မောင်ရစ် – ဒီမိုကရေစီနည်းကျ အနိုင်ကျင့်ခြင်းနဲ့ တွန်းလှန်ခြင်းပြီးတော့ ကိုယ်စားပြုမှု
(မိုးမခအယ်ဒီတာ့လက်ရေး) မတ် ၂၁၊ ၂၀၁၇
ရွေးကောက်ပွဲမှာ မဲအများစုရပြီး အနိုင်ရလို့ လွှတ်တော်တွေ အစိုးရတွေကို စိတ်တိုင်းကျ ဦးဆောင် ဖွဲ့စည်းနိုင်တဲ့အခါ အနည်းစုတွေ၊ ရှုံးသွားတဲ့သူတွေဘက်က အုပ်စုငယ်တွေဘက်က ပြန်ပြောလေ့ရှိတာက အများစုရဲ့ အနိုင်ကျင့်မှုကို ခံကြရတယ်ဆိုတာပါ။ မြန်မာပြည်မှာကတော့ တပ်မတော်က တိုက်ရိုက်ခန့်ထားခွင့်ရှိတဲ့ ၂၅%သော တပ်မတော်ကိုယ်စားပြုအမတ်တွေကတော့ ဒီမိုကရေစီအနိုင်ကျင့်ခံရတယ်လို့ ပြန်လှန်ပြောဆိုကြပါတယ်။ အများစုဆန္ဒနဲ့ မဲခွဲပြီး ဆုံးဖြတ်ခံရတဲ့အခါ သဘောမတူတဲ့ဘက်ကတော့ သည်လိုပဲ ပြောကြမှာပါပဲ။ ပြန်လှန်ပြောဆိုသူတွေဘက်ကို ကြည့်လိုက်မယ်ဆိုရင်တော့လည်း သူတို့တွေဟာ မဲစနစ်နဲ့ တက်လာတဲ့ ကိုယ်စားပြုမှု ရှိသူတွေမို့လား၊ သို့မဟုတ် တပ်မတော်က တိုက်ရိုက်ခန့်ထားလို့ တက်လာတဲ့ (တပ်မတော်)ကိုယ်စားပြုသူတွေ ဖြစ်တာကြောင့် ဘယ်အတိုင်းအတာအထိ ပြောခွင့်ရှိတာမို့လဲဆိုတာက နောက်မေးခွန်းတခု ဖြစ်ပါတယ်။ ဒါကကျတော့ ၂၀၀၈ အခြေခံဥပဒေရဲ့ ခွင့်ပြုချက် မူဘောင်ထဲက ဖြစ်တာမို့ သူတို့တွေ – တပ်မတော်ကိုယ်စားပြုအမတ်တွေသည် မဲဆန္ဒကိုယ်စားပြုအမတ်များနဲ့ တန်းတူတာကြောင့် မမေးရမယ့် မေးခွန်းတခု ဖြစ်တယ်ဆိုရင် အမတ်တွေအချင်းချင်း ဒီမိုကရေစီအနိုင်ကျင့်မှုခံရတယ်လို့ ပြန်လှန်ပြောခွင့်ရှိတယ်လို့ ခွင့်ပေးရမလို ဖြစ်ပါတယ်။
ရွေးကောက်ပွဲဆိုတာကတော့ မဲပေးတဲ့သူက နိုင်တာပဲလို့ ပြောရိုးရှိပါတယ်။ မဲမပေးတဲ့သူက ကိုယ်စားပြုမှုကို ငြင်းပယ်တဲ့အတွက် အနိုင်ရတဲ့သူ ကိုယ်စားပြုတဲ့ အစိုးရ၊ လွှတ်တော်နဲ့ တရားစီရင်မှုကို လက်သင့်ခံကြရပါတယ်။
ဗြိတိန်မှာ အီးယူကခွဲရေး မဲဆန္ဒခံယူကြတော့ ခွဲရေးက နှာတဖြားနဲ့ နိုင်ခဲ့ပါတယ်။ အများသူဆန္ဒ လိုက်နာကြရတော့တာပေါ့။ ဥပဒေထဲမှာသာ မဲဆန္ဒရှင် ၃ ပုံ ၂ ပုံ သဘောထားရမှ ခွဲထွက်မယ်ဆိုရင်တော့ ခွဲရေးက အနိုင်ရမှာ မဟုတ်ပါ။ ထိုဆန္ဒပြုပွဲ မအောင်မြင်တဲ့အတွက် ခွဲရေးအဆို ရှုံးတယ်လို့ ဆိုရမှာပါ။
အမေရိကားမှာလည်း သမ္မတရွေးကောက်ပွဲလုပ်တော့ ဒေါ်နယ်ထရန့်က မဲဆန္ဒရှင်ကိုယ်စားလှယ် (Electorial College) မဲအသာနဲ့ သမ္မတအဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။ နယ်မြေဒေသအလိုက် မဲရုံကိုယ်စားလှယ်အရေအတွက်နဲ့ သမ္မတကို ရွေးတာမို့ လူဦးရေ စုစုပေါင်းက တိုက်ရိုက်မဲဆန္ဒ (Popular vote) နဲ့သာ ရွေးမယ်ဆိုရင်တော့ ဟယ်လရီကလင်တန်က အနိုင်ရမှာ ဖြစ်ပါတယ်။ သို့သော် ဥပဒေက မဲကိုယ်စားလှယ်နည်းနဲ့ သွားမို့ ဒေါ်နယ်ထရန့်က သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပြီ ဖြစ်ပါတယ်။
မြန်မာပြည်မှာကလည်း သမ္မတကို ပေါ်ပြူလာဗုတ်နဲ့ မရွေးဘဲ လွှတ်တော်အမတ်အများစုနိုင်တဲ့ ပါတီကနေ ရွေးခြယ်ခွင့် ရှိပါတယ်။ အနိုင်ရပါတီက တိုက်ရိုက်ရွေးလို့ တနည်းအားဖြင့် အများစုသော လွှတ်တော်အမတ်တွေရဲ့ ဆန္ဒနဲ့ ရွေးတာမို့ သမ္မတက အစိုးရခေါင်းဆောင် ဖြစ်လာပါတယ်။ အစိုးရခေါင်းဆောင်ဖြစ်လာတော့ သူ့စိတ်တိုင်းကျ အစိုးရဖွဲ့နိုင်ပါတယ်။ ပြည်နယ် တိုင်းလွှတ်တော်တွေမှာလည်း သမ္မတကနေ တိုက်ရိုက် ပြည်နယ်တိုင်း ၀န်ကြီးချုပ်တွေ တိုက်ရိုက်ခန့်ထားခွင့်ရှိပါတယ်။ ဥပဒေ (၂၀၀၈ အခြေခံဥပဒေ ခွင့်ပြုချက်အတိုင်း) အတိုင်း ဖြစ်ပါတယ်။ အဲသည် ဥပဒေအတိုင်း နိုင်ငံတော်အတိုင်ပင်ခံအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာပါတယ်။ အခြေခံဥပဒေကြောင့်မို့လို့ ကာလုံဆိုတာ ဆက်ရှိနေပါတယ်။ တပ်မတော်ကနေ တိုက်ရိုက် ဒုသမ္မတတဦးကို ခန့်လိုက်ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်၊ တပ်တော်ခေါင်းဆောင်၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီး စတာတွေကိုတော့ အနိုင်ရပါတီနဲ့ အနိုင်ရလွှတ်တော်အမတ်တွေ တိုက်ရိုက်ခန့်ထားခွင့် မရှိပါ။ ၂၅% သော တပ်မတော်ကိုယ်စားပြုအမတ်တွေကိုလည်း ပြည်သူတွေ မဲဆန္ဒရှင်တွေက တိုက်ရိုက်ခန့်ခွင့်မရှိ တပ်မတော်ခေါင်းဆောင်တွေကသာ ခန့်ပြီး လွှတ်တော်ကို လွှတ်လိုက်ပါတယ်။ အခြေခံဥပဒေအရ ဆိုတော့ အခြေခံဥပဒေပြင်ဆင်နိုင်ရေးမှာ ၇၅% အထက် လွှတ်တော်မဲနဲ့မှရသာ ဆောင်ရွက်နိုင်မယ်ဆိုထားတယ်။ သည်တော့ ဒီမိုကရေစီနည်းကျ အနိုင်ကျင့်ခံရတယ်ဆိုတာကို ဥပဒေအရမို့လို့ ပြန်လှန်မေးခွန်းထုတ်ခွင့် မရှိဘူးလို့ ဆိုရမလိုပါ။
ဒါဆိုရင် မြန်မာပြည်မှာ ဒီမိုကရေစီနည်းကျ အနိုင်ကျင့်ခံရတယ်ဆိုတာ ဘာကိုမှ ပြောရမှာလဲ။ ဆိုတာကတော့ ၇၅% သော မဲဆန္ဒကိုယ်စားပြုထားတဲ့ အစိုးရနဲ့ လွှတ်တော်အတွင်းမှာမှ ဒီမိုကရေစီအနိုင်ကျင့်မှုဆိုတာ တည်ရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဥပမာ – တံတားတခုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမတ်က အများစုမဲနဲ့ ဆုံးဖြတ်ပြီး သူနှစ်သက်ရာအမည်နဲ့ မဲပေးကင်ပွန်းတတ်လိုက်တဲ့အခါမျိုး ဖြစ်ပါလိမ့်မယ်။ အဲဒါကို သဘောမတူတဲ့ ဒေသခံတွေက ဒီမိုကရေစီအနိုင်ကျင့်ခံရတယ်ဆိုပြီး ပြန်ပြောကြပါလိမ့်မယ်။ သူတို့တွေဘက်က ဒီမိုကရေစီနည်းကျ ဘယ်လိုတွန်းလှန်နိုင်မှာလဲ ဆိုတော့ – ပြည်သူတွေ စုဝေးပြီး ကန့်ကွက် ဆန္ဒပြကြမယ်။ လူထုသဘောထားကို ထုတ်ဖော်ပြီး လက်မှတ်ထိုး တောင်းဆိုမှုတွေ လုပ်ကြမယ်။ ဒါက ဥပဒေက ခွင့်ပြုထားသလောက် ဒီမိုကရေစီနည်းကျ တွန်းလှန်နိုင်ခြင်း ဖြစ်ပါလိမ့်မယ်။
အမေရိကားမှာဆိုရင် ဘယ်လိုများ ဖြစ်နိုင်မလဲ စဉ်းစားကြည့်ရအောင်ပါ။ သမ္မတကြီး ဒေါ်နယ်ထရန့်က မူဆလင်အများစုနေထိုင်တဲ့ နိုင်ငံအချို့က ပြည်သူတွေကို ပြည်ဝင်ခွင့် ကန့်သတ်လိုက်တဲ့အခါ သဘောမတူသူတွေက ကန့်ကွက်ဆန္ဒပြကြပါတယ်။ သက်ဆိုင်ရာ လွှတ်တော်အမတ်တွေ အစိုးရတွေဆီကို လက်မှတ်ထိုး တောင်းဆိုကြပါတယ်။ သူတို့ အခြေခံဥပဒေက ခွင့်ပြုပြဌာန်းထားလေတော့ ပြည်နယ်တွေမှာ ထိုင်တဲ့ ပြည်ထောင်စုတရားသူကြီး ၁ဦးကနေ သမ္မတအမိန့်ကို တားမြစ်ကြောင်း ထုတ်ပြန်ပြီး တွန်းလှန်ပေးပါတယ်။ ဒါနဲ့ပဲ သမ္မတလည်း ပြည်ထောင်စုဗဟိုတရားရုံးတော်ကို တက်ပြီး ဗဟိုတရားသူကြီးများထံ ဦးတိုက်အဆုံးအဖြတ်ခံရမှာ ဖြစ်ပါတယ်။ အများစုမဲနဲ့ တက်လာတဲ့ သမ္မတရဲ့ (ဒီမိုကရေစီအနိုင်ကျင့်မှု) ကို တရားဥပဒေနဲ့အညီ (ဒီမိုကရေစီတွန်းလှန်မှု) လို့ ပြောရင် ရလေမလား မသိ။
မြန်မာပြည်ဘက်ကို ပြန်သွားကြည့်လိုက်ပြန်တော့ တရားရုံးတော် တရားဥပဒေက ပြဌာန်းထားသည်နဲ့ အညီ ဒီမိုကရေစီတွန်းလှန်မှုတွေအတွက် အာမခံချက်များ ရှိလေမလား။ မြန်မာပြည်မှာ အလုပ်သမားအခွင့်အရေး၊ တောင်သူလယ်သမားအခွင့်အရေး၊ မြေယာ အရင်းအမြစ် ခွဲဝေပိုင်ဆိုင်မှု အခွင့်အရေး စတာတွေမှာ ပြည်သူလူထုတွေက တောင်းဆို ဆန္ဒပြ ကန့်ကွက်နေကြတာတွေ အများအပြား ရှိနေတုန်းပါပဲ။ တရားရင်ဆိုင်နေရတာတွေ အများကြီးပါပဲ။ လွတ်လပ်စွာ ပြောဆို ထုတ်ဖော် နေထိုင် အသက်မွေးခွင့်အတွက် ရုန်းကန်နေရတုန်းပါပဲ။
တရားစီရင်ရေး တရားမျှတမှု ဖော်ထုတ်ရေးမှာ …. မတရား သတ်ဖြတ် လုပ်ကြံခံလိုက်ရတဲ့ ရှေ့နေကြီးဦးကိုနီအတွက် တရားမျှမှုဖော်ထုတ်ရေး စီရင်ခွင့်ရရေးတွေမှာ အတားအဆီးအကန့်အသတ်တွေ ကြုံတွေ့နေရတယ်လို့ ပြောမယ်ဆို မမှားပါဘူး။ ဦးကိုနီ လုပ်ကြံခံရမှုဟာ နိုင်ငံတော်အဆင့်အကြမ်းဖက်မှုအဖြစ် တရားစီရင်ခွင့် မရဘဲ သာမန် လူသတ်မှုပုဒ်မနဲ့ ၀ိုင်းဝန်းကြံစည်လုပ်ကြံသူ အုပ်စုတခုကို တရားရုံးတော်မှာ စွဲဆိုထားပါတယ်။ တရားစီရင်ရေးနဲ့ အမှုမှန်ဖော်ထုတ်ရေးအတွက် ဦးဆောင်စီမံနေကြသူတွေဟာ ၇၅% သော မဲဆန္ဒရှင်များကို ကိုယ်စားပြုတဲ့ အစိုးရခေါင်းဆောင်တွေဆီက မဟုတ်ဘဲ ၂၅%သော တပ်မတော်ကိုယ်စားပြုတဲ့ ပြည်ထဲရေး ခေါင်းဆောင်တွေဆီက ဖြစ်နေတာကို ထောက်ပြမယ်ဆိုရင် ဒါက ဒီမိုကရေစီအနိုင်ကျင့်ခံရမှုလို့ ပြောရင် လွန်များ နေလေမလား။
ဒီထက်တဖန် တိုးပြီး ကြည့်လိုက်တော့ … ဦးကိုနီလုပ်ကြံခံရမှုအပေါ် အမုန်းတရား အစွန်းတရားတွေနဲ့ ပြောဆိုကြသူတွေကို ဝေဖန်ထောက်ပြ ဖော်ထုတ်လာတဲ့ သတင်းသမားကို တဖက်က အမုန်းသမား အစွန်းတရားသမားတွေက တရားစွဲဆို ဖိနှိပ်ဖို့ ကြိုးစားလာကြတယ်။ အသက်အန္တရာယ် ရှာဖို့အထိ ကြိုးစားလာကြတယ်။ ခုနင်က ခြိမ်းခြောက်ခံနေရတဲ့ သတင်းသမားကို တရားဥပဒေနည်း တရားရုံးတော်နည်းလမ်းတွေအတွင်းကနေ ကာကွယ်စောင့်ရှောက်ခွင့်မရှိသေးတာဟာ ဒီမိုကရေစီအနိုင်ကျင့်ခံနေရတာလား၊ ဒီမိုကရေစီတွန်းလှန်ခွင့် မရရှိတာလား။ မေးခွန်းဖြစ်လာပါတယ်။
အာဏာပိုင်တွေ၊ သြဇာခံတွေ၊ လက်နက်တွေ တရားစီရင်ခွင့်တွေ ကိုင်စွဲထားသူတွေအစုအဖွဲ့တွေက လက်နက်မကိုင်ထားတဲ့ လက်နက်မဲ့တဲ့ နိုင်ငံသားတဦးရဲ့ အသက် အိုးအိမ်ကို ကာကွယ်ပေးဖို့ အာမခံချက်ပေးဖို့ ပျက်ကွက်နေကြတာဟာ ဘယ်သူ့အကျိုးစီးပွားကိုများ ထိခိုက်နေမှာမို့လည်းလို့ တွေးချင်စရာပါ။ လူတကိုယ် သေနတ်တလက်မကိုင်ထားဘဲ လူတကိုယ် မဲဆန္ဒတမဲသာ ပိုင်ဆိုင်ထားတဲ့ ပြည်သူတွေအချင်းချင်းတွေကြားထဲမှာ အများဆန္ဒဆိုတာနဲ့ လူနည်းစုဆန္ဒဆိုတာတွေဟာ မြန်မာပြည်မှာ မကြာခဏ ထိပ်တိုက်တွေ့တာ၊ ပဋိပက္ခဖြစ်တာတွေ ကြုံလာရပါတယ်။ တံတားနာမည်ပေးတာက ဥပမာ တခုပါ။ လက်ပံတောင်း ကြေးနီတောင်က လူနည်းစု တောင်သူလယ်သမားတွေရဲ့ အရေးဆိုမှုဟာ လူများစုမဲနဲ့ အနိုင်ရထားတဲ့ အစိုးရ၊ လွှတ်တော်နဲ့ တရားစီရင်ရေး ဖွဲ့စည်းပုံတွေရဲ့အောက်ကနေ အကျဉ်ခံထားရတာဟာ ဒီမိုကရေစီအနိုင်ကျင့်မှုလား၊ ဒီမိုကရေစီတွန်းလှန်ခွင့် မရှိကြတာလား။ ၂၅% သော လက်နက်အာဏာပိုင်စိုးသူတွေရဲ့ အခြေခံဥပဒေအတွင်းကနေ ဥပက္ခာပြုမှုတွေကို ဘယ်လိုအမည်ပေးကြရမှာလဲ။
တကယ်တန်းတွေးကြည့်ကြရင် မြန်မာပြည်မှာက ဆန္ဒမဲတမဲစီ ကိုယ်စွဲထားသူ ပြည်သူများ၏ သဘောထားကွဲလွဲနိုင်ခွင့်ရှိခြင်း၊ မဲဆန္ဒရှင်များအများစုကိုယ်စားပြုခြင်းခံရသည့် ရွေးကောက်ခံ လွှတ်တော်အမတ်နဲ့ အစိုးရခေါင်းဆောင်များ၏ စိတ်တိုင်းကျ စီမံခန့်ခွဲနိုင်ခွင့် ရှိခြင်းတို့ကြား အပြန်အလှန် တွန်းကန်မှုတွေ၊ ဆွဲဆောင်မှုတွေဟာ ဒီမိုကရေစီအရိပ်အာဝါသစစ်စစ်မှာ ပြဿနာအကြီးအကျယ် မရှိပါ။ ဒီမိုကရေစီနည်းကျသော တရားဥပဒေနှင့် တရားစီရင်ခွင့်တို့ကသာ အကာအကွယ်ပေး အာမခံချက်သာပေးသည်ဆိုပါက ဒီမိုကရေစီအနိုင်ကျင့်တာတို့ ဒီမိုကရေစီတွန်းလှန်ခွင့်တို့သည် နေ့စဉ် ပြည်သူနဲ့ အစိုးရတို့ ကြုံနေကျ နေ့တဓူဝဖြစ်ရိုးဖြစ်စဉ်များသာ ဖြစ်ပါမည်။
သို့သော်လည်း မြန်မာပြည်မှက ဆန္ဒမဲဖြင့် ကိုယ်စားပြုခွင့်သာ ရှိကြကုန်သည့် ပြည်သူလူထုနှင့် နိုင်ငံရေးသမားများအပေါ်မှာ လက်နက်ကိုင်ပြီးကိုယ်စားပြုခွင့်ရှိနေသော အစုအဖွဲ့များ၊ အစဉ်အလာများ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ စွက်ဖက်မှုများ ပြောရေးဆိုခွင့်များ သြဇာများ လွှမ်းမိုးမှုများရှိနေတာကြောင့် ဒီမိုကရေစီကို အကြီးအကျယ် အရိပ်မည်းကြီးများ စွန်းထင်းစိုးမိုးနေကြပါတယ်။ ၎င်းတို့ကို ဒီမိုကရေစီနည်းကျတဲ့ တရားဥပဒေ တရားစီရင်ခွင့်တွေက တားမြစ်ခြင်း ကန့်သတ်ခြင်း အရေးယူနိုင်ခွင့် မရှိသဖြင့် ဒီမိုကရေစီအနိုင်ကျင့်မှု၊ ဒီမိုကရေစီတွန်းလှန်ခွင့်တို့ဆိုသည့် အသုံးအနှုံးများသည် တရားမ၀င်ဟု ဆိုနိုင်ပါတယ်။
ဆန္̔ဒမဲဖြင့်ကိုယ်စားပြုသည့် ပြည်သူလူထုတို့၏နိုင်ငံရေးနှင့် လက်နက်ကိုင်ဖြင့်ကိုယ်စားပြုသည့် အုပ်စုအဖွဲ့တို့၏ နိုင်ငံရေးတို့ သူတင် ကိုယ်တင် အားပြိုင် ရင်ဆိုင် ဆင်နွှဲနေရတဲ့ မြန်မာပြည်မှာ ရွေးကောက်ပွဲဆိုတာ ပဏာမအဆင့်ကလေး တဆင့်မျှသာပါ။ ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ အစိုးရနဲ့ လွှတ်တော်ဆိုတာကလည်း လမ်းခုလတ်က မှတ်တိုင်ဖြတ်သန်းမှုဘဲ ရှိပါသေးတယ်။ တရားစီရင်ရေးတွေ တရားဥပဒေ အာမခံချက်တွေကလည်း လက်နက်ကိုင်ကိုယ်စားပြုသူတွေ လက်ထဲမှာ ရှိနေသမျှ လူများစုတွေသာမက လူနည်းစု ဆန္̔ဒတွေအားလုံး ပစ်ပယ်ခြင်း ခံနေရဦးမှာ အမှန်ပါပဲ။ သည်လိုအခြေအနေတွေကြားထဲမှာ … ဆန္ဒမဲကိုယ်စားပြုမှုကို အားကိုးပြီး ကျေထောက်နောက်ခံပြုပြီး ခေါင်းဆောင်မှုပေးနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီတို့တတွေက လက်နက်ကိုင်ကိုယ်စားပြုသူတွေ အစုအဖွဲ့တွေနဲ့ ဘယ်လိုများ ၂၁ ရာစု ပင်လုံတွေ NCA လက်မှတ်ရေးထိုးတာတွေ ဆောင်ရွက်ရမယ့်လမ်းဆိုတာ ကုန်းတက် လမ်းကြမ်းချည်းဆိုတာ ထင်ရှားနေပါတယ်။
လောလောဆယ် ဒီမိုကရေစီအနိုင်ကျင့်တာတွေ ဒီမိုကရေစီတွန်းလှန်တာတွေ အငြင်းအခုံပြုနေတာထက် မဲကိုယ်စားပြုသူတွေနဲ့ လက်နက်ကိုယ်စားပြုသူတို့ ရင်ဆိုင်တိုက်ပွဲတွေကိုသာ အာရုံစိုက်နှင့်ကြပါဦးစို့ လို့သာ တိုက်တွန်းလိုက်ချင်ပါတော့တယ်။