ကဗျာ

အာကာဦး-ငါတို့ သွေးတွေပေခဲ့ရတယ်

KT#
 ငါတို့ သွေးတွေပေခဲ့ရတယ်
အာကာဦး
မတ် ၂၄၊ ၂၀၀၇

မကျေနပ်ရင်အော်ဟစ်လိုက်ကြ
အေး သေနတ်သံကတော့ထွက်လာမှာနော်”
ဒီဇာတ်လမ်းဟာကြမ်းခန်းတွေနဲ့အပြည့်
မှောင်နေတဲ့ညဟာ
လူငယ်တယောက်ကိုဆွဲခေါ်သွားတော့
ကျန်ခဲ့တဲ့မိသားစုခမျာအဲဒီညထက်ပိုမှောင်တယ်
သားကအမေ့ကိုစိတ်ပူတယ်
အမေကစနစ်ကိုစိတ်ပူတယ်။
သွေးရဲရဲလမ်းပေါ်လျှောက်တော့
ကျောင်းကန်တင်းက
စကားလက်စုံတွေကိုထားခဲ့ရ
ဖတ်လက်စ စာအုပ်ထူထူကိုထားခဲ့ရ
ဘဝထဲက ချစ်သူကိုထားခဲ့ရ။
တွင်းနက်ကြီးရဲ့နှုတ်ခမ်းကိုအမှန်တရားလို့ခေါ်ပြီး
အဲဒီအမှန်တရားပေါ် ရွက်ကုန်ဖွင့်တဲ့အခါ
၁၀ ပေပတ်လည်အခန်းကျဉ်းထဲ
သက်တမ်းနုလက်ကလေးရဲ့လက်ထိပ်တွေဟာ အစိမ်းသေသေတယ်။
လွှင့်ထူထားတဲ့နိုင်ငံတော်အလံဟာလည်း
အစိမ်းသေသေတယ်။
ပျောက်ရှခဲ့ရတဲ့နေ့တွေမှာ
လူမမယ်သေးတဲ့လူရွယ်တွေရဲ့ဆေးဟာ
နိုင်ငံတော်ရဲ့ဒဏ်ရာကို ကုစားလို့။
ကျောင်းလမ်းမကြီးပေါ်က
လက်ချင်းချိတ်ထားတဲ့လက်တစုံကို
ဆွဲဖြဲလိုက်တဲ့အောက်တန်းစားအမိန့်တွေဟာ
သမိုင်းခေတ်ပေါ်ဖြတ်ပြေးတယ်။

ကြယ်တွေမစုံတော့ဘူး
မှောင်နေတဲ့အခန်းထဲ
ထောင်နေတဲ့အင်္ကျီကော်လံလေးပေါ်
ကပ်ပါလာတဲ့ချစ်သူရဲ့ကိုယ်သင်းနံ့လေး
တဖြည်းဖြည်းပျောက်ကွယ်လို့။
အက်ကွဲခဲ့တဲ့ခန္ဓာကိုယ်ပေါ်
လူကြီးမင်းတွေရဲ့တုတ်ချက်တွေက
ယုံကြည်ချက်ကိုအခါခါချေဖျက်တော့
အခါခါပြန်ထိုးထွက်လာတဲ့ယုံကြည်ချက်ဟာ
နဖူးပေါ်က သွေးစေးတွေကို
လက်သည်းမရှိတော့တဲ့လက်နဲ့ပြန်သပ်
ဟောဒီတိုင်းပြည်ရဲ့အနာဂတ်အတွက်
နုပျိုခြင်းတွေနဲ့ခရီးရှည်ချီတက်ခဲ့တယ်ပေါ့။

      အာကာဦး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts