပါ၊ အဲဒီ Langeland ခေါ်ကျွန်းရှည်မျောမျောလေးကတော့ ဒိန်းမတ်ရဲ့ စတုထ္တ အကြီးဆုံးသော Lolland ကျွန်းနဲ့ တတိယ အကြီးဆုံး Fyn ကျွန်းမကြီး နှစ်ကျွန်းရဲ့ အလယ်ခေါင်မှာ တည်ရှိတဲ့ သာယာလှပလှတဲ့ ကျွန်းလေးပေါင်း များစွာထဲက အရေးပါတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ကျွန်းတကျွန်းပါ၊ ဒါပေမဲ့ အချိန်များများ မပေးနိုင်လို့ ဒီကျွန်းလေးရဲ့ လှပပုံတွေကို မှတ်တမ်းတင်ခွင့် မရရှိခဲ့ရပါဘူး၊ နောက်တခါလောက်တော့ အေးအေးဆေးဆေး အချိန်ယူပြီး လာရောက်လေ့လာချင် လည်ပတ်ခွင့်ရချင်ပါသေးတယ်၊ ဧရိယာစတုရန်းမိုင် ၁၁၀ ကျယ်တဲ့ ဒီကျွန်းကလေးပေါ်မှာ လူဦးရေ တသောင်းသုံးထောင်ကျော်ရှိပြီး မြို့တော်ကတော့ Rudkøbing ဖြစ်ပါတယ်၊ နာမည်ကျော် ဒိန်းမတ် သိပ္ပံပညာရှင် လျှပ်စစ်သံလိုက်ပညာကို ရှာဖွေတွေ့ရှိခဲ့သူ Hans Christian Ørsted (၁၇၇၇-၁၈၅၁) နဲ့ ဒိန်းမတ်နိုင်ငံရဲ့ နိုင်ငံရေးသမား တတိယမြောက်ဝန်ကြီးချုပ်အဖြစ် ၁၈၅၃-၁၈၅၄ ခုနှစ်က တာဝန်ယူခဲ့သူ Anders Sandøe Ørsted (၁၇၇၈-၁၈၆၀) ညီအကိုနှစ်ဦးတို့ရဲ့မွေးရာမြေ ဖြစ်ပါတယ်။
Baltic Sea သို့မဟုတ် ဒိန်းမတ်အခေါ် Østersøen

အဲဒီနိုင်ငံကလေးဟာ နိုင်ငံကသေးငယ်ပေမဲ့ အချမ်းသာဆုံးသော နိုင်ငံတနိုင်ငံဖြစ်ပြီး လူဦးရေက နည်းပါးတော့ နိုင်ငံတော်ထောက်ပံ့ကြေး အစီအစဉ်တွေမှာ အကောင်းဆုံးနိုင်ငံတနိုင်ငံ ဖြစ်ပါတယ်၊ မြေလွတ်မြေရိုင်းတွေ မတွေ့ရှိလောက်အောင်ဘဲ နေရာလွတ်မကျန်အောင် စိုက်ပျိုးထားတာ တွေ့ရှိ ရပါပေသော်လည်း ဘယ်သူတွေကဘယ်လိုပုံစံနဲ့ ပိုင်ဆိုင်ကြသလဲ ဆိုတာကတော့ မောင်ရင်ငတေမသိနိုင်ပါဘူး၊ ချမ်းသာဆင်းရဲ ကွာခြားမှုတွေ မြင့်မားစွာ ရှိနေနိုင်သော်လည်းဘဲ အောက်ဆုံးအဆင့်လူတန်းစားတွေလို့ ပြောဆိုနိုင်တဲ့ မောင်ရင်ငတေတို့လို ရွှေ့ပြောင်းအခြေစိုက် လူတန်းစားတွေရဲ့ လူနေမှုအဆင့်ကလည်း အိမ်နဲ့ယာနဲ့ ကားနဲ့နွားနဲ့ နေထိုင်နိုင်တဲ့ အဆင့်ရှိနေတယ် ဆိုတာကတော့ ဘယ်လိုနည်းနဲ့မှ ငြင်းဆိုလို့မရနိုင်ပါဘူး၊ ဒါတောင်မှ မောင်ရင်ငတေတို့ ရွှေပြည်တော်သားတွေဟာ ဒီနိုင်ငံတွေကို နောက်အကျဆုံး ပြောင်းရွေ့ရောက်ရှိအခြေချကြတဲ့ လူမျိုးတွေဖြစ်ပြီး အရေအတွက် အားဖြင့်လည်း အလွန်တရာနည်းပါးလှပြီး စာရင်းဇယားတွေမှာ ပါဝင်လေ့မရှိပါဘူး၊ ဒိန်းမတ်ရောက် စကင်ဒီနေဗီးယားဒေသရောက် ရွှေပြည်တော်သားတွေက ဥရောပကုန်းမကြီးပေါ်ရောက်တွေထက် နေရေးထိုင်ရေး အခြေအနေ ပိုမိုကောင်းမွန်ပါတယ်၊ ဒါပေမဲ့လည်း မောင်ရင်ငတေ အနေနဲ့ကတော့နေရေးထိုင်ရေး စားရေးသောက်ရေး လုပ်ရေးကိုင်ရေး သွားရေးလာရေး ဘက်စုံက လူ့အခွင့်အရေး တွေမှာတော့ ဒီကနေ့ ဂျာမဏီကိုသာ ပိုပြီး သဘောကျမိရကြောင်းပါ။

Langeland ကျွန်းပေါ်တနေရာ
အဲဒီကျွန်းတွေမှာ တခြားသော အပိုဝင်ငွေရအောင်ရှာကြတဲ့ လုပ်ငန်းတခုကတော့ လူသူမနေကြဘဲဟာလာဟင်းလင်း ဖြစ်ခါနေတဲ့ အိမ်ကလေးများကို ငှားရမ်းကြတဲ့ လုပ်ငန်းပါဘဲ၊ ဥရောပတိုက်သား လူဖြူတွေ အများစုဟာ နှစ်စဉ်နှစ်တိုင်း အားလပ်ရက်တိုင်းမှာ နေရာအနှံ့ ခရီးထွက်တဲ့ဓလေ့ စွဲကပ် နေကြတာပါ၊ အဲလိုလူမျိုးတွေဟာ ဒီလိုဘာမှမရှိတဲ့ ကျွန်းလေးတွေမှာ ဘန်ဂလို အိမ်လေးတလုံးကို တပတ် ယူရို သုံးလေးငါးရာတထောင် အကုန်ကျခံ လာရောက်ဇိမ်ခံကြတာပါ၊ အဲလို လူသူကျဲပါးတဲ့ ကျွန်းလေးရဲ့ ကမ်းစပ်တနေရာမှာ ငါးမျှားလို့ရရင်မျှား ခွေးတကောင်နဲ့ လမ်းလျှောက်သူလျှောက် နေစာလှူံသူလှူံ စာဖတ်ချင်ဖတ် စကားပြောသူပြော သောက်တတ်ကြသူတွေသောက် ဓါတ်ပုံရိုက်ပြီး မှတ်တမ်းတင်ချင်သူတင်ကြနဲ့ အေးအေးလူလူနေ အားလပ်ရက်တွေကုန်အောင် အချိန်ဖြုန်းကြတာ မောင်ရင်ငတေတော့ အားကျမိရပါတယ်၊ ဒါပေမဲ့လည်း မောင်ရင်ငတေရဲ့ ခရီးစဉ်တွေက ဘယ်ကို သွားသွား အမြဲလိုလို စားသုတ်သုတ် သွားသုတ်သုတ်နဲ့ တက်သုတ်ရိုက်ပြီး သွားခဲ့ရတာမျိုးပါ၊ အဲဒါ တောင်မှ ခရီးစဉ်တိုင်းဟာ ကိုယ့်စရိတ်ကိုယ်ခံပြီး ကိုယ်သွားချင်ရာကိုယ်သွားတဲ့ ခရီးစဉ်တွေသာပါ၊ ကိုယ်တိုင်ရေးဆွဲတဲ့ ခရီးစဉ်တွေမှာတောင် အေးအေးဆေးဆေး မရှိလှတဲ့ ဘဝတွေပါ၊ သူတို့တတွေ နေစာလှူံကြတဲ့ အခါမျိုးတွေမှာတောင် တနာရီ နှစ်နာရီမကကြာအောင် မလှုပ်မယှက် အေးဆေးစွာ နေနိုင်ကြပါပေတယ်၊ မောင်ရင်ငတေတို့ကတော့ ဘဝကပေးလာတဲ့ အခြေအနေအရ အမြဲလိုလို လှုပ်ရှားနေရတော့ကာ အငြိမ်နေခွင့် ရခဲ့ရင်တောင်မှ အငြိမ်မနေတတ်တော့ပါဘူး။
Langeland ကျွန်းမှတဆင့် Svendborg မြို့သို့

ရွှေပြည်တော်ကြီးရဲ့ တောင်ပေါ်ဒေသ ရှမ်းတောင်တန်းသားဘဝများကနေ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းသူကျွန်းသားဘဝသို့ ကူးပြောင်းလာတဲ့ အိမ်ရှင်မိသားစုရဲ့ ကျွေးမွေးရေး အစီအစဉ်မှာပါဝင်တဲ့ အစားအစာများကတော့ ဒိန်းမတ်ရိုးရာဓလေ့ အစားအစာများ မဟုတ်ရပါဘူး၊ ကြက်ခြောက်ကြော် ကျောက်ပွင့်သုတ် အသီးအရွက်စုံအသားစုံဟော့ပေါ့ မာလာဟင်းတို့ ဖြစ်ပါတယ်၊ မောင်ရင်ငတေရဲ့ ရှစ်ကျွန်းသွား ပထမနေ့ခရီးစဉ်ကို Langeland ကျွန်းမှာ တညတာ အိပ်စက်အနားယူအပန်းဖြေရင်း ရပ်နားခဲ့ပါတယ်၊ ဒီခရီးစဉ်မှာ ပါဝင်ခဲ့ကြတဲ့ လိုက်လံပို့ဆောင်ပေးကြသော ကျွေးမွေးဧည့်ခံကြသော မိတ်ဆွေများအား ကျေးဇူးအထူးတင်ရှိစွာ မှတ်တမ်းတင် ရေးသားလိုက်ပါတယ်။

(ဒုတိယနေ့ခရီးစဉ် ဆက်ရေးပါအုံးမယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts