ဇင်လင်း သူတို့အာဘော်

ဇင်လင်း ● တရားဥပဒေစိုးမိုးရေးကို ကာကွယ်ပါ၊ အကြမ်းဖက် လူသတ်ဝါဒကို ချေမှုန်းပါ

ဇင်လင်း ● တရားဥပဒေစိုးမိုးရေးကို ကာကွယ်ပါ၊ အကြမ်းဖက် လူသတ်ဝါဒကို ချေမှုန်းပါ

(မိုးမခ) ဖေဖော်ဝါရီ ၉၊ ၂၀၁၇

လွန်ခဲ့တဲ့ ဇန္န၀ါရီလ ၂၉ ရက်နေ့က တိုင်းသိပြည်သိ နိုင်ငံတကာကပါသိရှိတဲ့  ထူးချွန်ထင်ရှားသူ ဥပဒေပညာရှင်တစ်ဦး ဖြစ်တဲ့ ဦးကိုနီဟာ ရန်ကုန်မြို့ နိုင်ငံတကာလေဆိပ် လူမြင်ကွင်းမှာ သေနတ်ဖြင့် အနီးကပ်လုပ်ကြံခံခဲ့ရပါတယ်။ ဦးကိုနီဟာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အတွက် အလွန်အားထားရတဲ့ ဥပဒေအကြံပေးတစ်ဦးလည်းဖြစ်တဲ့အ တွက် လုပ်ကြံခံရမှုသတင်းက မိနစ်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာတွေကတဆင့် မီဒီယာအသီးသီးနဲ့ တစ်နိုင်ငံလုံး သာမက နိုင်ငံတကာအထိ ပျံ့နှံ့ ဂယက်ရိုက်ခတ်သွားခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီဟာ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ အင်ဒိုနီးရှားနိုင်ငံမှာ ဇန်န၀ါရီလ ၂၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အကြီးတန်း ခေါင်းဆောင်မှု အစီအစဉ်ကို တက်ရောက်ခဲ့ ပါတယ်။ ၂၉ – ၁ – ၂၀၁၇ ရက်နေ့ စင်္ကာပူလေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံသို့အပြန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ၄င်းနေ့ ညနေ ၅ နာရီလောက်မှာ ဦးခေါင်းကို ပစ္စတိုသေနတ်ဖြင့် အနီးကပ်ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခံရပြီး နေရာမှာ တင် သေဆုံးခဲ့ရပါတယ်။  အဲဒီ လုပ်ကြံမှုမှာ ဦးကိုနီတင်မက တက္ကစီယာဉ်မောင်း ဦးနေ၀င်းလည်း တရားခံဖမ်းရင်းသေနတ်သမားရဲ့ လက်ချက်ကြောင့် အသက်ဆုံးခဲ့ရတယ်။

လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပြီး ချက်ချင်းမှာပဲ တက္ကစီသမားတွေ အပါအ၀င် တာဝန်သိပြည်သူတွေက  လုပ်ကြံသတ်ဖြတ်သူ ကြည်လင်းကို ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြပါတယ်။ ဒီလုပ်ကြံမှုကို ပြည်တွင်းကသာမက နိုင်ငံတကာကလည်း အထူး စိတ်ဝင်စား နေပါတယ်။ အကြောင်းကတော့ ဦးကိုနီဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အာဏာရ NLD ပါတီရဲ့ အားထားရတဲ့ ဥပဒေအကြံတစ်ယောက်ဖြစ်ပြီး၊ လူနည်းစု အစ္စလာမ် ဘာသာဝင် တစ်ယောက်ဖြစ်နေတဲ့အတွက် လက်ရှိမြန်မာ့နိုင်ငံရေး နောက်ခံအခြေအနေတွေနဲ့ ဆက်နွယ်နေခြင်းကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် လုပ်ကြံမှုဖြစ်ပွားပြီး ကျူးလွန်သူ တရားခံကို ပြည်သူလူထုအကူအညီနဲ့ ချက်ချင်း ဖမ်းဆီးရမိခဲ့ပေမယ့် ရက်အတော်ကြာတဲ့အထိ သက်ဆိုင်ရာ လုံခြုံရေးအရ တာဝန်ရှိ သူတွေအနေနဲ့ အမှုအကြောင်း တစ်စုံတစ်ရာ ထုတ်ဖော်ရှင်းလင်းပြောဆိုတာ မလုပ်ခဲ့ပါဘူး။ ဖေဖေါ်ဝါရီ ၃ ရက်နေ့ကျမှ လူသတ်တရားခံ ကြည်လင်းရဲ့ကြံရာပါ၊ တစ်နည်းအာဖြင့် ဦးကြည်လင်းကို လူသတ်ဖို့ခိုင်းစေသူ ဦးအောင်ဝင်းဇော်ကို ဖမ်းဆီးရမိထားကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ကြေငြာပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုဖြစ်ပွားတဲ့အပေါ်  နိုင်ငံ့ ခေါင်း ဆောင်တွေရဲ့ လုံခြုံရေးအတွက် စိတ်ပူမိကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်က ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ဖေါ်ပြောကြားခဲ့တယ်လို့ 7Day Daily သတင်းမှာ ဖေါ်ပြပါတယ်။ နောင်အခါ အလားတူဖြစ်ရပ်မျိုး မဖြစ်ပေါ်စေရေးအတွက် အခုအမှုကို အဖြစ်မှန် ပေါ်ပေါက်အောင် ဖော်ထုတ်သင့်ပြီး နေရာတိုင်း လုံခြုံရေးတိုးမြှင့်ဖို့ လို တယ်လို့ ဦးခင်အောင်မြင့်က ဖေဖော်ဝါရီ ၂ ရက်နေ့ကကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးမှာ သတင်း ထောက်များအား ပြောကြောင်း သိရပါတယ်။

‘‘အန်ကယ်စဉ်းစားတာပေါ့။ တိုင်းပြည်မှာ ဒီလိုလည်း မဖြစ်စေချင်ဘူး။ လူကြီးတွေအတွက်လည်း စိတ်ပူတယ်။ ကိုယ်တို့ မြန်မာနိုင်ငံမှာ ဒါမျိုးဆိုတာ ရှားပါတယ်။ ဟို အရင်တုန်းကတော့ ရှိတာပေါ့’’ ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဟောင်း၊ လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်မြင့်က ဆိုသည်။

လုပ်ကြံမှု ဖြစ်စဉ်မှာ ပါဝင်သူတွေနဲ့ ပတ်သက်လို့ သတင်းမျိုးစုံထွက်ပေါ်နေပေမယ့် ပြည်ထဲရေးဝန်ကြီးဌာနက တရားဝင် ပြောကြားတာမျိုး မရှိသေးတဲ့အပေါ်လည်း ဝေဖန်ပြောဆိုတာတွေ တွေ့ရပါတယ်။

“အစိုးရပိုင်းဆိုတာထက် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဘက်ထောက်လှမ်းရေးအဖွဲ့တွေ၊ ရဲဘက် ဆိုင်ရာတွေ ပူးပေါင်းဆောင်ရွက်ရမှာပဲ။ အခုလို အစိုးရတာဝန်ရှိသူတွေ သွားတဲ့ လမ်းကြောင်းတောင် မလုံခြုံဘူး ဆိုရင် သာမန်ပြည်သူအတွက်ဆို မတွေးဝံ့စရာပဲ။ အခုက တစ်ယောက်တည်း လုပ်တာမဟုတ်ဘူး။ အုပ်စုလိုက် လုပ်တာဖြစ်တာ ကြောင့် ကွင်းဆက်ကို အဆက်မပြတ်ဖော်ထုတ်ပေးဖို့ အရမ်းအရေးကြီးတယ်” လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြောင်း မြန်မာတိုင်းမ်သတင်းစာမှာ ဖေါ်ပြပါတယ်။

“ဦးကိုနီက လူပုဂ္ဂိုလ်အရ အသက်သေဆုံးသွားပေမဲ့ တကယ်ကျဆုံးသွားတာက တရားဥပဒေ စိုးမိုးရေး ကျဆုံးသွား တာပါ” လို့လည်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးရဲ့ ဇန်န၀ါရီလ ၃၀ ရက်စွဲပါ ကြေညာချက်မှာ – “ဤဖြစ်စဉ်ကြောင့် အထိတ်တလန့်မဖြစ်ဘဲ တည်ငြိမ်အေးချမ်းစွာ နေထိုင်ကြရန်၊ ဘာသာရေးနှင့် လူမျိုးရေး သွေးထိုးမှုများ ကို အထူးဂရုပြုကြရန်၊ ယခု လုပ်ကြံသတ်ဖြတ်မှု ဖြစ်စဉ်နှင့် စပ်လျဉ်း၍ဖြစ်စေ၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှုများနှင့် စပ်လျဉ်း၍ ဖြစ်စေ ထူးခြားမှုများတွေ့ရှိပါက တာဝန်ရှိသူများထံ အမြန်ဆုံး ဆက်သွယ်အသိပေးကြ ပါရန် မေတ္တာရပ်ခံလျက် သတင်းထုတ်ပြန်အပ်ပါသည်။” စသဖြင့်ဖေါ်ပြထားပုံကို ကြည့်ရင် ဦးကိုနီလုပ်ကြံမှု နောက်ကွယ် မှာ ခေတ် အပြောင်းအလဲကို မလိုလားတဲ့ လက်မည်းကြီးတွေ ရှိနေနိုင်တာ ထင်ရှားပါတယ်။

ဒါကြောင့် နိုင်ငံတော် သမ္မတရုံးက နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြား စေရန် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်းလို့ သုံးသပ်ထားတာတွေ့ရတယ်။ ဒီ လုပ်ကြံမှုကို မှန်မှန်ကန်ကန် ရိုးရိုးသားသား အဖြေထုတ်မပေးနိုင်ခဲ့ရင် နောက်ဆက်တွဲ သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

ဥပဒေစိုးမိုးမှုကို တာဝန်ခံမယ်သူမရှိတော့ဘူးဆိုရင် တိုင်းပြည်မှာ မင်းမဲ့စရိုက်တွေ ထပ်ပေါ်ပေါက်နိုင်ပြီး၊ တန်ပြန်လက်စားခြေမှုမျိုးတွေ ဖြစ်လာနိုင်တာကြောင့် အမှုမှန် ပေါ်ပေါက်ဖို့ အထူးအရေးကြီးပါ တယ်။ ဒါတင်မက ဒီအမှုနဲ့ပတ်သက်ပြီး အမှန်တရား မပေါ်ဘဲ၊ ထိုးဇာတ်ခင်းတာမျိုး ပေါ်ပေါက်ခဲ့ရင်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးခရီးစဉ်မှာ မြန်မာနိုင်ငံရဲ့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး (Civil-Military Relation) ကိုလည်း ထိခိုက်ဖွယ်ရာရှိပါတယ်။ ဒါကြောင့် ကျူးလွန်သူတွေရဲ့ နောက်ကွယ်က လက်မည်းကြီးကို ဖေါ်ထုတ်ဖမ်းဆီး အရေးယူနိုင်ဖို့ အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့လောက်နဲ့ မလုံလောက်ဘူးထင်ပါတယ်။ တပ်မတော်အနေနဲ့လည်း ဒီကိစ္စကို အလေးအနက် စဉ်းစားပြီး အမှန်တရားပေါ်ပေါက်ရေးအောင် အကူအညီ ပေးသင့်ပါတယ်။ လက်ရှိ တည်ငြိမ်ရေးနဲ့အေးချမ်းရေး မပျက်ပြား စေဖို့နဲ့ အစိုးရရဲ့ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံ အောင်မြင်ရေးကို မထိခိုက်စေဖို့ အတွက် တပ်မတော်က ကူညီရ မှာ ဖြစ်ပါတယ်။

ဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံမှာ Harvard တက္ကသိုလ်နဲ့ အင်ဒိုနီးရှား အစိုးရတို့က ပူးတွဲ ကျင်းပတဲ့ “အင်ဒိုနီးရှား ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွေ့အကြုံ” မျှဝေတဲ့ အစီအစဉ်ကို တက်ရောက်ပြီး အပြန် ရန်ကုန်လေဆိပ်အရောက်မှာ လုပ်ကြံ သတ်ဖြတ် ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့နိုင်ငံက အပြန်မှာ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းကြားရတဲ့အတွက် ၀မ်းနည်းကြေကွဲကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန ပြောခွင့်ရ Arrmanatha Nasir က ပြောကြောင်း ဗွီအိုအေသတင်းက ဖေါ်ပြပါတယ်။

“ဒါဟာ အင်မတန် အင်မတန် အံ့သြ တုန်လှုပ်စရာကောင်းတဲ့ သတင်းဆိုး တခုပါ။ ဒီဖြစ်ရပ်ကြောင့် မြန်မာအစိုးရနဲ့ မြန်မာ ပြည်သူတွေ ကြိုးစားလုပ်ဆောင်နေတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေကို နှောင့်နှေး ကြန့်ကြာမှု မဖြစ်ပါစေနဲ့လို့ ကျနော်တို့ မျှော်လင့်ပါတယ်။” လို့ Arrmanatha Nasir က ပြောပါတယ်။

ဒီအမှုကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့အမြင်တွေကိုလည်း ဂရုပြုသင့်ပါတယ်။ ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြောင်းလဲရေးကို အထိနာစေတဲ့ ထိုးနှက်ချက် ဖြစ်ကြောင်း အမေရိကန်နိုင်ငံရဲ့ အထင်ကရ သတင်းစာ The New York Times နယူးယောက်တိုင်းမ်စ်မှာ ဝေဖန်ရေးသား ထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဥပဒေရေးရာ အထူးကျွမ်းကျင်သူ ဦးကိုနီကို လုပ်ကြံတာဟာ  နိုင်ငံရေးလုပ်ကြံမှုဖြစ်တဲ့အတွက် သမိုင်းတွင်မယ့် ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ မွတ်စလင် ရှေ့နေတဦး သတ်ဖြတ်ခံရတဲ့အတွက် ဘာသာရေးပဋိပက္ခတွေ ထပ်မံပေါ်ပေါက်လာနိုင်တာကြောင့် စိုးရိမ်မိတယ်လို့ ဆိုပါတယ်။ အခု လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်သူတွေကို အစိုးရက ထိထိရောက်ရောက် အရေးယူ အပြစ်ပေးခြင်းဖြင့် နောင် အလားတူ လုပ်ကြံမှုမျိုးကို လုံးဝ လက်မခံကြောင်း ပြတ်ပြတ်သားသားသတိပေးဖို့လိုတယ်လို့ ဖေဖေါ်ဝါရီ ၃ ရက်နေ့ထုတ် The New York Times သတင်းစာမှာ ဖေါ်ပြထားပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ကလည်း ဇန္န၀ါရီ ၃၀ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် ခဲ့ရာမှာ ဦးကိုနီလုပ်ကြံခံရမှုအတွက် လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့တစ်ခု ဖွဲစည်းစုံစမ်းပေးဖို့ တောင်းဆိုထားပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ဟာ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာကိစ္စတွေ ဆောင်ရွက်ရာမှာ ဦးကိုနီ နဲ့ လက်တွဲလုပ်ဆောင်ခဲ့တာတွေ ရှိတယ်လို့ဆိုပါတယ်။

“ထင်ရှားတဲ့ရှေ့နေ ဦးကိုနီ ရန်ကုန်မြို့မှာ လုပ်ကြံခံရခြင်းဟာ အလွန်တုံလှုပ်ခြောက်ခြားဖွယ် ဖြစ်ရပ် ဖြစ်ပါတယ်။ ဒါဟာ လုပ်ကြံသတ်ဖြတ်မှုအားလုံးကို ထင်ဟပ်စေတဲ့ ပြယုဂ်လည်းဖြစ်ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ဒီလို အကြမ်းဖက်လုပ်ရပ်မျိုးကို လုံးဝသီးမခံကြောင်းပြသရမှာဖြစ်တယ်။ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှု အမြန်ဆုံးလုပ်ဖို့လည်းလို ပါတယ်။ ပြတ်ပြတ်သားသားအရေးယူအပြစ်ပေးဖို့လည်း လိုပါတယ်”  လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ဒုတိယညွှန်ကြားရေးမှူး Josef Benedict က ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဟောင်ကောင်မှာ ဖေဖေါ်ဝါရီ ၄ ရက်နေ့ ထုတ် South China Morning Post သတင်းစာမှာလည်း ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် မြန်မာနိုင်ငံမှာ လူမျိုး ဘာသာ မတူကွဲပြားသူတွေ အတူယှဉ်တွဲနေထိုင်ရေးကိစ္စနဲ့ တကွ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေကို မထိခိုက်သင့်ကြောင်း ဝေဖန်ရေးသားထားပါတယ်။ ယခင် အာဏာရှင် စစ်အစိုးရ အဝန်းအ၀ိုင်းက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို မလိုလားကြောင်း ဒီ လုပ်ကြံသတ်ဖြတ်မှုက သက်သေပြနေတယ်။ ဒါဟာ မြန်မာပြည်သူတွေကို တပ်လှန့်လှုပ်နှိုးလိုက်တဲ့ အချက်ပေးသံလည်းဖြစ်တယ် လို့ South China Morning Post သတင်းစာက ရေးသားဖေါ်ပြပါတယ်။

ရှေ့နေ ဦးကိုနီ ကို ရန်ကုန်လေဆိပ်မှာ သတ်ဖြတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့လုပ်ကိုင်ဆောင် ရွက်နေပုံ တွေဟာ အင်မတန်အားနည်းပြီး နှေးကွေးနေတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ အမှုမှန်ပေါ်ပေါက်ရေး ကို ထိခိုက်နိုင် တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD နာယက သူရဦးတင်ဦး က ပြစ်တင်ဝေဖန်ခဲ့ကြောင်း လွတ်လပ်တဲ့ အာရှ အသံ သတင်းက ဆိုပါတယ်။ လေဆိပ်လုံခြုံရေး ပျက်ကွက်ခဲ့မှုအတွက် သက်ဆိုင်သူတွေကို ထိရောက်စွာ အရေးယူဖို့ လိုသလို လူထုကိုလည်း သတင်း မှန်တွေ အချိန်နဲ့တပြေးညီထုတ်ပြန်အသိပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေမှာ တာဝန်ရှိတယ်လို့ သူရဦးတင်ဦး ကပြောပါတယ်။

ဦးကိုနီဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေရေးရာ တာဝန်ပေးအပ်မှုတွေကို အကောင် အထည်ဖေါ် လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်နဲ့ တခြားနိုင်ငံတော် အဆင့်မြင့်အရာရှိ တွေ လိုက်ပါတဲ့ အခုနောက်ဆုံး ခရီးစဉ်ဟာလည်း မြန်မာပြည်မှာ လူမျိုးဘာသာပေါင်းစုံ အတူ ယှဉ်တွဲနေထိုင်ရေးအတွက် နိုင်ငံခြားမှာ သွားရောက်လေ့လာတဲ့ ထိပ်တန်းခရီးစဉ်ဖြစ်ကြောင်း RFA ကို သူရဦးတင်ဦး ကပြောကြားခဲ့ပါတယ်။

“သင်တန်းဗျာ အောက်ခြေကစပြီး လွှတ်တော်ကိုယ်စားလှယ်အထိ အပင်ပန်းခံပြီးတော့ ရန်ကုန်မှာ မရှိဘူး သူက ရံဖန်ရံခါ ဒေါ်အောင်ဆန်းစုကြည်ဆီ ဆောင်ရွက်စရာရှိလို့ တိုင်ပင်စရာရှိလို့ခေါ်ရင် သူ့ခဗျာ အဲ့ကိုလည်းပြေးရတယ်၊ နောက် နိုင်ငံတကာနဲ့ ပတ်သက်တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ နားလည်အောင် သိအောင်ပြောဖို့လုပ်ဖို့ဆိုရင်လည်း အစည်းအဝေးတွေမှာ အဖွဲ့နဲ့သွားတယ်၊ အခုလည်းပဲဗျာ အမြင့်ဆုံးအဖွဲ့ပေါ့ဗျာ ဦးဖေမြင့် ခေါင်းဆောင်ပြီးသွားတဲ့ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ တိုင်းပြည်နိုင်ငံအသီးသီးပေါ့ဗျာ နားလည်သဘောပေါက်အောင်သွားကြဖို့ နောက်ပြီး ဟိုမှာလည်းပဲ ဒီကိစ္စနဲ့ပတ်သက်လို့ သူတို့အရင်တုန်းက ဘာသာရေးအရဖြစ်ခဲ့တဲ့နေရာတွေရှိတယ်၊ အဲ့မှာဖြစ်တုန်းက ဖြစ်ပြီးတော့ ကိုင်တွယ်တဲ့နေရာမှာ အေးချမ်းပြီးတော့ နောက်ပိုင်းမှာတယောက်နဲ့တယောက် ယုံယုံကြည်ကြည်နဲ့ ဆက်လက်ပြီးတော့ နှစ်အကြာကြီးနေလာတဲ့ကိစ္စတွေကို လေ့လာဖို့သွားကြတာပဲ” လို့ RFA ကို သူရဦးတင်ဦး က ပြောကြားခဲ့ပါတယ်။

ဒါကြောင့် ဒီ လုပ်ကြံမှုဟာ သာမန်မဟုတ်ဘဲ နိုင်ငံရေးလုပ်ကြံမှုကြီးတစ်ခုဖြစ်ကြောင်း ဖြစ်ရပ်ဖြစ်စဉ်တွေက ဖေါ်ညွှန်းပြသ နေပါတယ်။ အမှုမှန်ဖော်ထုတ်ရေး နဲ့ လုပ်ကြံမှု ကျူးလွန်သူတွေကို နောက်ကွယ်က စီစဉ်ညွှန်ကြားနေတဲ့ အကြမ်းဖက် ဂိုဏ်းအဖွဲ့ကိုပါ ဖမ်းဆီးအရေးယူနိုင်ရေးတာဝန်ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပြည်ထဲရေးဝန်ကြီးဌာန အပေါ် ကျရောက်နေပါ တယ်။ အခု လုပ်ကြံမှု ကျူးလွန်သူတွေကို တရားဥပဒေ ရှေ့မှောက် အရောက် ပို့နိုင်ဖို့ အထူးလိုကြောင်း ပြည်သူလူထုနဲ့ တကွ နိုင်ငံတကာကပါ တောင်းဆိုနေတာ သတိပြုသင့်ပါတယ်။

ဒီအမှုကိစ္စကို တရားနည်းလမ်းတကျ ရိုးသားမှန်ကန်စွာ စစ်ဆေးအရေးယူမှု မပြုနိုင်ခဲ့ရင် ဥပဒေလောသားတို့ ပြောနေကြ တဲ့ “တရားဥပဒေစိုးမိုးရေး လုပ်ကြံခံရပြီ”…လို့ ပြောစမှတ် တွင်ပါလိမ့်မယ်။ ဒါကြောင့် အမျိုး ဘာသာ ပညာဥစ္စာတို့အရ အဆင့်အတန်း ကွာခြား၍ဖြစ်စေ၊ အာဏာရှိသူ တစ်စုံ တစ်ယောက်ရဲ့ကျောထောက်နောက်ခံကြောင့်ဖြစ်စေ၊ တရားဥပဒေ ရှေ့မှောက်မှာ ခွဲခြား ဆက်ဆံမှုလုံးဝ မရှိစေဘဲ တရားစီရင်ပြသဖို့ လိုလာပါပြီ။ ဒါမှသာ ဒီကနေ့ မြန်မာနိုင်ငံမှာ မှီတင်နေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူလူထုအနေနဲ့ အစိုးရအဖွဲ့နဲ့တကွ တရားဥပဒေစိုးမိုးရေးကို ယုံကြည်လက်ခံ လာကြမှာဖြစ်ပါတယ်။ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဌာနတို့အပေါ်လည်း ယုံကြည်လာကြမှာ ဖြစ်ပါတယ်။ ဦးကိုနီလုပ်ကြံမှု မှာ အဂတိလိုက်စားမှုကြောင့် တရားစီရင်မှုမှားယွင်းခဲ့ရင် လက်ရှိအစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့ကိုပါ ထိခိုက်ဖွယ်ရှိပါတယ်။

ဒါကြောင့် အစိုးရနဲ့တကွ ‘နိုင်ငံတော်ရဲ့ခေါင်မိုးနဲ့အုတ်မြစ်’ လို့ဆိုရမယ့် တရားဥပဒေစိုးမိုးရေးကို ကာကွယ်ရေး စောင့်ရှောက် ရေးအတွက်  တာဝန်ရှိ အဖွဲ့အစည်းအားလုံး၊ သြဇာအာဏာရှိသူအားလုံး တစ်စိတ်တစ်ဝမ်းတည်း အားစိုက် ဆောင်ရွက်ပေး ကြရေးကို အရေးကြီးကိစ္စအဖြစ် တောင်းဆိုအပ်ပါတယ်။ လိုရင်းတိုရှင်းပြောရရင်
“တရားဥပဒေစိုးမိုးရေးကို ကာကွယ်ပါ”
“အကြမ်းဖက် လူသတ်ဝါဒကို ချေမှုန်းပါ”  လို့ တိုက်တွန်းလိုကြောင်းပါ …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts