ကဗျာ

မိုးသက်ငြိမ်ဦး ● တလက်လက်အသံ (၂)

မိုးသက်ငြိမ်ဦး ● တလက်လက်အသံ (၂)
(မိုးမခ) မတ် ၃၀၊ ၂၀၁၇

အသံတွေဟာ အတွင်းကလာတယ်
အသဲစွဲအောင်လဲ ချစ်တတ်ပြီးပြီ
နှစ်ပေါင်းများစွာ အကွဲအပြဲမှာလည်း ကျင့်သားရနေပြီ
မြည်သံစွဲနေတဲ့ ထူးမခြားနားဟာ
နေ့စဉ်ဘဝမှာ ဂါထာတပုဒ်လို သီဆိုနေသူတို့
ပန်ဒိုရာအိုးကိုလည်း ဖွင့်ခဲ့ပြီးပြီ
နောက်တခါ အိပ်မက်အသေတွေကိုလည်း အသက်သွင်းခဲ့ပြီးပြီ
အိမ်ခါးပန်းမှာ ကြွက်ရောင်းရန်ရှိသည်ကိုလည်း ရေးခဲ့ပြီးပြီ

အသံတွေဟာ အတွင်းကလာတယ်
အပြောင်းအလဲဟာ ပြောင်းနဲ့လွဲသွားခြင်းပဲ
အထိအခိုက်များတဲ့ခေတ်ထဲ ထူးပြီး မငိုညည်းလိုတော့
နိုင်ငံတော်ကိုယ်တိုင် နာတာရှည်နေမှတော့
နိုင်ငံသားတွေက ရောဂါသည်ဖြစ်နေတာ ဘာမှမဆန်းဘူး
စိတ်ရောဂါသည်များ ဒဏ်ရာအနာတရများက ကုသဖြတ်တောက်ရန် ခက်ခဲသော
ဟိုတစ ဒီတစမှ အုံကြွဖိစီးလာစရာ အသံတစွန်းတစများ

အသံတွေဟာ အတွင်းကလာတယ်
နယ်နိမိတ် အနားသတ်မျဉ်းမှအစ အလယ်ဗဟိုချက်အထိ
တဦးချင်း တယောက်ချင်းကအစ
လူထုအော်သံပဲ့တင်ထပ်တဲ့အထိ မကျေနိုင် မချမ်းနိုင်
သောကဟာကျော ချမှဓားပြမှန်းသိနိုင်သလိုမျိုး
ကြွက်စီညံလာတဲ့အသံတွေကို အလေးမထားရင်
အသံတွေထွက်နေဦးမှာပဲ
အသံတွေဟာ အတွင်းကလာတယ် ….။ ။

မိုးသက်ငြိမ်ဦး
မတ် ၂၄၊ ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts