ဗိုလ်ထက်မင်း သတင်းဆောင်းပါး

ဗိုလ်ထက်မင်း – အမျိုးသားလုံခြုံရေးခြိမ်းခြောက်ခံရပြီဆိုရင် – ၂

Members of the UNFC’s DPN meet Daw Aung San Suu Kyi in Naypyidaw on March 1. / Myanmar State Counselor Office / Facebook

ဗိုလ်ထက်မင်း – အမျိုးသားလုံခြုံရေးခြိမ်းခြောက်ခံရပြီဆိုရင် ဘယ်လိုစီမံချက်ရှိရင် ကောင်းမလဲ – ၂
(မိုးမခ) မတ် ၂၂၊ ၂၀၁၇

၁၇။ လောက်ကိုင်မြို့ကို MNDAA တိုက်ခိုက်တဲ့နေ့ မတ်လ ၆ ရက်နေ့မှာပင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထူးဆန်းတဲ့ ကြေညာချက် အောက်ပါအတိုင်း ထွက်ပေါ်လာပါတယ်။

“ကိုးကန့်၊ တအာင်းနဲ့ ရခိုင်တပ်ဖွဲ့တွေဘက်က လက်နက်ကိုင်လမ်းစဉ်စွန့်ကြောင်း ကြေညာချက်ထုတ်ပြန်မယ်ဆိုရင် NCA မှာ လက်မှတ်ရေးထိုးဖို့မလိုဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တိုက်ရိုက်ဆွေးနွေးခွင့်ပြုမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း” သတင်းထုတ်ပြန်ပါတယ်။

စစ်ရုံးနဲ့နီးစပ်သူများကတော့ တပ်ချုပ် ဗီယက်နမ်ခရီးစဉ်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုချက်အရ တပ်က လိုက်လျောပေးလိုက်ဟန်တူတယ်လို့ဆိုပါတယ်။ တပ်အသိုင်းအ၀ိုင်းကတော့ ဒေါ်စုလိုလားချက်အတိုင်းကြေညာချက် ထုတ်ပြန်ပေးလိုက်ရသလို၊ အတည်ပြုဆဲသတင်းအရ ဒေါ်အောင်ဆန်းစုကြည်က သူတို့ကိုတွေ့ဆုံဖို့ကြိုစားပေမယ့် သူတို့တွေက အတွေ့မခံဘဲ ရှောင်နေတယ်လို့သိရပါတယ်။ တကယ်တော့ သူတို့ဟာ နိုင်ငံရေးစာပွဲဝိုင်းကို စစ်ရေးဖိအာပေး အပေါ်စီးနဲ့သွားနေတာ သိသာလာပါတယ်။

၁၈။ တကယ်တန်း သူတို့ကတစုံတရာတုံပြန်မှု မလုပ်လာလို့ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား မူဝါဒ ၆ ရပ်အတိုင်း လက်ကိုင်ထားပြီး တပ်မတော်က လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း၊ မတ်လ ၉ ရက်နေ့က အောက်ပါအတိုင်း ထုတ်ပြန်လာပါတယ်။ ဆိုလိုတာကပြတ်သားစွာ ကိုင်တွယ်တော့မည်ဟု ယူဆရပါတယ်။

“ကိုးကန့် (MNDAA) အဖွဲ့ က လောက်ကိုင်ဒေသကို မတ်လ ၆ ရက်တွင် ၀င်ရောက် တိုက်ခိုက်မှုနှင့် ပတ်သက်၍ တပ်မတော်သတင်းထုတ်ပြန်ချက်တွင် MNDAA – TNLA နှင့် AA အဖွဲ့များအား လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်သည့် ကြေညာချက်ထုတ်ပြန်ပါက NCA တွင် လက်မှတ်ရေးထိုးရန် မလိုအပ်ဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ပြီး နိုင်ငံရေးဆွေးနွေးပွဲများ၌ တိုက်ရိုက်ပါဝင်ဆွေးနွေးခွင့်ပြုမည်ဟု ကမ်းလှမ်းစည်းရုံးဆောင် ရွက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ယခုဖြစ်စဉ်ဖြစ်ရပ်များသည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ အဆိုပါ MNDAA၊ TNLA နှင့် AA အကြမ်းဖက်သောင်းကျန်းသူများအား လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်သည့်ကြေညာချက် ထုတ်ပြန်ပါက NCA တွင် လက်မှတ်ရေးထိုးရန် မလိုအပ်ဘဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများ၌ တိုက်ရိုက်ပါဝင်ဆွေးနွေးခွင့်ပြုမည်ဖြစ်ကြောင်း ကမ်းလှမ်းစည်းရုံး ဆောင်ရွက်သော်လည်း အဆိုပါအဖွဲ့များမှ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုအာဏာ ပျက်ပြားစေရေးနှင့် ပြည်သူများ အထိတ်တလန့်နှင့် တည်ငြိမ်မှုပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိနေကြောင်း ပေါ်လွင်လျက်ရှိနေသဖြင့် ထာဝရငြိမ်းချမ်းရေးမှတစ်ဆင့် တည်ငြိမ်အေးချမ်းရေးသည်လည်း အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း တွေ့ရှိရတယ်” လို့ ရေးသားထားပါတယ်။

သို့ရာတွင် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် စိတ်ရှည်သည်းခံလျက် တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်အတိုင်း လက်ကိုင်ထား၍ Nationwide Ceasefire Agreement –NCA မှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးရရှိသည်အထိ NCA တွင် လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများအား လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထားကြောင်း သိရှိရပါတယ်။”

၁၉။ ကနဦး တပ်မတော်ကထုတ်ပြန်ကြေညာချက်ကို သုံးသပ်ရရင် လက်မှတ်ထိုးပြီးသားအဖွဲ့တွေအတွက် မျက်နှာပူစရာ ဖြစ်နေရာ အတိုင်းအတာတခုအထိ ထပ်ပြီး အလျှော့ပေးသလိုဖြစ်သွားတယ်လို့ ထင်မြင်ရပါတယ်။ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေရဲ့ထောက်နေတဲ့အချက်တွေအနက် NCAဟာ ချည်နှောင်မှုလို့ ခံစားနေရတဲ့အချက်နဲ့ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရမည် ဆိုတာဟာ ခွဲခြားဆက်ဆံခံရလို့ ငြင်းပယ်နေတဲ့အချက်တွေပါနေရာ တပ်မတော်ကNCA ထိုးစရာ မလိုဘဲ မြောက်ပိုင်း-ကျန်၃ဖွဲ့က လက်နက်ကိုင်လမ်းစဉ်စွန့်လွတ်တယ်ဆိုတဲ့ ကြေညာချက်ထုတ်ပေးယုံနဲ့ ၂၁ပင်လုံညီလာခံတက်ခွင့်ရမယ်ဆိုတဲ့ တပ်မတော်က အလျော့ပေးလာမှုကို ထို၃ဖွဲ့ လိုက်မလာသေးတဲ့အပေါ် ပြည်သူလူထု စိတ်ပျက်ဖွယ်ဖြစ်နေရပါတယ်။ ဒီအဖွဲ့တွေဟာ နောက်ခံသမိုင်းကြောင်း သန့်ရှင်းမှုရှိ မရှိ၊ ဒေသလူမျိုးနဲ့ သယံဇာတထွက်ရှိနေရာနဲ့ ကင်းကွာနေမှု၊ မိမိလူမျိုးအရေးကို ယခင်အချိန်ကာလတုံးကမလုပ်ဘဲ ဖက်ဒရယ်ဆိုလို့အကျိုးစီးပွါးမျှော်ကိုးပြီး ထလုပ်တာကို အခြားအဖွဲ့များနဲ့ တန်းတူပေးရစတမ်းဆိုရင် သေနတ်ဝယ်ပြီး လူတွေကိုင်ကုန်ကြမှာမို့ လက်ခံနိုင်ဖွယ်မရှိတာ သတိပြုသင့်ပါတယ်။ တိုင်းရင်းသားဆိုပြီး တန်းတူရည်တူထားရမယ် ဆိုတိုင်း ဒီမိုကရေစီခေတ်မှာ သေနတ်ကိုင်ပြီး ဇွတ်တန်းညှိတောင်းဆိုနေလို့ မရဖူးဆိုတာ သတိပေးလိုပါတယ်။

ဇာတ်ညွှန်းဒါရိုက်တာ KIA နဲ့ ဗီလိန်မင်းသားတွေTNLA, AA
၂၀။ TNLA က တပ်မတော်စခန်းသိမ်းတိုက်နိုင်လို့ ၊ KIA, MNDAA, AA ကတော့ တပ်မတော်စခန်းတခုကိုမှ ယခုထိ မတိုက်နိုင်သေးတာနဲ့ နှိုင်းယှဉ်ပြီး ချီးကျူးရမှာ ဖြစ်ကာ လူထုပစ်မှတ်အစား တပ်မတော်ကိုနိုင်အောင် စခန်းသိမ်းတိုက်နိုင်ဖို့သာကြိုးစားဖို့ တိုက်တွန်းလိုပါတယ်။

မိုင်းတက်ကျေးရွာအုပ်စုမှ ရွာသား ၉၀ ကျော်ဖမ်းဆီးသွားတဲ့ ကိစ္စ ဖြစ်ပွားလာပါတယ်။ တအာင်းတပ်မတော်အနေနဲ့ကတော့ ဒေသတည်ငြိမ်ရေးနဲ့ လွပ်လပ်စွာသွားလာရောင်းဝယ်နိုင်ရေး၊ ဒေသလုံခြုံရေး အတွက် တအာင်းတပ်မတော်နဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးဖို့ကိစ္စတွေကို အဓိက ထားပြီး ဆွေးနွေးဖို့ခေါ်ဆောင်တာဖြစ်ပြီး ဒီကနေ့မှာ နေရပ်ကိုပြန်လည်ပို့ဆောင်ခဲ့ပြီးလို့  TNLAဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ TNLA က အပြောမှာတော့ ပျားသကာလို ချိုမြကာ တယောထိုးနေချိန်မှာပဲ မူးယစ်ဆေးဝါးကိစ္စနဲ စည်းရုံးရေးလုပ်သလိုလိုနဲ့လက်တွေ့နယ်ပယ်မှာတော့ ဗီလိမ်မင်းသားပီပီ မေးခွန်းထုတ်စရာလုပ်ရပ်တွေ တွေ့ရှိရပါတယ်။

TNLA က ရွာသားများကို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး မိုင်းတတ်ကျေးရွာအုပ်စုရှိ ရပ်မိရပ်ဖတဦးကလည်း သူတို့ဆီက ရွာသားပေါင်း ၃၇ ဦး လွတ်လာပြီဖြစ်ပြီး ၂ ယောက်ကိုတော့ အာရ်စီအက်စ်အက်စ်လူလို့  စွပ်စွဲဖမ်းဆီးထားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ မိုင်းမော်ရွာသားတချို့လည်း ပြန်လွတ်လာတယ်လို့ သိရပေမယ့် ၊ ဘယ်နှစ်ဦးလွတ်လာတယ်ဆိုတာ မသိရကြောင်း၊ အဲဒီထဲက လုံးမောက်ဆိုင်ဆိုတဲ့ အဖိုးကြီးကတော့ ဘာပြောမှားဆိုမှားရှိလဲမသိရ ဂုံနီအိတ်နဲ့ ခေါင်းကိုစွပ်ပြီး သေလုမျောပါး အရိုက်ခံရတယ်လို့ ပြန်လွတ်လာသူ တွေကပြောတယ်လို့ ဆိုပါတယ်။ လားရှိုး – မူဆယ်သွား လမ်းမကြီးပေါ်မှာ မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေက TNLA လက်နက်ကိုင်အဖွဲ့က ဆက်ကြေးကောက်ပြီး ကားဘီးတွေလည်း သေနတ်နဲ့ပစ်ဖောက်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်အပေါ် တာဝန်ရှိသူတွေက ဗီလိန်မင်းသားပီပီ မဟုတ်ပါဖူး ဗျောင်ငြင်းတာ အံ့သြဖွယ်ရာဖြစ်ပြီး ယခင်ကလည်း အဲဒီလိုမျိုးတွေ လုပ်ခဲ့လို့ သူပုန်အဆင့်ထက်လျှော့ကျကာ ဓမြဆန်ဆန် ပြုမူဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းတွေဟာ သူတို့ရဲ့ပုံရိပ် ကျဆင်းသွားစေပါတယ်။

၂၁။ AA ကလည်း ရခိုင်နယ်မြေမှာ ဘင်္ဂလီများအရေး လုံခြုံရေးကောင်စီအထိတက်နေရာ အကျပ်အတည်းဖြစ်နေရာ ကြေညာချက်ထုတ်ပေးဖို့တောင် ခွန်အားပေးဖို့ပျက်ကွက်ခဲ့ပြီး၊ လှုပ်ရှားနေတာက ခိုလုံခွင့်ပေးထားတဲ့  KIA နဲ့လက်နက်ခဲယမ်းမှီခိုနေရတဲ့ UWSA ခေါင်းဆောင်တွေကို ဓါတ်ပုံတွေ၊ အခမ်းအနားတွေမှာ ဗီလိန်မင်းသားပီပီ သူတို့ဘက်ချည်းသာလိုက်နေတဲ့ ဇာတ်လမ်းခင်းနေတာ တွေ့ရပါတယ်။

အခုတလော ဇာတ်စင်မှာ အသုံးတော်ခံ ကပြနေတဲ့ လူကြမ်းမင်းသား MNDAA ဗီလိန်မင်းသားTNLA တွေဟာ မီဒီယာတွေမှာ သိမြင်ကြားသိရပေမဲ့ ဒီလိုလှုပ်ရှားလို့ရအောင် ဘယ်သူက စီမံခဲ့လဲ၊ မူလကဇာတ်စင်ရှေ့ထွက်လို့ ပုံရိပ်တွေကျဆင်းခဲ့တာမို့ လိမ္မာပါးနပ်စွာနဲ့ ဒီတခါ ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ်တာကတော့  KIA ဘဲဖြစ်ပါတယ်။ စခန်းတွေ လက်လွှတ်ဆုံးရှူံးခဲ့ရလို့ အင်အားချိနဲ့နေတဲ့ KIA ဟာ ယခင်ကတည်းကUWSA ကို ပါစေချင်နေတာမို့တိုက်တွန်းစည်းရုံးနေတဲ့အသံများ မူလကတည်းက ကြားနေရပါတယ်။ ဒါပေမဲ့ အဖွဲ့ဖွဲ့ပြီဆိုရင် ကုန်ကျစရိတ် အများဆုံးကိုUWSA က ထုတ်ရလို့ ဥက္ကဌလုပ်ချင်တဲ့အတွက် KIA က ယခင်တုံးကမပေးချင်ဖူး ဖြစ်နေတယ်လို့နယ်စပ်သတင်းက ဆိုပါတယ်။

၂၂။ NCA စာချုပ်ကို ချည်နှောင်မှုလို့ခံစားနေရတဲ့ KIA ဟာ တောင်းဆိုချက် ၉ချက်နဲ့ထောက်ထားလိုက်ပြီး အစိုးရ ဦးဏှောက်စားအောင် အလုပ်ပေးထားလိုက်ပါတယ်။ တဖက်ကလည်း UWSA ဟာ ၂၁ ပင်လုံ ညီလာခံမှာ မိုင်းလားဖေါက်တာသိလိုက်ရလို့ မျက်စိကျယ်လာကာ ယခင်လို ထီးထီးကြီးနေလို့ မရတော့ဘဲ ပန်ဆန်းညီလာခံမတိုင်ခင် ၂၀၁၆ ခုနှစ်သြဂုတ်ကတည်းက ရေးဆွဲထားပြီး ပင်လုံညီလာခံမှာတောင် တင်ခဲ့တဲ့စာတမ်းကို အခြေခံတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ KIA ဟာ ချီတုံချတုံဖြစ်နေပြီး ၂၁ ပင်လုံညီလာခံအတွက် ဒေါ်အောင်ဆန်းစုကြည်က UNFC ထိပ်သီးတွေနဲ့ တွေ့ချင်ပေမဲ့ မိမိကိုယ်ကို ယုံကြည်မှုမရှိဘဲ အကြောင်းအမျိုးမျိုးပြကာ DPN အဖွဲ့တွေနဲ့သာ တွေ့ဆုံခိုင်းပါတယ်။ KIA ဟာ ဖုတ်ပူမီးတိုက် UWSA အား ပန်ဆန်းအစည်းအဝေးကို ခေါ်ခိုင်းလိုက်ရာ KNPP, NMSP တို့တောင် အချိန်မမှီလိုက်ကာ ဖရိုဖရဲနိုင်တာတွေ့လိုက်ရပါတယ်။ ဒေါ်စုက မမျှော်လင့်ဘဲ မူ အားဖြင့် သဘောတူလိုက်တာမို့ ပိုမို အကြပ်ရိုက်ကာ အစိုးရကို ဖိအားပေးလိုတာမို့ စစ်ရေးတိုက်ကွက် ဖေါ်လိုက်တာ ဖြစ်ဟန်တူပါတယ်။ ဒီထက်ပိုဆိုးတာက UNFC ရဲ့ အခြေအနေဟာ အစိုးရရဲ့ ၂၁ပင်လုံညီလာခံကို တက်မလား၊ ၀ ဦးစီးတဲ့ အဖွဲ့နောက် လိုက်မလားဆိုပြီး အကျပ်အတည်းနဲ့ တွေ့နေဟန်တူပါတယ်။ ဒေါ်စုနဲ့ တွေ့လိုက်တဲ့အခါ လိုက်လျောမှုတွေရလိုက်လို့ UNFCမှ KNPP၊ NMSP တို့က လက်မှတ်ထိုးမည့် အရိပ်အယောင်ထွက်လာပြီး SSA က ၀ နဲ့ မျက်နှာပူနေပြီး ချိန်ဆနေဟန် တူပါတယ်။ဒါကြောင့် UWSA လုပ်ဆောင်မှူတွေဟာ မူလဓါတ်ခံအရ မဟုတ်နိုင်ဘဲ မြောက်ပိုင်းအဖွဲ့တွေရဲ့ အထူးသဖြင့် KIAရဲ့ပရောဂကြောင့် ပါလာနိုင်တယ်လို့ သံသယဖြစ်မိပါတယ်။

၂၃။ မူလက မတ်လ ၂၃ ရက်နေ့မှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ဒုတိယအကြိမ်ညီလာခံကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။

UNFC ရဲ့ အရေးပေါ်အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ UNFC ဒုဥက္ကဌ နိုင်ဟံသာက သတင်းထောက်တွေကို အခုလို ပြောဆိုပါတယ်။

“အမှန်ကတော့ ဒီညီလာခံကို သတ်မှတ်ရက် ၂၃ ရက်နေ့မှာ စတင်ကျင်းပနိုင်ဖို့အတွက်ကို ကျနော်တို့က အစီရင်ခံစာကို ကျနော်တို့က ညှိလိုက်တယ် အတည်ပြုလိုက်တယ်၊ ဗဟိုအလုပ်အမှုဆောင် အဆင့်ပေါ့နော်။ နောက်ဖွဲ့စည်းပုံကိုလည်း ကျနော်တို့ ပြန်သုံးသပ်ပြီးတော့မှ တချို့ကို ပြင်ဆင်ဖြည့်စွက် တယ် အတည်ပြုတယ်၊ ဒါပေမဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ဒီ စစ်ရေး နိုင်ငံရေး အခြေအနေကြောင့်ပေါ့ဗျာ ညီလာခံကို ဒီသတ်မှတ်ရက်အတွင်းမှာ မလုပ်ဆောင်သင့်သေးဘူး နိုင်ငံရေး ပြဿနာက တော်တော်လေးကို အခက်အခဲရှိနေတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ကတော့ ဒီအခက်အခဲကို အေးအေးဆေးဆေး နဲ့ ဖြတ်ကျော်နိုင်ဖို့အတွက်ပေါ့လေ နည်းလမ်းရှာတဲ့အနေနဲ့ ညီလာခံကို ရွှေ့လိုက်တာဖြစ်တယ်။

အခက်အခဲဆိုတာကတော့ ပန်ဆန်းမှာဟိုမှာကတော့ သူတို့ကတော့ NCA လိုင်းကို မသွားတော့ဘူး ဒီဘက်ကလည်း ကျနော်တို့ NCA လိုင်းကို ညှိနေတာလည်း တော်တော်လေးကို နည်းနည်းတိုးတက်လာ ပြီပေါ့နော်၊ အဲ့လိုအမြင်မတူတဲ့ အနေအထားနှစ်ခုကြားမှာ ကျနော်တို့ကတော့ မကိုင်တွယ်တတ် ရင်ပေါ့နော် ကျနော်တို့ထဲမှာလည်း အမြင်တွေ ကွဲနိုင်တယ် နောက်အခြေအနေကလည်း စစ်ရေး ကလည်း တိုးလာနိုင်တယ်ဆိုတဲ့ အနေအထားမျိုးကို ကျနော်တို့ မြင်တယ် ဒါကြောင့် ကျနော်တို့ကတော့ အချိန်ယူလိုက်တာဖြစ်တယ်။”

သုံးရက်ကြာကျင်းပခဲ့တဲ့ အစည်းအဝေးမှာ နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒါ့အပြင် ငြိမ်းချမ်းရေးကော်မရှင်တို့နဲ့ တွေ့ ဆုံဆွေးနွေးရာမှာ UNFC ရဲ့ အဆိုပြုချက် ၉ ချက်အပေါ် ဆွေးနွေးခဲ့တဲ့ ရလဒ်အပေါ် ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။

၂၄။ အဲဒီအချက် ၉ ချက် ကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား မူအရ လက်ခံလာပြီးဖြစ်ပေမယ့် ပိုပြီးခိုင်မာအောင် ပြန်လည်ညှိနှိုင်းဖို့ လိုနေသေးတဲ့အတွက်ကြောင့် အစိုးရနဲ့ ဆက်ဆွေးနွေး ညှိနှိုင်းပြီးမှ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ နိုင်ဟံသာ က ပြောပါတယ်။UWSP ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ပန်ခမ်းဌာနချူပ်မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင်များ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးရဲ့ ထုတ်ပြန်ချက်အပေါ် ဆွေးနွေးတာရှိပေမယ့် တစုံတရာ သုံးသပ်ပြောဆိုဖို့ ငြင်းဆိုသွားပါတယ်။

နိုင်ဟံသာဟာ UNFC ရဲ့မတည်ငြိမ်မှုကို သိက္ခာကျမှာစိုးကာ ရှောင်လွဲပြောနေတယ်လို့ ထင်ပါတယ်။ မကြာခင်ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာစေတနာရောင်ပြန်ဟပ်မှူကြောင့် အဖွဲ့ထံမှ အသံဗလံများပေါ်ထွက်လာခဲ့ပါတယ်။

၂၅။ နောက်ဆုံးရတဲ့ တရားဝင်သတင်းအရ အောက်ပါအတိုင်းဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် စုဖွဲ့ထားသည့် UNFC အဖွဲ့ဝင်အဖွဲ့အစည်းများအကြား အရေးပေါ်အစည်းအဝေးကို မတ်လ ၁၂ ရက်မှ ၁၄ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ကျင်းပခဲ့ရာ အဆိုပါ အစည်းအဝေးမှ NCA အပေါ် သဘောထားကွဲလွဲနေမှုကို အချိန်ယူညှိနှိုင်းရန် ဆုံးဖြတ်ထားကြောင်း UNFC တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) ဦးထွန်းဇော်က ပြောကြားပါတယ်။

‘‘ပန်ခမ်းရဲ့ ထုတ်ပြန်ကြေညာချက်ကို သုံးသပ်တာက သူက NCA လမ်းကြောင်းအတိုင်း မသွားတော့ဘူးဆိုရင် ကျွန်တော်တို့ဒီဘက်ကသွားနေတဲ့ ကိုးချက် က NCA လမ်းကြောင်းဖြစ်တယ်။ NCA လမ်းကြောင်းသွားတာနဲ့ မသွားတာက ကွဲပြားမှုတွေရှိနေတယ်။ ဒီနှစ်ခုကို ကျွန်တော်တို့က ပြန်ပြီးတော့ ညှိရမယ့်သဘောရှိတယ်။ အဲဒီအတွက် အချိန်နည်းနည်းယူပြီးတော့လုပ်မယ်ဆိုတဲ့ သဘောထားတွေ ချထားကြပါတယ်’’ ဟု ဦးထွန်းဇော်က ပြောကြားခဲ့ရာ သူဆိုတာက KIA ကိုဆိုလိုဟန်တူပါတယ်။

UNFC ၏ ဦးဆောင်အဖွဲ့အစည်းများဖြစ်သော ကချင်လက်နက်ကိုင်အဖွဲ့(KIO,KIA)နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ (SSPP/SSA) တို့သည် ဖေဖော်ဝါရီက ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA) ဌာနချုပ် ပန်ခမ်းတွင် ကျင်းပသည့်အစည်း အဝေးသို့ တက်ရောက်ခဲ့ပြီး NCA မရေးထိုးဘဲ UWSA ၏ ဦးဆောင်မှုဖြင့် နိုင်ငံရေးဆွေးနွေးရန် သဘောတူညီကြောင်း ပန်ခမ်းအစည်းအဝေးက ကြေညာခဲ့တာဖြစ်ပါတယ်။

၂၆။ UNFC အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေသောအခြေအနေနှင့် ပတ်သက်ပြီး ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (PNLO) ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ‘‘နေပြည်တော်နဲ့၊ အစိုးရနဲ့၊ ငြိမ်းချမ်းရေးကော်မရှင်နဲ့  ဒါတွေကလည်း ဒီဘက်မှာကြိုးစားနေတယ်။ မြောက်ပိုင်းက ‘၀’ ဦးဆောင်မှုနဲ့ လွန်ဆွဲနေတာရှိတာပေါ့။ ဒါမျိုးတွေကို ရှင်းရှင်းပြတ်ပြတ်ရပ်တည်ဖို့ကတော့ ခေါင်းဆောင်တွေ ဆုံးဖြတ်ရမှာပေါ့။ အဲဒါကို မဆုံးဖြတ်ဘဲ ဒီလိုပဲမှေးပြီးတော့ သွားနေရင် ကြာလေပိုရှုပ်လေ ဖြစ်မယ်။ အဲဒါကို ထပ်ထပ်ပြီးရွှေ့ရင် ဘယ်ဟာမှ အဖြေမရဘဲ ဖြစ်မှာကို ကျွန်တော်က စိုးရိမ်တာပေါ့’’ဟု ပြောသွားပါတယ်။

၂၇။ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို/ကေအိုင်အေ) အနေဖြင့် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်မည်ဆိုသော သတင်းများ ထွက်ပေါ်နေသော်လည်း ကေအိုင်အိုအနေဖြင့် ဆုံးဖြတ်ချက်ချထားခြင်း မရှိသေးကြောင်း ပြောလာပါတယ်။

နိုင်ငံတော်အကြီးအကဲတစ်ယောက်နေနဲ့ဖိတ်တာကိုတောင် ကိုယ်စားလှယ်လွှတ်ဖို့ ပျက်ကွက်တာကို ထည့်မပြောဘဲ သဘောတူတဲ့မူကိုဘဲ မယုံသင်္ကာအချိုးနဲ့ပြောနေတာကြတော့ KIA အနေနဲ့ အတော့်ကို လွန်သွားပြီဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို/ကေအိုင်အေ) မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူက ယခုလိုပြောလာပါတယ်။

“မူအားဖြင့် သဘောတူတာကတော့ လက်တွေ့မှာတော့ တော်တော်ပဲ အခက်အခဲတော့ ရှိမယ်လို့ ကျနော်ထင်ပါတယ်။ လက်တွေ့မှာကတော့ သူတို့ရဲ့မူအားဖြင့်သဘောတူညီတယ်ဆိုတဲ့ သူတို့ရဲ့ စာကြောင်းလေးတွေကို ကျနော်တို့ကြည့်ရင်တော့ ကျနော်တို့က မူလပေါ့ မူလတင်ပြထားတဲ့စာတမ်းနှင့် တော်တော်ကွာတာကိုတော့ ကျနော်တို့တွေ့ပါတယ်။ ဒါကြောင့် မူအားဖြင့်ဆိုတဲ့ အကြောင်းကတော့ နည်းနည်းစောင့်ကြည့်ရမယ်လို့ ကျနော်ယူဆပါတယ်။”

၂၈။ နိုင်ငံတော်အစိုးရက UNFC အဆိုပြုခဲ့တဲ့မူ  ၉ ချက်ကို အရေးတယူပြုမှု မရှိခဲ့တာဟာ NCA ကိုကျော်ခိုင်းဖို့ ဖြစ်လာစေတယ်လို့ ဗိုလ်ချုပ်ဂွန်မော်က (မတ် ၁၄) မနေ့တုန်းကပြုလုပ်တဲ့ KIO ငြိမ်းချမ်းရေးနှင့်နိုင်ငံရေးလုပ်ငန်းစဉ်အကြံပေးအဖွဲ့ (SMJH)ရဲ့ အစည်းအဝေးတစ်ခုမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံက NCA ရေးထိုးကြဖို့ အကြိမ်ကြိမ်တိုက်တွန်းခဲ့ပေမယ့် UNFC က တင်ပြတောင်းဆိုတဲ့ မူ ၉ချက်ကို ဆွေးနွေးညှိနှိုင်းဖို့ အင်မတန်နောက်ကျခဲ့တာတွေ့ရတယ်။ တကယ်လို့ ပန်ခမ်းအစည်းအဝေးက Statement မထွက်လာခင်သာ ဒီမူ ၉ ချက်ကို ဆွေးနွေးဖြစ်ခဲ့မယ်ဆိုရင် UNFC ဟာ NCA လက်မှတ်ရေးထိုးဖြစ်ခဲ့မှာ ဖြစ်တယ်။ ပန်ခမ်းအစည်းအဝေးပြီးမှ UNFC တောင်းဆိုတဲ့ မူ ၉ ချက်ကို မူအားဖြင့်သဘောတူတယ်ဆိုတဲ့ လေသံတွေထွက်လာတာဟာ သိပ်နှမျောစရာကောင်းလှပါတယ်။ UNFC က ဒီမူ ၉ ချက် စတင်အဆိုပြုတာဟာ အတော်ကြာနေပြီဖြစ်တယ်။ အချိန်မလင့်ခင် လုပ်သင့်လုပ်ထိုက်တဲ့အရာကို လုပ်သင့်ပါလျက် UNFC ရဲ့ တောင်းဆိုမှုကို ဆွေးနွေးဖို့လေးတောင် အတိုင်ပင်ခံကြီးက မျက်ကွယ်ပြုခဲ့တော့ လည်လွန်းဘီး ချီးတက်မိတယ်လို့ပဲ ပြောရမလိုပါပဲ။”

ဗိုလ်ချုပ်ဂွန်မော်ရဲ့ပြောကြားချက်အရတော့ NCA ဆိုတာပြီးဆုံးသွားပါပြီ။ NCA ကို  မိမိတို့တော်လှန်ရေးအဖွဲ့တွေက စတင်တောင်းဆိုပြီး ရေးဆွဲခဲ့ပေမယ့် ဆက်လက်ညှိနှိုင်းဖို့ လိုအပ်တယ်လို့ ရှုမြင်တဲ့ UNFC နဲ့ ဆက်လက်ဆွေးနွေးဖို့ ကြန့်ကြာနေတာဟာ NCA ပျက်စီးခြင်းရဲ့ အဓိကအကြောင်းဖြစ်တယ်လို့ ဆိုလိုနေပါတယ်။

“အခုကတော့ တရုတ်ရဲ့ One Belt One Road ကိုအကောင်အထည်ဖော်ဖို့ဖြစ်လာပါပြီ။ အစိုးရနဲ့ တပ်မတော်က တိုင်းရင်းသားတွေရဲ့ထောက်ခံမှုကိုအပြည့်အဝရရှိထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ နိုင်ငံရေးချဉ်းကပ်မှုကို အထင်အမြင် သေးလွန်းနေသလိုပါပဲ။ သနားလို့/ မတိုက်ချင်လို့ဆိုတဲ့ အချိုးကို မြင်နေရပါတယ်။ ယခုအတိုင်းပဲဆက်သွားနေရင် အရှေ့ပိုင်းနဲ့ မြောက်ပိုင်းပြည်နယ်တွေဟာ ဒုတိယခရိုင်းမီးယားဖြစ်သွားလိမ့်မယ်လို့ ကျနော်ခန့်မှန်းပါတယ်။”

၂၉။ ဒီစကားတွေဟာ အန္တရာယ်ရှိတဲ့စကားတွေမို့ တကယ်ပြောတာ ဦးဂွမ်မော် ဟုတ်မဟုတ် တာဝန်ယူရပါလိမ့်မယ်။ အရင်က KIAခေါင်းဆောင်တွေထဲမှာ အစိုးရနဲ့တပ်မတော်တို့အပေါ် ထိတွေ့ဆက်ဆံမှူအကြိမ်အများဆုံးမို့ လစ်ဘရယ်သမားဖြစ်သူအနေနဲ့ လေးစားခဲ့ပေမဲ့ ဒီစကားပြောတာမှန်ခဲ့ရင် “ ဦး” သာ တပ်ခေါ်လိုက်ပါတော့မယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ခေါ်တဲ့ အစည်းအဝေးထက် UWSA ခေါ်တာ နဲနဲစောပေမယ့်
ကျင်းပမည့်ရက် ကြေညာတာကတော့ နောက်ကျနေတာဟာ သွေးရိုးသားရိုး မဟုတ်တာ ပေါ်လွင်နေပါတယ်။

အစည်းအဝေးဖိတ်ထားခြင်းအတူတူ ၀ က အစိုးရမို့လို့ သွားတာလား၊ မိမိကိုယ်ကို ယုံကြည်မှူ ဓါတ်ခံနည်းနေလို့ ဦးခူးရယ်တို့နဲ့ လိုက်မလာရဲတာလား မေးလိုပါတယ်။ ခရိုင်းမီးယားဆိုတဲ့ အသံဟာ KIAခေါင်းဆောင်တချို့ရဲ့ မူလကတည်းက ဝမ်ပေါင်အိပ်မက် မက်နေတာမို့ ဒီလမ်းအောင်ရအောင် ထွင်နေတယ်ဆိုတာ သိသာထင်ရှားသွားပါပြီင်္။ ကချင်လူထုကို ဒုက္ခသည်စခန်းမှာ ပစ်ထားကာ ငြိမ်းချမ်းရေးမရလေ ကောင်းလေမို့ မိမိနေရာ အာဏာ လောဘ ချဲ့ထွင်ရရှိရေးအတွက် အဲဒီလို ဆက်လက်ပြုမူမယ်ဆိုရင် သမိုင်းတရားခံဖြစ်သွားပါလိမ့်မယ်။ KIA က အလည်လွန် POWER GAME က ဒေါ်အောင်ဆန်းစုကြည်ရဲ့မေတ္တာစေတနာကို စော်ကားတာကြောင့် မေတ္တာစူးရှ ရောင်ပြန်ဟပ်ကာ မိမိလှည့်လိုက်တဲ့ ဘီးဟာ တပတ်ပြန်လည်ကာ ကိုယ်အတတ်ပြန်စူးပါလိမ့်မယ်။ ဒါ ကြောင့် UNFC က ညီညွှတ်မှုမရှိတော့ဘဲ အခြားအဖွဲ့တွေက ဘယ်လမ်းကို လိုက်ရမလဲဆိုတာ တွေဝေတုန့်ဆိုင်း စိတ်ပျက်ကုန်တယ်လို့ ချင်းမိုင်နယ်စပ်အသိုင်းအဝိုင်းဆီက ကြားသိရပါတယ်။

၃၀။ တရုတ်နိုင်ငံက အာရှရေးရာအထူးကိုယ်စားလှယ် Mr. Sun Guoxiang ဆွန်ကောရှန်းနဲ့ မြောက်ပိုင်း
မဟာမိတ်အဖွဲ့ UWSA တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ World Trade Center မှာ မတ်လ ၁၄ ရက်နေ့က သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ တရုတ် – မြန်မာနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ လျော့ချနိုင်ဖို့နဲ့ မြန်မာအစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးလိုတယ်ဆိုရင် တရုတ်နိုင်ငံက ကြားဝင်ဆက်သွယ်ပေးမှာဖြစ်ကြောင်း တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်က ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts