သရော်စာ မောင်လူရေး

မောင်လူရေး – စိတ္တဇကျေးညီနောင်

ကာတွန်း စောငို၏ ခေတ်ဟောင်း စနစ်ဟောင်းက ကာတွန်းဟောင်း မျှသာဖြစ်ပါသည်။ ၂၀၁၁ က ဆွဲခဲ့တာပါ

 မောင်လူရေး  – စိတ္တဇကျေးညီနောင်
(မိုးမခ) မတ် ၁၄၊ ၂၀၁၇


ယခုအခါတွင် အကြမ်းဖက်မှုနှင့် မျိုးချစ်စိတ်ဟူသော ညီအကိုနှစ်ယောက်ရှိလေသည်။

ရှေးသရောအခါက သူတို့နှစ်ဦးသည် မျိုးချစ်စိတ်ဓာတ် ပိုမိုထက်သန်စေရန်အတွက် ပြင်ဦးလွင်မှ ပြည်ချစ်ဘုရားကို သွားဖူးလေသည်။ သူတို့နှစ်ဦးသည် အခြားဘုရားများကို မျိုးချစ်စိတ်ဓာတ် မထက်သန်ဟု ယူဆကြကာ မည်မျှသမိုင်းအစဉ်အလာရှိ တန်ခိုးပြာဋိဟာ ပြနိုင်ပါစေမဖူးဟု အဓိဋ္ဌာန်ထားကြသည်။ ဥပမာ မြန်မာပြည် အထင်ကရ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ဆိုလျှင် သူ့ရခိုင်ပြည်ကို သူပြန်မကြွသည့်အတွက် မျိုးချစ်စိတ်မရှိဟု သတ်မှတ်သည်။ ပြည်ချစ်ဘုရားကား တရုပ်ပြည်မှ မည်မျှကိုးကွယ်ချင်ပါသည်ဆိုဆို၊ တရုတ်တွေက မည်သို့ကိုးကွယ်ပါမည်ပြောပြော မကြွ၊ နောက်ဆုံး အချုပ်ခန်းတွင်း သံကြိုးအထပ်ထပ် ပတ်၍ အတင်းအဓမ္မ ပင့်ဆောင်ကြသော်လည်း ပြင်ဦးလွင်အရောက်မှာ ကားကြီးပေါ်မှ မရမက လှိမ့်ချ နေရစ်တော်မူခဲ့သည်။ မြန်မာပြည်ကလွဲလျှင် ဘယ်မှ မကြွ။ တချိန် မျိုးချစ်တွေ အဓိဋ္ဌာန်ဝင်ဖို့ တိုင်းချစ်ပြည်ချစ် ရုပ်ပွားတော် လိုအပ်မည်ကိုလည်း ဉာဏ်တော်ဖြင့် သိပြီးဖြစ်မည်။

အကြမ်းဖက်မှုနှင့် မျိုးချစ်စိတ်တို့နှစ်ဦးသည် ပြည်ချစ်ဘုရား၌ အဓိဋ္ဌာန်ဝင်ကာ တိုင်းပြည်အပေါ် ကျရောက်လာမည့် အန္တရာယ်အသွယ်သွယ်၊ အထူးသဖြင့် ပြည်ပအန္တရာယ်ကို အသက်ပေး ကာကွယ်မည့်အကြောင်း၊ ကာကွယ်နိုင်စွမ်းကိုလည်း ပေးသနားပါမည့်အကြောင်း ဆုတောင်းခဲ့ကြလေသည်။ ဆုတောင်းပြီးနောက် ယင်းအဓိဋ္ဌာန် ပေါက်ရောက်အောင်မြင်ရန်အတွက် စတင်လုပ်ဆောင်သည့်အနေဖြင့် ဗိုလ်သင်တန်းကျောင်း၌ တိုင်းပြည်ကာကွယ်ရေးဆိုင်ရာ ပညာရပ်များကို သင်ကြားခဲ့ကြလေသည်။

သူတို့သည် ပညာစုံလင်ပြီးမြောက်သောအခါ ယခင်ကထက် မျိုးချစ်စိတ် ပိုမိုထက်သန်လာကြပြီး မူလအဓိဋ္ဌာန်ထားချက်အတိုင်း လုပ်ငန်းများကို အကောင်အထည်ဖော်သည့်အနေဖြင့် ပထမ တိုင်းပြည်ကို မချစ်သော ရုပ်ပွားတော်မှန်သမျှ ပြည်ပကို ထုတ်ကြလေသည်။ ထို့နောက် ပြည်ပနိုင်ငံများကို အားကျကာ ပြည်ပစတိုင် ဒီမိုကရေစီဝါဒ ကျင့်သုံးလိုသူများကို ကိုယ်တိုင် ညှင်းပန်းနှိပ်စက် တိုက်ခိုက်သတ်ဖြတ်ရုံမက အခြား မျိုးချစ်စိတ်ထက်သန်သူများကို နှိပ်စက်ညှင်းပန်းနည်းများ သင်တန်းပေးကြသည်။

ဤမျှ အလွန်တရာကြီးမားလှပေသော အမျိုးသားရေးတာဝန်ကြီးကို ထမ်းရွက်နေရလင့်ကစား သူတို့သည် လူငယ်မျှသာ ဖြစ်ချေသေးရာ လူငယ်သဘာဝ မဟုတ်တရုတ်နည်းလမ်းမှန်သမျှဖြင့် ငွေရှာကြ၏။ လူငယ်သဘာဝ အခွန်မဆောင်ဘဲ ကုမ္ပဏီများထောင်ပြီး ဥပဒေမျက်ကွယ်ပြု စီးပွားရှာကြ၏။ လူငယ်သဘာဝ တိုင်းပြည်ဘဏ္ဍာ မြေယာများကို သိမ်းပိုက်ထားကြ၏။ လူငယ်သဘာဝ လုပ်ပိုင်ခွင့်မှန်သမျှ လူပါးဝထားကြ၏။ လူငယ်သဘာဝ ထောင်ကျကြ၏။ လူငယ်သဘာဝ ထောင်ထဲမှာ သိကျွမ်းခဲ့သော လူမိုက်များကို ငှားပြီး အုပ်စုဖွဲ့အကြမ်းဖက် ရိုက်နှက် မီးရှို့ သတ်ဖြတ်ခြင်း၊ အဓိကရုဏ်းများ ဖန်တီးခြင်း၊ နိုင်ငံရေး အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အဖျက်အမှောင့် လုပ်ငန်းမျိုးစုံကို ကြံစည်လုပ်ဆောင်ကြ၏။

သူတို့သည် တရုတ်နိုင်ငံကိုမကြွဘဲ တရုတ်အန္တရာယ်ကိုပြသသည့် ပြည်ချစ်ဘုရား၌ တိုင်းချစ် ပြည်ချစ် မျိုးချစ်ဆုပန်ခဲ့သော်ငြား တရုတ်နိုင်ငံအန္တရာယ်ကို မကာကွယ်နိုင်ဘဲ ကုလားအပေါ်၌သာ အငြိုးထား၍ ထူးထူးခြားခြားလုပ်ဆောင်နေသည်ကို ထူးထူးခြားခြားတွေ့ရပြန်သည်။ တကယ်တော့ လောလောဆယ် မြန်မာအများစု အလုပ်သွားလုပ်နေရသည်က ကုလားနိုင်ငံဖြစ်လေသည်။ မြစ် ဂက်စ် ကျောက်စိမ်း ရွှေ နီကယ် ကြေးနီ ကျွန်းနှင့်သစ်မျိုးစုံ စိုက်ပျိုးမြေနှင့် အမျိုးသမီးငယ်လေးတွေပါမကျန် မြန်မာ့သယံဇာတမှန်သမျှ မသမာနည်းမျိုးစုံသုံးပြီး ယူငင်သုံးစား ချယ်လှယ်နေသည်မှာ တရုတ်နိုင်ငံဖြစ်သည်။ တရုတ်ဆေးဝါးအတုများနှင့် သက်တမ်းစေ့ မနေရမှု၊ စားသုံးဆီအတု စားစရာအတုများဖြင့် ရောဂါထူပြောနေရသည်ကို ထည့်မပြောနှင့်အုံး။ ယခု ငြိမ်းချမ်းရေးကိုပါ ကိုလိုနီပြုထားသည်ကို လူတိုင်းအသိပင်။ ပြည်ချစ်သဖြင့် ကာကွယ်ရေးအဓိဋ္ဌာန်ဖြင့် ကာကွယ်ရေးကျောင်းတက်လာသူတို့က မသိမှုမှာ မသိသား ဆိုးရွားလှချည့်ဟု ဆိုရပေမည်။

ဤပုံပြင်သည် ခေတ်သစ် ကျေးညီနောင်ပုံပြင်တော့ မဟုတ်ပေ။ အမှန်စင်စစ် အကြမ်းဖက်မှုနှင့် မျိုးချစ်စိတ်သည် ညီအကို လုံးဝ မတော်စပ်သလို နှစ်ဦးလည်းမဟုတ်၊ တဦးတည်းသာ ဖြစ်ပါသည်။ လူတကိုယ် စိတ်နှစ်မျိုးဖြစ်သွားသည့် စိတ္တဇရောဂါတမျိုးသာ ဖြစ်သည်။ တဦးတည်းက နှစ်ဦးဖြစ်နေခြင်း၊ ညီအကိုအဖြစ် ဖန်ဆင်းထားခြင်းသာ ဖြစ်ပါသည်။ ယင်းသို့ဖြင့် အကြမ်းဖက်မှုသည် မျိုးချစ်စိတ်ဖြစ်သွား၍ မျိုးချစ်စိတ်သည် အကြမ်းဖက်မှုကို တရားဝင်စေပါသည်။

ယင်းစိတ္တဇရောဂါသည် ဘုရားရှင်ကို အဓိပ္ပါယ်ဖွင့်ပုံမှားရာက စတင်ခြင်းဖြစ်ကြောင်း ဤဇာတ်လမ်းတွင် လေ့လာသိရှိနိုင်ပါသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts