ဇင်လင်း သူတို့အာဘော်

ဇင်လင်း – ပြည်သူ့ စွမ်းအား မကိုးစားလျှင်၊ ဓားသွားလည်းကြွေ လှံလည်းခွေအံ့


ဇင်လင်း – ပြည်သူ့ စွမ်းအား မကိုးစားလျှင်၊ ဓားသွားလည်းကြွေ လှံလည်းခွေအံ့
(မိုးမခ) ဖေဖော်ဝါရီ ၁၉ ၊ ၂၀၁၇

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေး ရယူဖို့ကြိုးစားတဲ့အခါ အဓိကအင်အားဟာ ပြည်သူရဲ့နှလုံးများနဲ့ ပြည်သူရဲ့စွမ်းအား ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် စစ်အင်အားနဲ့ ဗိုလ်ကျ ဖိနှိပ်စိုးမိုးထားလိုတဲ့ သဘောထားဟာ ဒီနေ့ခေတ်နဲ့ မဆီလျော်တော့ပါဘူး။ လက်နက်ကိုင်အဖွဲ့ အစည်းမှန်သမျှ လက်နက်အားကိုးတန်ခိုးပြလိုတဲ့ သဘောထား အယူအဆများကို ခ၀ါချကြပါ။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးဖို့ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ယုံကြည်မှုရှိရှိ သတ္တိရှိရှိနဲ့ NCA မှာ လက်မှတ်ရေးထိုးပြီး ၂၁ ရာစု ပင်လုံ ညီလာခံမှာ ပါဝင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားမှာ မေတ္တာရပ်ခံလိုက်တဲ့ သတင်းကို မြန်မာတနိုင်ငံလုံး ကြားသိခဲ့ကြပါတယ်။

“ကျမအနေနဲ့ အထူးပဲ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်မထိုးရသေးတဲ့ ကျမတို့ရဲ့တိုင်းရင်းသားအစု အဖွဲ့တွေကို အထူးပဲ မေတ္တာရပ်ခံချင်ပါတယ်၊ သတ္တိရှိရှိနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်စွာနဲ့ လက်မှတ်ထိုး လိုက်ပါ။ ကျမတို့ရဲ့၂၁ ရာစုပင်လုံထဲမှာ ပါဝင်လိုက်ကြပါ။ ကျမတို့ ပြည်သူ၊ ပြည်သားအားလုံး ဟာ ဒီပါဝင်မှုကြောင့် ဘယ်လောက်နှလုံး စိတ်ဝမ်းအေးချမ်းကြ မယ် ဘယ်လောက်ကျေးဇူးတင်ကြမလဲ။ ဘယ်လောက်ပိတိဖြစ်ကြမလဲဆိုတာ စဉ်းစား ကြပါ” လို့ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့ရှိ ပင်လုံကျောက်တိုင်ကွင်းမှာ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့က ကျင်းပတဲ့ နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် က မေတ္တာရပ်ခံခဲ့တာဖြစ်ပါတယ်။

ဒီ အတောအတွင်း အစိုးရက ချင်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် ပြုလိုက်ပြီလို့ သိရပါ တယ်။ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ချင်းအမျိုးသားတပ်ဦး (CNF)က ဦးဆောင်ပြီး ချင်းပြည်နယ် ထန်တလန်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၃ ရက်မှာ စတင်ကျင်းပဖို့ စီစဉ်နေကြောင်း သိရတယ်။

ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရရှိမှု အပေါ် ဒေါက်တာဆလိုင်းလျန်မှုန်းက ‘‘ကျွန်တော်တို့အနေနဲ့ ၀မ်းသာတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါချင်လို့ NCA စာချုပ်ကို လက်မှတ်ရေးထိုး တာဖြစ်ပါတယ်။ ပြီးတော့ အဲဒီ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါနိုင်ဖို့ဆိုတဲ့ဟာကလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်မှပဲ အဲဒီက ရလဒ်ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံကို ကျွန်တော်တို့ တင်ပြနိုင်မှာဖြစ်ပါတယ်’’ လို့ CNF ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန် မှုန်းဆာခေါင်းကပြောကြောင်း 7Day Daily သတင်းက ဖေါ်ပြပါတယ်။

အကျိုးဆက်အဖြစ် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ (၂၁ ရာစုပင်လုံ ဒု တိယအစည်းအဝေး) ကို ရက်သတ္တနှစ်ပတ်ခန့် ရက်ရွှေ့ဆိုင်းပြီး၊ မတ်လအတွင်းမှာ ကျင်းပဖို့ စီစဉ်နေတယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထွက်ပေါ်လာပါတယ်။ အရပ်ဖက်အဖွဲ့ အစည်းတွေရဲ့အစည်းအဝေးနဲ့ ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ကျန်ရှိနေတာ ကြောင့် ထပ်မံ ရက်ရွှေ့ရေး ဆွေးနွေးနေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုပါတယ်။

၂၁ ရာစုပင်လုံညီလာခံကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ကျင်းပဖို့ ရည်မှန်းသတ်မှတ်ကြောင်း ဖေဖော်ဝါရီ ၆ ရက်က ကျင်းပ တဲ့ ပြည်ထောင်စု ငြိမ်း ချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မ တီ (UPDJC) အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်(NCA) မှာ လက်မှတ်မရေးထိုးရ သေးတဲ့ အဖွဲ့တွေနဲ့ ညှိနှိုင်းရမယ့် ကိစ္စတွေ ကြောင့် မတ်လ အတွင်းသို့ ရက်ရွှေ့လိုက်တယ်လို့ UPDJC ကိုယ်စားလှယ် PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကပြောကြောင်း 7Day Daily သတင်းအရသိရတယ်။

NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးဖို့ ကျန်နေသေးတဲ့အဖွဲ့တွေအနေနဲ့ သတ္တိရှိရှိ ယုံကြည်မှု အပြည့်နဲ့ လက်မှတ်ထိုး လိုက်ကြပါလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီ ပင်လုံမြို့မှာကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ တိုက်တွန်းခဲ့ပါတယ်။

ဒါပေမယ့် တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ထိုးဖို့ဆိုတာ ဖြစ်သင့်ဖြစ်ထိုက်ပေမယ့် အာမခံချက်ရှိမှသာ NCA ကို လက်မှတ်ထိုးဖို့ ဖြစ်နိုင်ကြောင်း NCA မှာ လက်မှတ်ထိုးဖို့ ကျန်နေတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီက ဆိုပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ အဖွဲ့ဝင်တွေထဲက အတော်များများ NCA ကိုလက်မှတ်ထိုးဖို့ ကျန်နေကြပါတယ်။ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်းသလို NCA မှာလက်မှတ် ထိုးဖို့ဆိုရင် ဖြစ်သင့်ဖြစ်ထိုက်ပြီး အာမခံချက်ရှိမယ့် ပုံစံမျိုးဖြစ်မှသာ လက်မှတ်ထိုးနိုင်မှာ ဖြစ်တယ်လို့ UNFC ဒုဥက္ကဌ နိုင်ဟံသာက တုန့်ပြန်ခဲ့ကြောင်း VOA သတင်းကတဆင့် သိရပါတယ်။

“ လက်မှတ်ထိုးဖို့ ဆိုတဲ့ဟာက ဖြစ်သင့်ဖြစ်ထိုက်၊ ကိုယ်လက်ခံနိုင်တဲ့ အနေအထားမျိုး ရှိမယ်ဆိုရင်တော့ ဒါ .. လက်မှတ် ထိုးတာကတော့ ပြဿာနာ မဟုတ်ဘူးလေ။ ကိုယ်လိုချင်တဲ့ပုံစံ ဒါမှမဟုတ် ကိုယ်လက်ခံနိုင်တဲ့ပုံစံ၊ ကိုယ်စိတ်ချနိုင်တဲ့ အခြေအနေမျိုး မရှိပဲနဲ့တော့ ဘယ်လိုလုပ် လက်မှတ်ထိုးမလဲဗျ။” လို့ နိုင်ဟံသာက ဆိုပါတယ်။

NCA ကိုလက်မှတ်ထိုးနိုင်ဖို့ လက်တွေ့ကျတဲ့အချက် ၉ ချက်ကို UNFC ဖက်က တင်ပြထားတယ်လို့ဆိုပါတယ်။ အဲဒီထဲမှာ အားလုံးပါဝင်နိုင်ရေးနဲ့ `အစိုးရ-တပ်မတော်-တိုင်းရင်းသား လက်နက်ကိုင်တွေပါတဲ့ ၃ပွင့်ဆိုင်ဆွေးနွေးပွဲ’ လုပ်ဖို့ တိုင်းရင်း သားတွေဖက်က လိုလားနေတယ်လို့ဆိုပါတယ်။ ဒါပေမယ့် အဲဒီအချက် ၉ ချက်ကို တပ်မတော်ဖက်ကရော အစိုးရဖက်က ပါ တုန့်ပြန်ဆွေးနွေးတာမျိုး ခုထိ မရှိသေးဘူးလို့ UNFC က ဆိုပါတယ်။ NCA လက်မှတ်ထိုးပြီးမှ တိုက်ပွဲတွေ ပြန်ဖြစ် တာမျိုး မလိုလားဘူးလို့ နိုင်ဟံသာက ထောက်ပြပါတယ်။

“ ကျနော်တို့ တောင်းဆိုခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး လုပ်မယ်ဆိုရင် အဖွဲ့အားလုံး ပါဝင်နိုင်ရေး၊ အချို့အဖွဲ့ကို ချန်ထားပြီးတော့မှ သူတို့ကို တိုက်နေတဲ့ပုံစံမျိုး မဖြစ်ဖို့ လိုတယ်။ နိုင်ငံရေး စကားပြောမယ်ဆိုရင် ကျနော်တို့အမြဲတမ်း ပြောထားတဲ့ ၃ပွင့်ဆိုင် ပုံစံမျိုးနဲ့မှ တရားမျှတတဲ့ ပုံစံမျိုး ဖြစ်မယ်။ နောက်တခုက အခုကတော့ အပစ်ခတ်ရပ်စဲရေး လုပ်ပြီးတော့ NCA ထိုးပြီးတော့မှ RCSS (ရှမ်းတောင်ပိုင်းတပ်)မှာ တိုက်ပွဲတွေ ပြန် ဖြစ်နေတယ်။ အစိုးရဖက်က နည်းနည်းဝင်တိုက်တဲ့ သဘောပေါ့ဗျာ။ အဲသလို မဖြစ်အောင် ကျနော်တို့ကတော့ အာမခံချက် ရှိတဲ့ပုံစံမျိုးကို ကျနော်တို့ လိုချင်တယ်။” လို့ နိုင်ဟံသာ က ပြောတာတွေ့ရတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကရင်လက်နက်ကိုင်အဖွဲ့တွေက ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး တွေမှာ ကျင်းပထားပြီး ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ ပအိုဝ်းအဖွဲ့တွေက ရှမ်းပြည်နယ်မှာ ကျင်းပဖို့စီစဉ်ထားကြောင်း သိရပါတယ်။ ‘၂၁ ရာစု ပင်လုံညီလာခံ’ မကျင်းပမီ ညီလာခံအတွက် အကြိုပြင်ဆင်တဲ့အနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပတာလို့ ဆိုပါတယ်။ သက်ဆိုင်ရာ ဒေသ လူမျိုးအလိုက် ဆွေးနွေးပွဲတွေအရင် ကျင်းပမှာ ဖြစ်ပြီး၊ အဲဒီ ဆွေးနွေးပွဲတွေမှာ ညှိနှိုင်း သဘောတူမှု ရရှိလာတဲ့ အချက်အလက်တွေကို ပင်လုံ ငြိမ်းချမ်းရေး ညီလာခံမှာ တင်ပြရမှာ ဖြစ်တယ်လို့သိရပါတယ်။ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ထဲမှာ ဒီအချက်ကို သဘောတူထားတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ပြည်နယ်နဲ့တိုင်း ဒေသတချို့မှာသာ ကျင်းပပြီးစီးပါသေးတယ်။ မကျင်းပနိုင်သေးတဲ့ နေရာဒေသတွေလည်း ရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့် ပင်လုံညီလာခံမတိုင်ခင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ အချိန်လိုအပ်နေသေးကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးနိုင်ငံလင်းက ဗွီအိုအေသတင်းကို ဖေဖေါ်ဝါရီ ၁၄ ရက်နေ့က ပြောခဲ့တယ်။

အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ် NCA မှာလက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေက စီစဉ်တဲ့ လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်ပြည်နယ်က စတင်ကျင်းပတာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေ အမြန်ဆုံး ပါဝင်လက်မှတ်ထိုး နိုင်အောင် အစိုးရနဲ့ တပ်မတော်က ပိုမိုလမ်းဖွင့်ပေးဖို့နဲ့ တိုက်ပွဲဖြစ်ပွားနေ တာတွေကို နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ ကရင်ပြည်နယ် ဘားအံမြို့မှာ ဇန်နဝါရီလ ၁၈ ရက်နေ့ က ကျင်းပတဲ့ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ မူတူးစေးဖိုး က ထည့်သွင်းပြောကြားခဲ့တာ သတိပြုမိပါတယ်။

၂၁ ရာစု ပင်လုံ ညီလာခံအတွက် ကြိုတင်ပြင်ဆင်ဖို့ ‘ကချင်အမျိုးသားညီလာခံ’ တစ်ရပ်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မနောကွင်းမှာ ဖေဖော်ဝါရီလ ၁၆/၁၇ ရက်တွေမှာ ကျင်းပမယ်လို့ဆိုပါတယ်။ ကချင်အမျိုးသားညီလာခံမှာ ၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်မယ့် ကချင်လူထုကိုယ်စားပြုများရွေးချယ်ခြင်း၊ ညီလာခံတွင် ဆွေးနွေးရမည့် အခန်းကဏ္ဍများကို ကြိုဆင်ပြင်ဆင်ထားခြင်းများ ပြုလုပ်မှာဖြစ်တယ်လို့ ‘ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့’ (WMR) မှ လူငယ်တာဝန်ခံ ဦးအင်ခွမ်တန်ဂွန်းက ပြောကြောင်း မဇ္စျိမသတင်းက ဖေါ်ပြပါတယ်။ ကချင်အမျိုးသား ညီလာခံကို ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR) က ဦးဆောင်ကျင်းပတာ ဖြစ်ပြီး ယင်းညီလာခံမှာ လာမယ့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံအတွက် ကချင်လူထု ကိုယ်စားပြု ကိုယ်စားလှယ် ၁၀၀ ဦး ရွေးချယ်မှာ ဖြစ်ကြောင်း မဇ္စျိမသတင်းက ဆိုပါတယ်။

ကချင်နိုင်ငံရေးပါတီ ၄ ပါတီနဲ့ စုဖွဲ့ထားတဲ့ ‘ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ကော်မတီ’ (KPCC) ကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံမှာ ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) တင်ပြနိုင်ဖို့ ကချင်တစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (အကြို) ကျင်းပခဲ့ကြောင်း သိရတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အနေနဲ့တော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးသေးတဲ့အတွက် တရားဝင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ခွင့်မရသေးဘဲ၊ အကြို အဖြစ်သာ ကြိုတင် ပြင်ဆင်ခဲ့တယ်လို့ဆိုတယ်။ WMR အနေနဲ့ ကချင်လူထုအတွက် နိုင်ငံရေး၊ လူမှုရေး လုပ်ငန်းများမှာ အဓိက ဆောင်ရွက်နေပြီး မြို့နယ်အသီးသီးမှ ဒေသခံ ကိုယ်စားလှယ်များ၊ ဘာသာရေးခေါင်းဆောင်များ ပါဝင် ဖွဲ့စည်းထား ကြောင်းသိရတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးနိုင်ရေးနဲ့ ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်လာနိုင်ရေးအတွက် ဆွေးနွေးလိုကြောင်း လက်မှတ်မထိုးရသေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC သို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်က စာပေးပို့ အကြောင်းကြားထားကြောင်း ငြိမ်းချမ်းရေး အကြံပေး ဦးလှမောင်ရွှေ က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြောတယ်လို့ မွန်သတင်းအေဂျင်စီ သတင်းမှာ ဖေါ်ပြထားတာ တွေ့ရတယ်။ UNFC ရဲ့ ‘အလုပ်အဖွဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့’ DPN နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့တို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်က ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ မှာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်။

ရှမ်းပြည်နယ်လွှတ်တော်က မြောက်ပိုင်းမဟာမိတ်ကို အကြမ်းဖက်အဖြစ် သတ်မှတ်ခေါ်ဝေါ်နေခြင်းကြောင့် UNFCအဖွဲ့ဝင် KIA ခေါင်းဆောင်များအနေနဲ့ ပြည်တွင်းသို့ သွားရောက်ဆွေးနွေးရေး အခက်အခဲများရှိနေတယ်လို့ ဆိုပါတယ်။ ဒီ့ အပြင် တပ်မတော်အနေနဲ့ အကြမ်းဖက်အဖွဲ့များအဖြစ် တရားဝင် ခေါ်ဝေါ်သုံးစွဲကာ အကြောင်းအမျိုးမျိုးပြပြီး စစ်ဆင်ရေးတွေ လုပ်နေခြင်းကြောင့်လည်း တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်ကို ရည်ရွယ်ချက်ရှိရှိ ပျက်ပြားအောင် လုပ်ဆောင်နေတာဖြစ်တယ် လို့ UNFC က ဇန်နဝါရီ ၂၇ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

DPN အဖွဲ့ဝင် ဒေါက်တာနိုင်ရွှေသိန်းက “ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ့် အစီအစဉ်ဖြစ်မယ်ဆိုရင် နေပြည်တော်ဖြစ်ဖြစ် ရန်ကုန်ဖြစ်ဖြစ် ကျနော်တို့သွားမှာပါ၊ ဒါပေမယ့် ငြိမ်းချမ်းရေးကော်မရှင်နဲ့ဆိုရင် ကျနော်တို့က ချင်းမိုင်မှာဘဲ တွေ့ဆုံလို တယ်။” လို့ ပြောကြောင်း မွန်သတင်းအေဂျင်စီ သတင်းမှာဖေါ်ပြပါတယ်။

အနှစ်ချုပ် သုံးသပ်ရရင် တစ်နိုင်ငံလုံးက အားကိုးတကြီး မျှော်လင့်နေကြတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် အစိုးရခေါင်းဆောင်များ၊ စစ်ဖက်ဆိုင်ရာခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ အမျိုးသမီးအဖွဲ့ အစည်းဆိုင်ရာ ကိုယ်စားလှယ်များ၊ လူငယ်အဖွဲအစည်းဆိုင်ရာကိုယ်စားလှယ်များ၊ ကျောင်းသားလူငယ်ကိုယ်စားလှယ်များ အစရှိတဲ့ တာဝန်ရှိသူတွေ အနေနဲ့ တပြည်လုံးအပစ်ရပ်ပြီး ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးကို ၀ိုင်းဝန်းဖေါ်ဆောင်ပေးကြဖို့ သဘောထားကြီးကြီးထားပြီး ၀ါယမစိုက်ထုတ် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် စစ်လက်နက်အင်အား အရရော၊ ဖွဲ့စည်းပုံအရရော အင်အားအကြီးဆုံးဖြစ်တဲ့ တပ်မတော်အနေနဲ့ ပြည်သူလူထုဆန္ဒသဘောထားကို သိမြင်နားလည် အောင်ကြိုးစားသင့်ပါတယ်။ အားကြီးသူက အားငယ်သူတို ညှာတာခြင်းဟာ စိတ်သဘောထားကြီးမြင့် ကျယ်ပြန့်ခြင်းကို ဖေါ်ပြရာရောက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေး ရယူဖို့ကြိုးစားတဲ့အခါ အဓိကအင်အားဟာ ပြည်သူရဲ့နှလုံးများနဲ့ ပြည်သူရဲ့စွမ်းအား ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် စစ်အင်အားနဲ့ဗိုလ်ကျ ဖိနှိပ်စိုးမိုးထားလိုတဲ့ သဘောထားဟာ ဒီနေ့ခေတ်နဲ့ မဆီလျော်တော့ပါဘူး။

ဒါကြောင့် “စစ်နည်းဗျူဟာ ဘယ်လိုကြွယ်လည်း၊ စွဲကိုင်လက်နက် ဘယ်လိုထက်လည်း ပြည်သူ့နှလုံး မသိမ်းကျူံးလျှင်၊ ပြည်သူ့ စွမ်းအား မကိုးစားလျှင်၊ ဓားသွားလည်း ကြွေအံ့၊ လှံလည်းခွေအံ့” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ခြင်း ဖြစ်ပါတယ်။ ပြည်သူဟာ မိမိတို့ရဲ့အကျိုးအတွက် ဘယ်သူတွေ ဆောင်ရွက်ရမလဲ ဆိုတာကို ကောင်းစွာသိကြောင်း၊ ပြည်သူတွေအတွက် တန်ဖိုးအရှိဆုံး၊ အကြီးမားဆုံးအကျိုးကတော့ ငြိမ်းချမ်းရေးသာ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး မရှိဘဲနဲ့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုး တက်ရေးဆိုတာ မရှိနိုင်ကြောင်း၊ ဒါကြောင့် ပြည်ထောင်စု နေ့မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ပါဝင်နေတဲ့ အစုအဖွဲ့ အားလုံးကို သတ္တိရှိရှိနဲ့ပြည်သူ့အကျိုးအတွက် စွန့်စားကြပါလို့ မေတ္တာ ရပ်ခံလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာ သတိပြုမိတယ်။

ဒါကြောင့် လက်နက်ကိုင်အဖွဲ့ အစည်းမှန်သမျှ လက်နက်အားကိုးတန်ခိုးပြလိုတဲ့ သဘောထား အယူအဆများကို ခ၀ါချကြပါ။ အမြန်ဆုံး တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ရပ်ကြပါ။ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရာမှာ ပြည်သူလူထုဆင်းရဲဒုက္ခကို စာနာပြီး စိတ်စေတနာ ရိုးရှင်းစွာနဲ့ အင်တိုက်အားတိုက် ပါဝင်ကူညီကြပါလို့ တိုက်တွန်းအပ်ပါတယ်။ ။ ။  ။  ။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts