ကဗျာ

ကမ်လူဝေး ● အမှိုက်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကမ်လူဝေး ● အမှိုက်
(မိုးမခ) မတ် ၁၁၊ ၂၀၁၇

အိမ်ရှေ့က လမ်းမပေါ်မှာ
တွေ့လိုက်ရတဲ့
ဘီယာဘူးခွံ အလွတ်ဟာ
အမှိုက်တခုဖြစ်တယ်
ဗူးခွံကောက်တဲ့ကလေးတွေ
ကောက်မသွားသေးတဲ့
အမှိုက်တခုဖြစ်တယ်
အိမ်ဘေးက ဘီယာဆိုင်ရဲ့
ဘေးထွက်ပစ္စည်းဖြစ်တယ်။

အိမ်နောက် လမ်းကြားက
ကလေးတွေ ကောက်လာတဲ့
အကောင်းစား ရာဘာဗူပေါင်းဟာ
အမှိုက်တခု ဖြစ်တယ်
ကွန်ဒွန်းအဟောင်းတခုဖြစ်တယ်
လမ်းကြားဘေးက အိမ်တအိမ်မှာ
သန္ဓေတားခဲ့တယ်
ကူးဆက်ရောဂါကို တားဖို့ကြိုးစားခဲ့တယ်
ဒါမှမဟုတ်
သံဝါသပြုခြင်းရဲ့
ဘေးထွက်ပစ္စည်းဖြစ်တယ်။

လူကြီးကားပေါ်က
နိုင်ငံခြား အရက်ပုလင်းများဟာ
အမှိုက်တွေဖြစ်တယ်
အရက်ဆိုင်ရဲ့ကောင်တာပေါ် ပြန်ရောက်မည့်
အမှိုက်တွေဖြစ်တယ်
ကိုယ့်လိုအင်ပြည့်ဖို့
ပစ်ချခဲ့တဲ့ အမှိုက်တွေဖြစ်တယ်
လူကြီးတယောက်ရဲ့
ဘေးထွက်ပစ္စည်းဖြစ်တယ်။

အဲဒီလူကြီးကလည်း
ကလေးတွေ ကောက်မသွားသေးတဲ့အမှိုက်ဖြစ်တယ်
သံဝါသပြုခြင်းရဲ့ ဘေးထွက်ပစ္စည်းဖြစ်တယ်
ကောင်တာပေါ် အရှက်မရှိတင်ထားခံရတဲ့
အရက်ပုလင်းဖြစ်တယ်။ ။

ကမ်လူဝေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts