မျိုးတေဇာမောင် ● စစ်ကား
(မိုးမခ) မတ် ၃၀၊ ၂၀၁၇
နောက်ဆုံးတော့လည်း သူပုန်တွေပဲရှုံးကြ
သူပုန်တွေ သေနတ်မှန်ပြီး လဲကျတယ်
ပြီးတော့ နောက်ထပ်ဇာတ်ကွက်တခုအတွက်
ဖုတ်ဖက်ခါပြီး ပြန်ထရတယ်
သူပုန်ခေါင်းဆောင်ဆိုတာ နှုတ်ခမ်းမွှေးတော့ပါရမယ်
သူပုန်တွေဟာ သုံးဆယ့်ငါးလမ်းထဲမှာ နေ့စားခေါ်မယ့်
ရှုတင်မန်နေဂျာကိုစောင့်နေတုန်း
စစ်ဗိုလ်လုပ်တဲ့ကောင်က သွေးဆေးကြော်ငြာရိုက်နေတယ်
နောက်ဆုံးသူပုန်တွေပဲ ရှုံးရမှာ
သူပုန်ဗိုလ်ဟာ မင်းသားဆိုရင် နောင်တရတတ်တယ်
မသေဘူး၊ လူကြမ်းဆိုရင် သေကို သေရတယ်
သူပုန်တွေ ဝမ်းစာအတွက် ပူပန်နေတုန်း
စစ်ဗိုလ်လုပ်တဲ့ကောင်တွေနဲ့ ဗိုလ်ကတော်လုပ်တဲ့ဟာတွေ
မဲဆွယ်သီချင်းဆိုနေကြတာမျိုးလည်းရှိတယ်
နောက်ဆုံးတော့ တောင်ကုန်းကိုသိမ်းလိုက်တာ စစ်တပ်ပဲ
စစ်ဘေးရှောင်နေတဲ့ကလေးဟာ
ပွန်းပဲ့နေတဲ့ဒန်ဇလုံထဲက ထမင်ကြမ်းကိုဝါးရင်း
စစ်ကားကိုကြည့်နေတယ်
ထမင်းက မာလို့ အံကြိတ်နေတာလား
ဘာ့ကြောင့် အံကြိတ်နေတာလဲ
သုတေသနလုပ်ဖို့မလိုဘူး
စကားမစပ် နှစ်ပေါင်းများစွာကြည့်ခဲ့ရတဲ့စစ်ကားမှာ
ကျုပ်တို့အားလုံး စစ်ဘေးရှောင်တွေပဲ
ခင်ဗျား ဒီကဗျာကို အံကြိတ်ပြီးဖတ်ပါ။
မျိုးတေဇာမောင်
ခုပြောတဲ့သူပုန်ဆိုသူတွေဟာဘယ်လိုလူတွေလဲဆိုတာ
တော့သေချာသိထားသင့်တယ်လို့ထင်မိတယ်ဗျ