ကဗျာ

ဇော်ရေးထင် – “ခေတ်သား”

Photo – Aung Htet
 

ဇော်ရေးထင် – “ခေတ်သား”

(မိုးမခ) ဧပြီ ၃၀၊ ၂၀၁၇သူ့လက်ထဲမှာ
သစ်သားချောင်းလေးတချောင်းကိုင်ထားသလို
ကျနော့်လက်ထဲကိုလည်း
သစ်သားချောင်းလေးတချောင်းပေးထားတယ်။
ပြီးရင် သူ့မှော်ပညာစတယ်။

သူ့လက်ထဲက သစ်သားချောင်းလေး
မိချောရေ…မိချောရေ ဖြစ်သွားတဲ့အခါ
ကျနော့်လက်ထဲမှာ ဂစ်တာ။

သူ့ လက်ထဲကသစ်သားချောင်းလေး
ဆေးထိုးအပ်ဖြစ်သွားတဲ့အခါ
ကျနော့်လက်ထဲမှာ ပြဒါးတိုင်။

သူ့လက်ထဲကသစ်သားချောင်းလေးက
ဒိုင်းဒိုင်းဒက်ဒက်အော်တဲ့အခါ
ကျနော့်သစ်သားချောင်းလေး မြေပေါ်ပြုတ်ကျ
ကျနော့်ရင်ဘတ်ကိုဖိပေးထားရ။

သူ့လက်ထဲကသစ်သားလေး
မိုးပေါ်ပင့်မြှောက်
မြန်မာ ဘာညာ သူအော်တဲ့အခါ
ကျနော့်သစ်သားလေးလည်း
လေကိုထိုးခွဲ သူ့လိုပဲ လိုက်အော်ရတယ်။

၂ နှစ်ခွဲအရွယ် ခေတ်သားလက်ထဲ
သစ်သားလေးတချောင်းဟာ
မှော်ဝင်နေ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts