ကဗျာ

ဇာနည် ● မန္တလေး

ဇာနည် ● မန္တလေး
(မိုးမခ) ဧပြီ ၁၁၊ ၂၀၁၇

ညက….
ကျနော်အိပ်မက်ထဲကို
“ကတ်ပလင်း” ရောက်လာလာတယ်…
သူ့ရဲ့ “မန္တလေး” ကဗျာကို
ရွတ်ပြသွားပြီးတဲ့နောက်….
ကျနော်လည်း
ဆယ့်ကိုးရာစုဧရာဝတီရဲ့
တောင်ညာစံဖြစ်ခဲ့ဖူးတဲ့
“မန္တလေး” ကိုအလည်ရောက်သွားခဲ့ပေါ့…

ပထမဆုံးမြင်ကွင်းက…
ဂေါ်ဝင်ဆိပ်ကမ်းကိုသွားနေတဲ့
ဘီရိုလှည်းပေါ်က..
“သီပေါနဲ့ စုဖုရားလတ်” ရယ်…
မြတောင်ကျောင်း
အုတ်လှေကားပေါ်က
ရောင်တစောင်းထုံးထားတဲ့
ဆယ်နှစ်သား “မောင်လွမ်း” လေးရယ်…

အဲ့ဒီနောက်…
ကျနော့်ဘဝရဲ့
အခန်းဆက်အလွမ်းဇာတ်လမ်းတွေစခဲ့တယ်ဆိုပါတော့……
ရေညှိတွေတက်နေတဲ့
နီညိုရောင်နန်းမြို့ရိုးရယ်…
ကြယ်ရောင်တွေ တိတ်တဆိတ်နဲ့အိပ်ပျော်နေတဲ့ ကျုံးရေပြင်ရယ်….

ပြီးတော့..
အဖေမကြာခဏပြောပြခဲ့ဖူးတဲ့…
“ဗိုလ်မူးဗထူး” ရဲ့
တော်လှန်ရေးစစ်ထွက်မိန့်ခွန်းရယ်….
အဲ့ဒီနောက်…
ကျနော့်ရင်ခုန်သံတွေ စခဲ့တယ်ဆိုပါတော့…..
ပြီးတော့….
မန္တလေးဆေးရုံကြီးပေါ်မှာ
စိတ်ထိခိုက်ပြီးဆုံးပါးသွားခဲ့ရတဲ့
“မြင်းခွာတချက်ပေါက်ရင် မီးဟုန်တောက်စေရမယ်”.. ဆိုတဲ့
“ကိုဗဟိန်း” ရယ်….
ကိုသိန်းဖေ (ဦးသိန်းဖေမြင့်) နဲ့ လူမှားပြီး
ဂျပန်ကင်ပေတိုင်တွေအသတ်ခံခဲ့ရတဲ့
“တိုင်းချစ်သိန်းဖေ”ရယ်….
ဖမ်းမိထားတဲ့ကင်ပေတိုင် ဂျပန်ဗိုလ်ကိုဓားနဲ့ခုတ်သတ်ခဲ့တဲ့
“ဗိုလ်ရဲဒင်ကြီး” ရယ်…..

ပြီးတော့….
“မန္တလေး”အကြောင်းပြောရင်
ရှေ့ဆုံးကသတိရစေတဲ့….
ဖဆပလခေတ်က
ဗုံးခွဲခံခဲ့ရဖူးတဲ့
“လူထုသတင်းစာတိုက်” ရယ်…
လူထုသတင်းစာတိုက် အယ်ဒီတာစားပွဲမှာ
မာဖလာအမြဲပတ်ထားပြီး
ဆေးတံကြီးခဲထားတဲ့
“ဆရာကြီးရွှေဥဒေါင်း” ရယ်….

ဥပဓိရုပ်လဲကောင်း
အင်မတန်မှစိတ်နှလုံးကောင်းလှတဲ့
“ဦးလေးလူထုဦးလှ” ရယ်….
ကျွန်းပြန်ကြီး “လူထုစိန်ဝင်းရယ်”
ချွေးတပ်မှတ်တမ်းရေးခဲ့တဲ့ “လူထုသစ်လွင်ရယ်”
“ဗကသ” ဖွဲ့ဖို့အဆိုပြုခဲ့တဲ့..
အင်းလျားကျောင်းသူ”မအမာ” (အမေလူထုဒေါ်အမာ) ရယ်….
မြန်မာစာ အမှတ် ၁၀၀ ကို ဘယ်လိုမှလျော့လို့မရအောင်တော်တယ်ဆိုတဲ့..
မန်းတက္ကသိုလ်ကို ခုံဖိနပ်နဲ့တက်ခဲ့တဲ့..
တောင်သာဇဂျမ်း ရွာသား “ဗဂျမ်း” (ဆရာတင်မိုးရယ်)…
“မြန်မာစာပေ ဘာလဲ ဘယ်လဲ”ဆိုတဲ့
“ဆရာစွမ်း” ရယ်…..
“ဆာအက်ဒရက်အာနိုး” ရဲ့
“The light of Asia” ကို
ပါဒအလိုက်ဘာသာပြန်ခဲ့တဲ့…
“ထင်းရှူးပင်ရိပ်” အောက်မှာ
“ရှယ်လီ” တို့ “ဂျွန်ကိ” တို့နဲ့ မိတ်ဆက်ပေးခဲ့တဲ့..
“မောင်သာနိုး” ရယ်…

သစ္စာရှာဖို့ မြင်းစီးခဲ့တယ်…ဆိုတဲ့…
မြန်မာပြည်က”ဗားတော့ဗရက်”
“ဆရာကြည်အောင်”.. ရယ်
ခုထက်ထိ
မအိုသေးတဲ့…
ဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) ရယ်…
ဟံသာဝတီသတင်းစာတိုက်က
“စနေစာပေဝိုင်းနဲ့ “ဆရာဦးဝင်းတင်” ရယ်

ပြီးတော့….
မန်းတလေး တက္ကသိုလ်ကအာစရိတွေဖြစ်ကြတဲ့…
ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့
“ပန်တူ” ပြဿနာငြင်းခုန်ခဲ့ဖူးတဲ့
ဆရာကြီး ဦးချမ်းမြ (မြကေတု) ရယ်…..
“ဗော်လဂါမှ ဂင်္ဂါ” ရေးခဲ့တဲ့
“ဆရာကြီးဆန်းထွန်း” ရယ်….
“ဒေါက်တာဝေါပိုလာရာဟုလာ” ရဲ့
“What Buddha’s taught”
ကို ဘာသာပြန်သွားခဲ့တဲ့
“ဆရာကြီး ဦးကိုကိုလေး” (မောင်ဇေယျာ) ရယ်…
“ပညာရှင်မှန်ရင် ကျွန်မခံဘူး”…
“သမိုင်းသင်တာ မ အအောင်” ဆိုခဲ့တဲ့
“ဆရာကြီးဒေါက်တာသန်းထွန်း” ရယ်…

ပြီးတော့…..
တောင်သမန်အင်းစောင်းက….
“ကိုပညာ” ရဲ့
တောင်လေးလုံးကျောင်းရယ်….
အဲ့ဒီကျောင်းကို တနှစ်တခါရောက်လာတတ်တဲ့..
“အိုးဝေ” ဆိုတဲ့စကားလုံးပိုင်ရှင်
“ဆရာကြီးဦးညိုမြ” ရယ်….

ဦးပိန်တံတားပေါ်ဖြတ်လျှောက်တဲ့အခါတိုင်းလွမ်းခဲ့ဖူးတဲ့….
“တောင်သမန်စားမောင်ဖေငယ်ရယ်…..
ဒိုင်းခင်ခင်ရယ်….
ဓားထက်တဲ့ဗီလိန် ရနောင်မောင်မောင်တုတ်… တို့ရဲ့ဇာတ်လမ်းလေးရယ်…..”

“တောင်သမန်ရွှေအင်းမှာ…
လေညင်းဆော်တော့….” ဆိုတဲ့
ဆရာမြ (ဆရာကြီးမြသန်းတင့်) ရယ်…

ပြီးတော့….
အနုပညာနယ်ပါရမီရှင်ဆရာသမားတွေဖြစ်ကြတဲ့..
“ငြိမ်းချမ်းရေးသည်..
ပျားရည်ကဲ့သို့အစဉ်…” ဆိုတဲ့ငြိမ်းချမ်းရေးသီချင်းရေးခဲ့မိလို့…
ဖဆပလပြည်ထဲရေးဝန်ကြီး “ဗိုလ်ခင်မောင်လေး”
ခြိမ်းခြောက်ခံခဲ့ရပြီး…
“အချစ်သီချင်းမှလွဲ၍ဘာသီချင်းမှမရေးတော့ပါ” ဆိုတဲ့
“ဆရာကြီးမြို့မငြိမ်း” ရယ်….
သီချင်းတွေထဲမှာနာမည်ထဲ့ရေးတတ်တဲ့….
“နန်းတော်ရှေ့ဆရာတင်” ရယ်…..
မီမီဝင်းဖေတို့အဘိုး..
“ရွှေပြည် ဦးဘတင်” ရယ်
သူ့သား
ပန်တျာကျောင်းအုပ်ကြီးလုပ်ခဲ့ဖူးပြီး…
စာပေ ပန်းချီ ဂီတ ရုပ်ရှင် စွယ်စုံရပညာရှင်…
အာအက်အေ ဦးဇော်ဝိတ်(ဆရာဦးဝင်းဖေ) ရယ်….
“မြန်မာ့မော်ဒန်ပန်ချီဆရာတဆူဖြစ်တဲ့
“ဆရာပေါ်ဦးသက်” ရယ်….
သင်္ကြန်မိုးဖန်တီးရှင် ဆ “ပါပါကြီး”
(ဆရာမောင်တင်ဦး) ရယ်…
“အများနည်းတူ သက်လုံမကောင်းရင်…
ကြိုးကြာငှက် တချို့တလေ
ချီလာစဉ်ကျန်ရစ်မည်…” ဆိုတဲ့
“ဆရာကိုမောင်မောင်”ရယ်..
“ဇာတ်သမားလာရင် မှတ်သားစရာပါရမယ်
ဇာတ်သမားပြန်ရင် မှတ်သားစရာကျန်ရမယ်” ဆိုတဲ့
“ဒါရိုက်တာမောင်ယဉ်အောင်” ရယ်….
မျက်နှာမြင်ရုံနဲ့တင် ရယ်စရာဖြစ်စေတဲ့…
သဘင်ပညာရှင် လူရွင်တော်ကြီးတွေဖြစ်တဲ့…
“ဦေးပါစံ…. ဦးသိန်းဆု… ဦးဟန်ညွန့်” တို့ရယ်….

ပြီးတော့…
အမေမာရဲ့သားတွေဖြစ်တဲ့…
“ကိုစိုးဝင်း” (ပဲခူးရိုးမကျဆုံး)
“ကိုဖိုးသံချောင်း”
“ကိုငြိမ်းချမ်း” (ညီပုလေး) တို့ရယ်….
“နွေဦးကြိုငှက်”..
ကိုမှိုင်း (မောင်းမှိုင်းလွင်အင်းဝ) ရယ်….
မြင်းခြံထောင်မှာအတူနေခဲ့ဖူးတဲ့
မန်းတလေးသပိတ်တပ်ပေါင်းစုဆရာတော်
“ဂဠုန်နီ ဦးကာဝိဒ” ရယ်..
.
“ကမ်းလွန်လေ”
“ကိုအောင်ဘညို” ရယ်…..
မြောက်ပိုင်းမှာအသတ်ခံသွားရတဲ့…
သူငယ်ချင်း “ထွန်းအောင်ကျော်” ရယ်…
ညီလေးဗိုလ်စံ (စံညိမ်းဦး) ရယ်…
စတုတ္ထကျောင်းသာသပိတ်ခေါင်းဆောင်တွေဖြစ်တဲ့….
“အောင်မှိုင်းဆန်း”
“ရဲရင့်ကျော်”
ဗကသရဲဘော်များရယ်….
ပြီးတော့….
ကျနော်အတမ်းတဆုံးထဲက
မြို့မတီးဝိုင်းနဲ့
မန္တလေးသင်္ကြန်…ရယ်

ပြီးတော့……
“နွေဦး”ကိုဖွဲ့သီထားတဲ့
“ကာဠုဒါယီ” ရဲ့ ချီးမွမ်းခန်းတွေနဲ့
“ရှင်အုန်းညို”ရဲ့ ဂါထာခြောက်ဆယ်ပျို့ထဲကလို..
ဂုဏ်အခန်းခန်းတွေနဲ့
“မန္တလေး” ဟာ
ကျနော့်အိပ်မက်ထဲကို
တပိုဒ်ပြီး တပိုဒ် ရောက်လာခဲ့ချေပေါ့ …….။ ။

ဇာနည်
၁/၄/၂၀၁၇

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts