ရန်ကုန် (Myanmar Now) – ပစ္စည်းထည့်သည့် ပလပ်စတစ်လက်ဆွဲအိတ် အခမဲ့ပေးအပ်ခြင်း မရှိသည့်အစီအစဉ်ကို ရန် ကုန်ရှိ City Mart စတိုးဆိုင်များတွင် လဆန်း ၅ ရက်နေ့တိုင်း ပြုလုပ်နေသော်လည်း ဈေးဝယ်သူအများစုက သတိမပြုမိ ကြကြောင်း ကုန်တိုက်၏ အရောင်းမြှင့်တင်ရေးဌာန တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၆ ရက်နေ့တွင် ပြောသည်။
“ဈေးဝယ်သူအများစုက လစဉ် ဒီအစီအစဉ်ရှိတာ မသိကြဘူး။ ပလပ်စတစ်အိတ်မပေးတော့ ဝယ်သူတွေဘက်က သိပ်ကျေ နပ်မှု မရှိဘူး” ဟု အရောင်းမြှင့်တင်ရေးဌာနမှ ကိုအောင်စိုးက ပြောသည်။
သို့သော်လည်း ပလပ်စတစ်အိတ်သုံးစွဲမှု လျှော့ချရေးအစီအစဉ်ကို ရက်တိုးလုပ်ဆောင်နိုင်ရေးအတွက် ဈေးဝယ်သူတို့၏ တုံ့ပြန်မှုကို စောင့်ကြည့်နေသည်ဟု သူက ဆိုသည်။
ရန်ကုန်ရှိ City Mart ၂၁ ဆိုင်တွင် လဆန်း ၅ ရက်နေ့ အစီအစဉ်ရှိနေပြီး ပလပ်စတစ်လက်ဆွဲအိတ် လိုအပ်သူကို အိတ် တစ်လုံးလျှင် ကျပ် ၁ဝဝ နှုန်းဖြင့် ရောင်းချပေးနေသည်ဟု ဆိုသည်။
ဤအစီအစဉ်သည် ကုန်တိုက်၏ အကျိုးအမြတ်အတွက် မဟုတ်ဘဲ ဈေးဝယ်သူများ ထည့်စရာအိတ် ယူဆောင်လာတတ်သည့် အကျင့်ဖြစ်စေရေး၊ ပလပ်စတစ်အိတ် အသုံးလျှော့ချရေး အစီအစဉ်ဖြစ်သည်ဟု ကိုအောင်စိုးက ရှင်းပြသည်။
ဇန်နဝါရီ ၅ ရက်နေ့က ကုန်တိုက်သို့ ဈေးဝယ်လာရောက်သူတို့တွင်လည်း ပတ်ဝန်းကျင် ပျက်စီးစေသော ပလပ်စတစ်အိတ်ကို အသုံးလျှော့ရေး အစီအစဉ်အပေါ် အမြင်အမျိုးမျိုး ရှိနေသည်။
“ဒီအစီအစဉ်ကို ခါတိုင်းလည်း သိနေကျဆိုတော့ အခက်အခဲတော့မရှိဘူး။ အစ်မကတော့ ဒီအစီအစဉ်ကို ကြိုက်တယ်” ဟု မြေနီကုန်း City Mart တွင် တွေ့ရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“နည်းနည်းပါးပါးဝယ်ရင်တော့ ပြဿနာ မရှိဘူးလေ။ ပလစ်စတစ်အိတ်မပေးတဲ့နေ့ဆိုလည်း အဲ့ဒီနေ့ကျရင် တခြားအိတ် သူ တို့ပေးပေါ့” ဟု မြေနီကုန်းဆိုင်ခွဲတွင် လာရောက်ဈေးဝယ်သူ ဦးမျိုးချစ်က ပြောသည်။
City Mart က နိုင်ငံအနှံ့ စတိုးဆိုင်ကြီးများ ထပ်မံဖွင့်လှစ်နိုင်ရေးအတွက် ကမ္ဘာ့ဘဏ်၏လက်အောက်ခံအဖွဲ့ အပြည်ပြည် ဆိုင်ရာ ငွေကြေးအဖွဲ့အစည်း (IFC) ထံမှ ချေးငွေ ဒေါ်လာ ၂၅ သန်း ယူရန် ပြီးခဲ့သည့်နှစ် နှစ်ဆန်းပိုင်းက သဘောတူညီမှု ရရှိထားသည်။
IFC က ထိုသို့ ရင်းနှီးမြှုပ်နှံသည့်အပြင် အကြံပေးခြင်းများ ပြုလုပ်မည်ဖြစ်ရာ အကြံပေးမှုများထဲတွင် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာ လုပ်ငန်းများလည်း ပါဝင်မည်ဟု City Mart ကုမ္ပဏီ အကြီးအကဲ ဒေါ်ဝင်းဝင်းတင့်က ပြောဆိုကြောင်း IFC အွန် လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။
ကုန်တိုက်၏ ပလပ်စတစ်အိတ် အသုံးလျှော့ရေးအစီအစဉ်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများကလည်း ထောက်ခံကြသည်။
“ဒါက သိပ်ကောင်းတဲ့အစီအစဉ်ပေါ့။ ပလပ်စတစ်အိတ်ဆိုတာက မြေပေါ်မှာမဆွေးမမြေ့တဲ့ ပစ္စည်းလေ။ အစားအသောက် ထည့်ရင်လည်း အဆိပ်ဖြစ်တယ်။ ဒါကြောင့် ပလပ်စတစ်အိတ်ကတော့ မသုံးသင့်ဘူး” ဟု သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) ဥက္ကဋ္ဌ ဦးသန်းနွယ်က ပြောသည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေး လုပ်ဆောင်နေသည့် အနောက်နိုင်ငံအများအပြားရှိ ကုန်တိုက်များတွင် ဈေးဝယ် သူကို ပလပ်စတစ်လက်ဆွဲအိတ် ထည့်ပေးလေ့မရှိကြောင်း သိရသည်။
ယခင်က အသုံးများခဲ့သည့် စက္ကူ၊ ဖက် စသည့် ထုပ်ပိုးပစ္စည်းတို့သည် စွန့်ပစ်ပြီးနောက်ပိုင်း ဆွေးမြေ့ပျက်စီးပြီး မြေဆွေး ဖြစ်သွားသည်။
လတ်တလော ခေတ်စား အသုံးများနေသည့် ပလပ်စတစ်အိတ်သည် စွန့်ပစ်ပြီးနောက်ပိုင်း ဆွေးမြေ့သွားခြင်းမရှိဘဲ နှစ်ပေါင်း များစွာ တည်ရှိနေနိုင်သည်။ မြစ်အတွင်း စွန့်ပစ်ပါက စားသုံးမိသည့် ရေသတ္တဝါများ သေဆုံးနိုင်ခြင်း၊ မီးရှို့ဖျက်ဆီးလျှင်လည်း အန္တရာယ်ရှိသည့် မီးခိုးငွေ့ ထွက်ပေါ်လာခြင်းတို့ကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ပလပ်စတစ် အသုံးလျှော့ ရန်၊ အသုံးပြုမိပါကလည်း အကြိမ်ကြိမ် ပြန်လည် အသုံးပြုရန် လှုံ့ဆော်လျက် ရှိသည်။
(သိင်္ဂီဝင်းတင်သည် Myanmar Now ၏ အလုပ်သင်သတင်းထောက်တစ်ဦး ဖြစ်သည်။)