တူမောင်ညို သူတို့အာဘော်

တူမောင်ညို – အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၁၄)


တူမောင်ညို – အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၁၄)
(မှိုင်းဝနေတဲ့ မီးပုံးပျံလို ဝန်းရံသူအသစ်တွေနဲ့ )
(မိုးမခ) ၂၀၁၇ ခုနှစ်၊ ဧပြီလ ၃၀ ရက်

ဒီကနေ့ အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်းရဲ့ ဇာတ်လမ်းအစဟာ “ဝင် – ပြင်”လား (သို့မဟုတ်) “ပြင်-ဝင်” လားဆိုတဲ့ လမ်းကြောင်းနှစ်သွယ်ရွေးချယ်ရာကနေ စတင်ခဲ့တာပါ။ ဒီချုပ်ဗဟိုကော်မတီဝင်များရာအစုက “ဝင် – ပြင်”လမ်းကြောင်းကို ရွေးချယ်ခဲ့ကြ တယ်။ တကယ်တော့ “ပြင် – ဝင်”လမ်းကြောင်းဟာ ဦးဝင်းတင်ရဲ့လမ်းဖြစ်တယ်။ ပြည်သူကိုမျက်နှာမူတဲ့လမ်း၊ ပြည်သူကိုဗဟိုပြုပြီး စစ်အုပ်စုရဲ့ အာဏာအမွေခံတွေနဲ့ အကျိတ်အနယ် ဆွေးနွေးစီးချင်းထိုးရမယ့်လမ်းဖြစ်တယ်။ ဒါပေမယ့် ဒီလမ်းကို ဒီချုပ်ပါတီက မရွေး ချယ်ခဲ့ပါဘူး။ ဒီအတွက် “ရွှေဂုံတိုင်ကြေညာစာတမ်း” ဟာ သဲထဲသွန်တဲ့ရေပမာဖြစ်ခဲ့ရတယ်။ ပြည်သူတွေမနာကျင်တဲ့လမ်းဆိုတာ သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ သမိုင်းဆိုတာ အသက်သွေးချွေးတွေနဲ့ ပေးဆက်လျှောက်လှမ်းခဲ့ကြရတာချည်းသာဖြစ်ပါတယ်။ ပြည်သူမနာကျင်တဲ့လမ်းဆိုတာ တကယ်တော့ လစ်ဘရယ်စိတ်ကူးယဉ်မှုသာဖြစ်ပါတယ်။

“ဝင် – ပြင်” လမ်းကို ရွေးလိုက်ကတည်းက နာကျင်မှုတွေထုနဲ့ထည်နဲ့ဖြစ်လာခဲ့တာပါ။ ရွှေဂုံတိုင်ကြေညာစာတမ်းကို နာနာ ကျင်ကျင်ပစ်ပယ်ခဲ့ရတာမဟုတ်လား။“မတရားတဲ့အမိန့်အာဏာမှန်သမျှတာဝန်အရဖီဆန်ကြ” ဆိုတဲ့ ရဲစွမ်းသတ္တိနေရာကို “ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါ့မယ်” ဆိုတဲ့ သည်းခံမာန် လျှော့ရတဲ့ နာခံမှုဒေသနာတော်နဲ့အစားထိုးခဲ့ကြရတာမဟုတ်ပါလား။

“၂၀၀၈ အခြေခံဥပဒေ” ရဲ့အနှစ်သာရဟာ စစ်အုပ်စုရဲ့ အတိတ် – ပစ္စုပ္ပန်- အနာဂတ်အကျိုးစီးပွားကို ထိန်းသိမ်း ကာကွယ် ရေးစောင့်ရေးနဲ့ တိုးပွားရေးသာဖြစ်တယ်လို့ အကြိမ်ကြိမ်ရေးသားခဲ့ဖူးပါတယ်။ “ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး လိုက်နာပါ့မယ်” လို့ ကတိသစ္စာပြုလုပ်ရတည်းက စစ်အုပ်စုအကျိုးစီးပွားကို ခေါင်းပေါ်တင်ထားလိုက်ရပါပြီ။ စစ်အုပ်စုအကျိုးစီးပွားနဲ့ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုရဲ့အကျိုးစီးပွားဆိုတာ ပြဒါးတလမ်းသံတလမ်းဆိုတာလို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတာပါ။ ဒါကို တခြားရှည်ရှည် ဝေးဝေးတွေထောက်မပြလိုပါဘူး။ ၁၉၆၂ ခုနှစ်ကနေ ယနေ့ကာလအထိ တိုင်းပြည်နဲ့လူထုဘဝမှာ ဖြစ်ပေါ် တည်ရှိနေတဲ့ ပကတိ အနေ အထားကို ကြည့်လိုက်ပါ။ စစ်အုပ်စုထိပ်သီးစစ်ဗိုလ်ချုပ်ကြီးတွေက ထားစရာမရှိအောင် အဆမတန် ချမ်းသာကြွယ်ဝနေပြီး လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးဘဝက ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲနေတာပါ။ ကျန်းမာရေး၊ ပညာရေး၊ နေ့စဉ်နေထိုင်စားသောက်မှုဘဝ အထွေထွေဟာ ချွတ်ခြုံကျမွဲတေနေရတဲ့ဘဝပါ။

ကျပ်ဘီလီယံများစွာ ဘုံးထားတဲ့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်(ဟောင်း) ဦးဘုန်းမော်ရွှေတို့ရဲ့ အကျင့်ပျက်ခြစားမှုကိစ္စဟာ တကယ်တော့ စစ်အုပ်စုဆိုတဲ့ ခြတောင်ပို့ကြီးရဲ့ တောင်ကမူ၊ အစွယ်၊ အစွန်းကလေးမျှသာဖြစ်ပါတယ်။ ဒီလို အသေးအမွှားလေး ကို တောင်မှ ဒီချုပ်ပါတီအစိုးရက မထိဝံ့၊ မတို့ဝံ့ဖြစ်နေလေတော့ ဒီထက်ပိုပြီး အဆများစွာကြီးမားပြီး များပြားလှတဲ့ စစ်အုပ်စု အကျိုးစီးပွား တွေကို ထိပါးမှာမဟုတ်ဘူး၊ ကိုင်တွယ်မှာ မဟုတ်ဘူး (စိတ်နဲ့တောင်ပြစ်မှားမှာမဟုတ်ဘူး) ဆိုတာကို အတိအလင်း “သတင်းစကား” ပါး လိုက်တာပဲဖြစ်ပါတယ်။ အောက်ခြေက အကောင်အသေးအမွှား၊ အကျင့်ပျက်ခြစားသူကလေးတွေကတော့ ထောင်နန်းစံကြပေတော့။

ဦးဘုန်းမော်ရွှေတို့ ငွေကြေးအလွဲသုံးစားလုပ်မှု နဲ့ပတ်သက်ပြီး “ အစိုးရသစ်၏ မူဝါဒမှာ နောက်ကြောင်းပြန်လှန်ရန် မဟုတ်ပါ ကြောင်း၊ ယခင်အစိုးရလက်ထက်(ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ)တွင် ဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များရှိပါကြောင်း၊ ယင်းကိစ္စများကိုထားပြီး ယခု အစိုးရသစ်လက်ထက်(ဦးထင်ကျော်ဒီချုပ်ပါတီအစိုးရ)တွင် အစိုးရသစ်၏မူဝါဒနှင့်အညီ အကောင်းဆုံးဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း” လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးညွန်ကြားရေးမှူးချုပ် (ဗိုလ်) ဦးဇော်ဋ္ဌေးက ရှင်းလင်းသွားပါတယ်။

“၂၀၀၈အခြေခံဥပဒေ”အတည်ပြုပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့အကျင့်ပျက်ခြစားတဲ့ ကိစ္စတွေကို အကောင်ကြီးကြီး၊ အကောင် သေးသေး ခိုးတာ၊ စားတာမှန်ရင် ပြတ်ပြတ်သားသား၊ ထိထိရောက်ရောက် ကိုင်တွယ်အရေးယူဖို့ လိုအပ်ပါတယ်။ ဥပဒေမှာပြုလုပ်ရန် ရှိတဲ့တာဝန်ကို မပြုလုပ်ဘဲနေတာ၊ ပျက်ကွက်တာဟာလည်း ဥပဒေကို ချိုးဖောက်တာပဲဖြစ်ပါတယ်။

ဒါကြောင့် “ယခင်အစိုးရလက်ထက်က ကိစ္စပဲ၊ ထားလိုက်မယ်” ဆိုတဲ့ သဘောထားဟာ နည်းလမ်းမကျပါဘူး။ “၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၄၄၅” က ကာကွယ်ထားတာဟာ “တော်လှန်ရေးကောင်စီ” စစ်အုပ်စုကနေ (နဝတ-နအဖ) စစ်အုပ်စုလက်ထဲအထိ ခိုးဝှက်ထားတဲ့ ပြည်သူ့ဘဏ္ဍာ တွေကို မထိပါး ပါဘူးလို့သာ ပညတ်ထားတာ၊ ပြဋ္ဌာန်းထားတာမဟုတ်လား။

“ ပြည်သူနဲ့အတူ”လို့ ပါးစပ်ကကြွေးကြော်နေပြီး စစ်အုပ်စုငြိုငြင်မှာကိုတော့ အလွန်ကို စိုးရိမ်နေဟန်ရှိပါတယ်။

“ပြည်သူနဲ့အတူ” ဆိုပြီး ပြည်သူတွေရဲ့ အတွေးအခေါ်နဲ့မျက်စေ့ကို သင့်မြတ်ရေးပဝါနဲ့စည်းနှောင်ပေးပြီး စစ်အုပ်စုအကျိုး စီးပွားတွေကို မျက်ကွယ်ပြုခိုင်းနေတာမျိုးလည်း မဖြစ်သင့်မဖြစ်ထိုက်ပါဘူး။

ဒီချုပ်ပါတီအစိုးရဟာ “ဝင်ပြင်”လမ်းကို ရွေးလိုက်ကတည်းက “၂၀၀၈အခြေခံဥပဒေ”ကိုခေါင်းပေါ်ရွက်လိုက်ပြီးကတည်းက စစ်အုပ်စုရဲ့ဝန်ထုပ်ဝန်ပိုးတွေကို တစ်ထုပ် ပြီးတထုပ် မငြင်းပယ်နိုင်ဘဲထမ်းပြီးရင်း ထမ်းရွက်နေရရှာပါတယ်။ ကိုယ်တိုင်လည်းမပါဝင် ခဲ့တဲ့(NCA)ဆိုတဲ့ဝန်ထုပ်ဝန်ပိုးကိုလည်း သယ်ပိုးရွက်ဆောင်နေပါတယ်။

ဒီချုပ်ပါတီအစိုးရဲ့ခေါင်းနဲ့ပခုံးမှာပြည်သူ့အကျိုးစီးပွားကိုရွက်ဖို့၊ ထမ်းဖို့ နေရာလပ်မှကျန်ပါသေးရဲ့လား။

ဒီလိုအထမ်းအရွက် ကောင်းလို့ လူမျိုးပေါင်းစုံ ပြည်သူတွေရဲ့ငြိငြင်မှုဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကို ဒီချုပ်ပါတီအစိုးရ ထမ်းရွက်လာ နေရပါပြီ။ ဒီအချက်ကို “ကြားဖြတ်ရွေးကောက်ပွဲ” (၂၀၁၇ ဧပြီ) မှာမြင်လိုက်ကြပါပြီ။ ဒါဟာ “ချောင်းဆုံတံတား” ကိစ္စနဲ့ဆက်နွယ်နေ တဲ့ရလဒ်ဖြစ်ပါတယ်။ စစ်အုပ်စုအကျိုးစီးပွားကို သည်းခံခွင့်လွှတ်နိုင်သေးရင် လူမျိုးပေါင်းစုံပြည်သူတွေရဲ့ ဆန္ဒနဲ့ အာသီသ ဘာကြောင့် မလိုက်လျောနိုင်ရမှာလဲ။

“ဝင် – ပြင်”လမ်းကို ရွေးချယ်လျှောက်လမ်းပြီးတဲ့နောက် မိုးသက်မုန်တိုင်းအကြားမှာ ဒီချုပ်ပါတီကို ဝန်းရံခဲ့ကြသူတွေ ရဲ့ အကြားမှာလည်း “မျက်စိဖွင့်ပြီး နိုးနိုးကြားကြားဝန်းရံသူတွေ” နဲ့ “မျက်စိမှိတ်ပြီး ထုံထုံထိုင်းထိုင်းဝန်းရံသူတွေ” ဆိုပြီး နှစ်ပိုင်းကွဲသွားပါ တယ်။ အခုတော့ မိုးသက်မုန်တိုင်းတွေကင်းလွတ်သွားပြီဆိုတော့ မှိုင်းဝနေတဲ့ မီးပုံးပျံလို ဝန်းရံသူအသစ်တွေနဲ့ ဒီချုပ်ပါတီဟာ စည်ကား နေပါတယ်။

“ဝင် – ပြင်” လမ်းမှာ လျှောက်လှမ်းနေတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒီချုပ်ပါတီအစိုးရဟာ ခေါင်းနဲ့ပခုံးပေါ်မှာလည်း မနိုင်ဝန်တွေနဲ့ လမ်းပေါ်မှာနဲ့လမ်းဘေးဝဲယာမှာ စစ်အုပ်စုနဲ့ကြံ့ဖွံ့ပါတီက နည်းမျိုးစုံနဲ့အကွက်ချ ဖန်တီးထားတဲ့ ခလုပ်ကန်သင်းတွေ အပြည့်အနှက်နဲ့ဖြစ် ပါတယ်။ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲတိုးဝင်သွားခဲ့ပြီးပါပြီ၊ ဒီတော့ “ဝင်” ဆိုတဲ့အပိုင်းကတော့ ဟုတ်နေပါပြီ။ “ပြင်” ဆိုတဲ့အပိုင်းက ဘယ်လိုလဲ။

ဒေါ်အောင်ဆန်းစုကြည်လို သြဇာအရှိန်အဝါကြီးမား သူခေါင်းဆောင်နေတဲ့ ဒီချုပ်ပါတီဟာ “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲ မှာလူမျိုးပေါင်းစုံပြည်သူ့အကျိုးကိုဆောင်ရွက်ဖို့ ကြိုးပမ်းတိုင်း၊ခြေလှမ်းပြင် လိုက်တိုင်း စစ်အုပ်စုအကျိုးစီးပွားရဲ့ ဇက်သတ်ခြင်း၊ ဘရိတ် အုပ်ခြင်းကို ရှောင်ဖွယ်ခြင်း မပြုနိုင်ဘဲ စင်းစင်းကြီး ခံနေရပါတယ်။

ဒီအချက်ဟာ “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲမှာ “တကယ့် အတိုက်အခံနိုင်ငံရေးပါတီထောင်မယ်” လို့ ဆိုနေသူတွေ သတိပြုသင့်တဲ့၊ အလေးအနက်စဉ်းစားသင့်တဲ့၊ သင်ခန်းစာယူသင့်တဲ့ အချက်တစ်ခုလည်းဖြစ်ပါတယ်။

မေလ ၁၂ ရက်နေ့မှာ (NCA) လက်မှတ်မထိုးသူတွေ ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးတက်ခွင့်ရနိုင်/မရနိုင်၊ ဘယ်နည်း လမ်း/ဘယ်အခန်းကဏ္ဍအထိ ဘယ်လိုပါဝင်ရမယ်ဆိုတာကို (UPDJC) က အဆုံးအဖြတ်ပေးမယ်လို့ ဆိုပါတယ်။

မေလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် “၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး” မှာလည်း “တကယ့်နိုင်ငံရေးဆွေးနွေးပွဲ၊ နိုင်ငံရေး အပေးအယူ လုပ်မယ်” လို့ ဆိုနေပါတယ်။

ဘာပဲဖြစ်ဖြစ် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒီချုပ်ပါတီလျှောက်သောလမ်းဟာ လူမျိုးပေါင်းစုံပြည်သူများအတွက် အတွေ့အကြုံနဲ့ သင်ခန်းစာတွေဖြစ်မြဲဖြစ်ပြီး ဒီအတွေ့အကြုံသင်ခန်းစာတွေထဲကနေ “အကာကိုပစ် အနှစ်ကိုယူ” ဆိုတဲ့ မူနဲ့ ပိုင်းခြားစိတ်ဖြာနိုင်ရင် တကယ့်လမ်းမှန်ကို ရွေးချယ်လျှောက်လမ်းသွာနိုင်ကြမှာပဲမဟုတ်လား။ ဆက်ရေးပါအုံးမယ်။

ညွန်း

မြန်မာ့အလင်းသတင်းစာ (၂၉-၄-၂၀၁၇)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts