ဇင်လင်း သူတို့အာဘော်

ဇင်လင်း ● ဒီမိုကရေစီ အရုဏ်ဦးကာလနှင့် ပဋိပက္ခဖြစ်နေသည့် ပုဒ်မ ၆၆ ဃ

ဇင်လင်း ● ဒီမိုကရေစီ အရုဏ်ဦးကာလနှင့် ပဋိပက္ခဖြစ်နေသည့် ပုဒ်မ ၆၆ ဃ

(မိုးမခ) ဧပြီ ၂၀၊ ၂၀၁၇

ယခုတလော ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ (Telecommunication Law, Session 66 d) နှင့် စပ်လျဉ်း၍ ဝေဖန် ပြောဆိုမှုများ မြင့်တက်လာနေသည်။ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ ဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် တပ်နယ်မှုး ဒုတိယ ဗိုလ်မှုးကြီးလင်းထွန်းက တရားလိုပြု၍ တရားစွဲခံခဲ့ရသော အာဏာရပါတီ NLD ၏ ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ အတွင်း ရေးမှူး ဦးမျိုးရန်နောင်သိမ်းကို ကမာရွတ်မြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်ခဲ့သည့်ဖြစ်ရပ်မှာ လူသိများ ထင်ရှား သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အသေရေပျက်စေနိုင်သော စာသားများ သူ၏ Facebook လူမှုကွန်ရက်ပေါ်၌ ရေးသားခဲ့သည်ဟူသော စွဲချက်ဖြင့် ဦးမျိုးရန်နောင်သိမ်းကို ဧပြီ ၇ ရက်နေ့တွင် ကမာရွတ်တရားရုံးက ထောင်ဒဏ် ၆ လ ချ မှတ်ခဲ့သည်။

၂၀၁၃ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့စွဲဖြင့် ပြဌာန်းခဲ့သော ဆက်သွယ်ရေး ဥပဒေ ပုဒ်မတခုဖြစ်သည့် ၆၆ (ဃ)သည် လူ့အခွင့်အရေး စံချိန် စံညွှန်းများနှင့် ကိုက်ညီမှု မရှိသဖြင့် ဖျက်သိမ်းခြင်း သို့မဟုတ် ပြင်ဆင်ခြင်းများကို ပြုလုပ်ပေးရန် နိုင်ငံရေးနယ်ပယ်နှင့် သတင်းမီဒီယာနယ်ပယ်တို့မှ အစိုးရအား တင်ပြတောင်းဆိုမှုများ ပြုလျှက်ရှိကြောင်း ကြားသိနေရ သည်။ ၎င်းဥပဒေတွင် ဆက်သွယ်ရေးကွန်ရက် တခုခုကို အသုံးပြု၍ လူပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်ထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း စသည့် ပြစ်မှုတခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထိုသူအား ၃ နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်၂ ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည်ဟု ဖော်ပြထားသည်။

၆၆ (ဃ) သည် ပုဒ်မ ၅ (ည) ကဲ့သို့ဖြစ်နေပြီး ဤပုဒ်မဖြင့် မလိုလျှင် မလိုသလို ပုံစံ အမျိုးမျိုးဖန်တီး နိုင်သည်ဟု  တရားလွှတ် တော် ရှေ့နေတဦးဖြစ်သူ ဦးရောဘတ်စန်းအောင်က ဆိုသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights) ပါ ပုဒ်မ ၁၉ နှင့်လည်း လွဲချော်နေသည်ဟု သူက ဆိုသည်။ ထို့ကြောင့် အဆို ပါပုဒ်မကို ပယ်ဖျက်သင့်သည်ဟု ဦးရောဘတ်စန်းအောင်က ဧရာဝတီသတင်းဌာနအား  ပြောကြားခဲ့သည်ကို တွေ့ရသည်။ ၎င်းဥပဒေကို ကျင့်သုံးဆောင်ရွက်နေသူများက နိုင်ငံရေးနှင့်ပတ်သက်သောအမှုများကို အာမခံမပေးသော်လည်း နိုင်ငံရေး နှင့် မပတ်သက်သော အမှုများကို အာမခံပေးခြင်း၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများမရှိဘဲ အမှုတည်ဆောက်ခြင်း၊ အမိန့် ချခြင်းများ ပြုလုပ်နေသည်ဟုလည်း ဦးရောဘတ်စန်းအောင်က ထောက်ပြသည်။

“မက်ဆေ့ခ်ျကနေ တယောက်နဲ့တယောက် လှမ်းပြောနေတာတွေလည်း ဒီဥပဒေနဲ့ ဆွဲလို့ရတယ်။ ဒီအမှုဖြစ်လာခဲ့ရင် နိုင်ငံ ရေးနဲ့ မပတ်သက်ရင်တောင် ၂ ပတ် ကနေ ၁ လ၊ ၂ လအထိ ကြာသွားနိုင်တယ်” ဟု ဦးရောဘတ်စန်းအောင် က ဆိုသည်။

လက်ရှိ ပြဋ္ဌာန်းထားသော ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တွင် အားနည်းချက်များရှိနေသောကြောင့် အမြန်ဆုံး ပြင် ဆင်သင့်ကြောင်း ‘ဆက်သွယ်ရေးဥပဒေ သုတေသနအဖွဲ့’ တွင် ဦးဆောင်ပါဝင်သူ ကဗျာဆရာ မောင်ဆောင်းခက မဇ္ဈိမသ တင်းသို့ပြောဖူးသည်ကို သတိပြုမိသည်။

“ဒီဥပဒေမှာ အားနည်းချက်တွေရှိနေတယ်။ တစ်အချက်က အာမခံပေးလို့ ရခြင်း/မရခြင်း မရေးထားဘူး။ နံပါတ် နှစ် အချက် ကတော့ ကိုယ်နာမည်နဲ့ ဖေ့စ်ဘုတ်သုံးတယ်။ တစ်ခြားသူက ကိုယ်ကို ချောက်ချချင်တယ်ဆိုရင် ကိုယ်ရဲ့ နာမည်အတိုင်းပေါ့ ဖေ့စ်ဘုတ် အကောင့်ဖွင့်ပြီးတော့ နိုင်ငံတော်အကြီးအကဲတွေ ဒါမှမဟုတ် ဂုဏ်သရေရှိတဲ့ လူတွေရဲ့ အပေါ်မှာ အသရေဖျက် တဲ့ စာသားတွေ၊ ဓာတ်ပုံတွေတင်လိုက်တာနဲ့ ကိုယ်က ဖမ်းဆီးခံရမှာ ဖြစ်တယ်” ဟု ၄င်းက ဆို သည်။

အဆိုပါ ဆက်သွယ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်မှာ ၄ နှစ်ခန့်ရှိပြီး ပြန်လည် ပြင်ဆင်ပေးရန်အတွက် ဆက်သွယ်ရေး ဝန်ကြီး ဌာနတွင် တာဝန်ရှိကြောင်း၊ ထိုဥပဒေပြဋ္ဌာန်းစဉ်ကလည်း နည်းဥပဒေရေးဆွဲခဲ့ခြင်း မရှိခဲ့သည့်အတွက် နည်းဥပဒေ ရေးဆွဲ ပေးရန် တွန်းအားပေးသွားမည်ဟု ကဗျာဆရာ မောင်ဆောင်းခက ဆိုသည်။ အဆိုပါ ဥပဒေကိုပြင်ဆင်ပေးရန်အတွက် လက်ရှိထောင်ထဲတွင် ၆၆ (ဃ) ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် တရားစွဲခံရကာ ထောင်ကျသူများစာရင်းကို ပြုစု၍ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီသို့ ပေးပို့သွားရန်ရှိပြီး ဥပဒေကြမ်းကော်မတီမှ တာဝန်ရှိသူများနှင့် တိုက်ရိုက် တွေ့ဆုံခွင့် တောင်းကာ ညှိနှိုင်းဆောင်ရွက်သွားမည်ဟုလည်း မောင်ဆောင်းခက ဆိုသည်။

ဧပြီလ ၁၂ ရက်နေ့ ဘီဘီစီသတင်းတစ်ပုဒ်အရ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ ကို ပြင်ဆင်နိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအတွင်း ဆွေးနွေးညှိနှိုင်းနေကြောင်း ကြားရသည်။ ၎င်း ပုဒ်မကို အသုံးပြု၍ တရားစွဲဆိုသည့် အခါ စွပ်စွဲခံရသူများ အာမခံမရသဖြင့် နစ်နာမှုရှိနေသည်ကို မည်ကဲ့သို့ပြုပြင်သင့်ကြောင်း စဉ်းစား ဆွေးနွေးလျှက်ရှိ သည်ဟု ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းက ဘီဘီစီကိုပြောကြောင်း သိရသည်။ ဆက်သွယ်ရေး ဥပဒေပုဒ်မ သည် ဆက်သွယ်ရေးနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံသူများ လုပ်ငန်းဆောင်ရွက်နိုင်စေရန် အဓိကရည်ရွယ်သည့် ဥပဒေ ဖြစ် ကြောင်း ဦးစိုးသိန်းက ဆိုသည်။

ဆက်သွယ်ရေး ကွန်ရက်ကိုအသုံးပြုပြီး အသရေဖျက်မှု၊၊ အမုန်းစကား လှုံ့ဆော်မှုများနှင့်ပတ်သက်၍ အခြားရှိပြီးသား ဥပဒေ များအရ ပြည့်ပြည့်စုံစုံ ကာကွယ်ပေးနိုင်ခြင်းမရှိဟု ယူဆသဖြင့် ပုဒ်မ ၆၆ ဃ ကို ဆက်သွယ်ရေး ဥပဒေတွင် ထည့်သွင်းထား သည်ဟု သူ့အနေဖြင့် သုံးသပ်ကြောင်း သိရသည်။ ပြည်သူများ၏အသံကိုနားထောင်ကာ လိုအပ်သလို ဥပဒေပြုရေး ပြဌာန်းရေးကိစ္စအတွက် လွှတ်တော်ဘက်က သဘောထားတောင်းခံလာလျှင် အသင့်ပေးနိုင်အောင် ဌာနတွင်း စဉ်းစားဆွေး နွေးနေကြခြင်းဖြစ်သည်ဟု ဦးစိုးသိန်းက ဘီဘီစီ မြန်မာပိုင်းသတင်းသို့ပြောသည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ ဖြင့် တရားစွဲဆိုခံခဲ့ရသည့် NLD ရဲ့ ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ အတွင်းရေးမှုး ဦးမျိုး ရန်နောင်သိမ်းကို ကမာရွတ်မြို့နယ် တရားရုံးက ဧပြီလ ၇ ရက်နေ့က ထောင်ဒဏ် ၆ လ ချမှတ်လိုက်ရာတွင်  ပြစ်ဒဏ်ကို အယူခံဝင်မည် မဟုတ်ဟု ဦးမျိုးရန်နောင်သိမ်းက ဗွီအိုအေ မြန်မာပိုင်းသတင်းသို့ပြောခဲ့ပြီး၊ ၆၆ (ဃ) ကို ပြုပြင်ရန်လိုကြောင်း မှတ်ချက်ပြုသွားခဲ့သည်။ ဦးမျိုးရန်နောင်သိမ်းက ကမာရွတ်တရားရုံး၏ ထောင်ဒဏ် ၆ လ ချမှတ်ပုံမှာ အကြောင်းအရာ ပေါ်တွင် ပြစ်ဒဏ်ချခြင်း မဟုတ်ဘဲ၊ အသုံးအနှုန်းအပေါ် မူတည်၍ ပြစ်ဒဏ်ချသောကြောင့် ထူးဆန်း ကြောင်း၊ မရရအောင် ပြစ်ဒဏ်ချသည်ဟု မြင်ကြောင်း တရားရုံးမှ အထွက်တွင် ဦးမျိုးရန်နောင်သိမ်းက သတင်းထောက် များအား ပြောခဲ့သည်ဟု သိရသည်။ ၆၆ ဃ ပုဒ်မဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် ဦးမျိုးရန်နောင်သိမ်းအား ၂၀၁၆ နိုဝင်ဘာလ အစောပိုင်းက ဖမ်းဆီး ခံခဲ့ရသဖြင့် ပြစ်ဒဏ်မှာ ချုပ်ရက် ခံစားခွင့်ရရှိခဲ့သည်။ ထို့ကြောင့် အစိုးရ၏ သင်္ကြန်ကာလ အထူးလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။

တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူများအနက်  အကျဉ်းထောင် လက်စွဲ နည်းဥပဒေအရ စည်းကမ်းလိုက်နာသူ ၂,၀၀၀ နီးပါးကို အစိုးရက အထူးလျှော့ရက်ပေးကာ ဧပြီလ ၁၂ ရက်နေ့ က လွှတ်ပေးလိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ရန်ကုန်မြို့အင်းစိန်အကျဉ်းထောင်မှ ပြန် လည်လွတ်မြောက်လာသူများတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ် ၆လ ချမှတ်ခံခဲ့ရသူ ဦးမျိုးရန် နောင်သိန်းလည်း ပါဝင်သည်ဟု သိရသည်။

“နိုင်ငံသားတွေ အကျိုးစီးပွားကို ထိခိုက်လာပြီဆိုရင် ကျနော်တို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရော၊ နိုင်ငံရေးသမားတွေ အလုပ်က ပြည်သူတွေကို ကာကွယ်ပေးဖို့ပဲ၊ ဖေ့စ်ဘွတ်သုံးတဲ့လူတိုင်းက ကြောက်နေပြီဆိုရင်တော့ မဟုတ်တော့ဘူးဗျ၊ ဒါကို ပြင်ဆင်ရမှာပဲ၊ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့က လက်ရှိအာဏာရပါတီရဲ့တာဝန် အစိုးရရဲ့တာဝန် ပြည်သူ တွေရဲ့ တာဝန်ပဲ။” ဟု ဦးမျိုးရန်နောင်သိန်း လွတ်မြောက်လာစဉ် RFA သတင်းဌာနအား ပြောကြားခဲ့သည်။ ဦးမျိုးရန်နောင် သိန်းက ပုဒ်မ ၆၆ (ဃ) ပြင်ဆင်ရေးအတွက် ဆက်လက်ကြိုးစားသွားမည်ဟုလည်း ပြောကြားခဲ့သည်။

ယခင် အစိုးရ လက်ထက်ကတည်းက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခံထားရသူ ၇ ဦး ရှိပြီး ၅ ဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်ဟု သိရသည်။ NLD အစိုးရသစ်လက်ထက်တွင် ၆၆ ဃ ပုဒ်မဖြင့် ရုံးတင် တရားစွဲဆိုခံရသည့် အမှုပေါင်း ၅၄ မှုရှိ၍ ၈ မှုကို ပြစ်ဒဏ် ချမှတ်ပြီး ဖြစ်သည်ဟု ‘ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေးကော်မတီ’ တွင် ဦးဆောင် ပါဝင်သူ ‘ကဗျာဆရာ မောင်ဆောင်းခ’ က ဆိုသည်။ အာမခံမရဘဲ အချုပ်နှင့် အမှုရင်ဆိုင်နေသော အမှု ၄ မှု ရှိကြောင်းလည်း ‘ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေး ကော်မတီ’ အစီရင်ခံစာ အရသိရသည်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် ရာထူးက နုတ်ထွက်သည်ဆိုသည့် ကြေညာချက် အတုကို သိမ်းယူပြီး Facebook ပေါ်တွင် ပြန်တင်သောကြောင့် ဦးဝင်းထိန်က တရားလိုလုပ်၍ ၆၆ (ဃ) ဖြင့် နေပြည်တော် တရားရုံး၌ တရားစွဲခံထားရသူ  ဦးအောင်မြင့်ထွန်း (အမှုဖြစ်ချိန်က မုံရွာမြို့ NLD ပါတီဝင်) ကိုလည်း ဧပြီ ၇ ရက်နေ့မှာပင် ထောင်ဒဏ် ၆ လ ချမှတ်ခဲ့သည်ကို ဗွီအိုအေ မြန်မာပိုင်းသတင်းအရ သိရသည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မကို ပြင်ဆင်ရေးကိစ္စ ဦးဆောင်လှုပ်ရှားနေသူတစ်ဦးလည်းဖြစ်၍ ကိုယ်တိုင်လည်း ၎င်းပုဒ်မဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးသူ ကဗျာဆရာ မောင်ဆောင်းခက ပြည်သူများ ရွေးကောက်တင်မြှောက်ထားသည့်  အစိုးရ တစ်ရပ် အနေဖြင့် ပုဒ်မ ၆၆ ဃ ကို ပြင်ဆင်ရန် မကြိုးစားဘဲ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များ ကိုယ်တိုင် ဆက်လက် အသုံးပြုနေ သည့်ကိစ္စမှာ မေးခွန်းထုတ်စရာ ဖြစ်သည်ဟု ဆိုသည်။

“ကျနော်တို့ လက်ရှိအစိုးရရဲ့ကြွေးကြော်မှုက ဘာလဲဆိုတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးလို့ ပြောတယ်။ အဲ့ဒီ့တော့ ဒီပုဒ်မကြီးက အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဟန့်အတားဖြစ်စေတယ် ပိုပြီးတော့ အဖွဲ့အစည်းတခုနဲ့တခုအကြားမှာ ပိုပြီးတော့ အမုန်းတရားတွေ ပိုပြီးတော့ ပွားနေတယ်ပေါ့ ဒါကြီးက မဖြစ်မနေပြင်ဖို့လိုတယ်။ သူတို့ဒါကို ဒီအတိုင်း ကြည့်နေ တာကိုတော့ အများကြီး ထည့်သွင်းစဉ်းစားဖို့လိုမယ်လို့ ကျနော်က သုံးသပ်တယ်။ ဘာလို့လဲဆိုတော့ ဝန်ကြီးချုပ်ဆိုရင် လည်း အစိုးရအဖွဲ့အနေနဲ့ သုံးတယ်။ နောက်ပြီးတော့ အာဏာရပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် တယောက်ဖြစ်တဲ့ ဦးဝင်းထိန် ကိုယ်တိုင်လည်း ဒီပုဒ်မကို သုံးတယ်ဆိုတော့ သူတို့ကိုယ်တိုင် ဒီပုဒ်မကို ကြိုက်နေတာလားဆိုတာကိုတော့ ကျနော်တို့ မေးခွန်းထုတ်ရမှာပေါ့နော်။” ဟု ၎င်းက ဗွီအိုအေ မြန်မာပိုင်းသို့ပြောကြားခဲ့သည်။

အနှစ်ချုပ်အားဖြင့် သုံးသပ်ရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ အပိုဒ် (က) အရ မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆ ချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် စသညတို့ကို အာမခံထားသည်။ ပုဒ်မ ၃၅၇ တွင် ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ်ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများအတွက် ဥပဒေအရ ကာကွယ်ပေးရမည် ဟု ဖေါ်ပြ ထားသည်ကို တွေ့နိုင်သည်။ ထို့ကြောင့် ပုဒ်မ ၆၆ ဃ သည် တိကျရှင်းလင်းစွာ ဖွင့်ဆိုဖေါ်ညွှန်းရန်လိုရုံမက၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်လည်း ဆန့်ကျင်သကဲ့သို့ဖြစ်နေသဖြင့် ၎င်းဥပဒေကို လွှတ်တော်တွင် ပြန်လည်တင်ပြ၍ အကျေ အလည် ဆွေးနွေးသင့်သည်။ သတင်းမီဒီယာအဖွဲ့အစည်းများနှင့် လူထုလူတန်းစားဆိုင်ရာ အဖွဲ့အစည်းများထံမှလည်း အကြံဉာဏ် များရယူ၍၊ ပြင်ဆင်သင့်သည့် အချက်များကို ပြင်ဆင်ရန် လေးနက်စွာ အကြံပြုတိုက်တွန်းလိုပါသည်။ ဒီမိုကရေစီ အာရုဏ် ဦးကာလ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဥပဒေ (Telecommunication Law) သည် လွတ်လပ်စွာ ပြောဆိုဖေါ်ပြခွင့် (Freedom of Expression) နှင့် သတင်းလွတ်လပ်စွာ စီးဆင်းခွင့် (Freedom of the Press) တို့ကိုလည်း ခြိမ်းခြောက် ဟန့် တားသကဲ့သို့ဖြစ်နေသည်ကို တာဝန်ရှိသူများ သတိပြုစေလိုပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts