ကဗျာ

မြတ်လှိုင်း ● ငါ့ကောင်းကင် နီရဲနေတဲ့ည

မြတ်လှိုင်း ● ငါ့ကောင်းကင် နီရဲနေတဲ့ည
(မိုးမခ) မတ် ၂၆၊ ၂၀၁၇ငါတို့၊ အခုမှောင်မည်းနေတဲ့ညကို
မုသားပွဲခင်းကိုကြည့်ဖို့ လမ်းလျှောက်ထွက်ခဲ့တယ်
အိမ်ကထွက်ကတည်းက ဖိနပ်မှားစီးတော့
ဘယ်တရံ ညာတဖက် ကို့ရို့ကားယား
သမိုင်းတုတွေနဲ့အတိတ်ဟာ ကွေ့ကောက်နေတဲ့လမ်းမကြီး
ပစ္စက္ခကို မလုံ့တလုံ ဘယာစီယာကာပြီး၊ အတိအလင်းမြူဆွယ်နေတယ်။အမှန်တရားဟာ ကျည်ဆန်တတောင့်နဲ့ ကျဆုံးသွားတယ်
ဒီပြဇာတ်ကိုဘယ်သူရေးတာလဲ
ဇာတ်သိမ်းခန်းမရောက်ခင် ရဲတွေရောက်လာပြီး
သဲလွန်စတွေပျောက်ကွယ်သွားတဲ့မြို့တော်
နောက်တခေါက်ပြန်ကြည့်တော့လဲ လူကြမ်းတွေရယ်နေကြတယ်
နေပြည်တော်မှာကန့်အသွင်းခံနေရတဲ့၊ လူလိမ္မာပြပွဲ
တိတ်တဆိတ်နဲ့ မာစီးဒီးအိပ်မက်မက်ရင်း ကယောင်ခြောက်ခြား
နိုင်ငံတော်သီချင်းကို ကပေါက်ချိကပေါက်ချာဆိုလိုက်ကြတုန်း
ညာနိုင်သမျှညာသံပေးနေကြတုန်း။

ကာစစ်လား ထိုးစစ်လား
ဗျူဟာမြောက်တိုက်ပွဲကိုတိုက်ရင်း၊ ဒီ တိုက်ပွဲမှာ
နပိုလီယံတွေနိုင်တယ်
မကျရှုံးခင်အထိနိုင်တယ်၊ အဘိဓမ္မာကျမ်းဟာ
ထင်းအဖြစ်မီးရှို့ခံလိုက်ရတယ်။
ခေတ်ကြီးက လေတိုက်နေတယ်၊ မီးဟုန်းဟုန်းတောက်ဖို့
ငါ့ကောင်းကင်ပေါ်မှာ မီးခိုးငွေ့တွေနဲ့ နီရဲနေလို့။      ။

မြတ်လှိုင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts