သတင်းဆောင်းပါး

ဖြိုးသီဟချို (Myanmar Now) ● ဦးကိုနီလုပ်ကြံခံရမှုအပြီး ဘာသာနှစ်ခုကြား ပိုမိုစည်းလုံး၊ ညီညွတ်လာ

ဖြိုးသီဟချို (Myanmar Now) ● ဦးကိုနီလုပ်ကြံခံရမှုအပြီး ဘာသာနှစ်ခုကြား ပိုမိုစည်းလုံး၊ ညီညွတ်လာ
(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၁၇

ရန်ကုန် (Myanmar Now) – ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုအပြီးတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်ဘာသာဝင်များ အကြား ပိုမိုစည်းလုံးညီညွတ်မှုကို တွေ့ရခြင်းမှာ အဆိုးထဲမှ အကောင်းဖြစ်သည်ဟု ဘာသာရေးခေါင်းဆောင် အများအပြားက သုံးသပ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီသည် တိုင်းပြည်အတွက် အမှန်တကယ် တန်ဖိုးရှိသူတစ်ဦးဖြစ်ပြီး ၎င်းလုပ်ကြံခံရမှုအတွက် ပြည်သူများတွင် တူညီသည့် ခံစားချက်တို့ ဖြစ်ပေါ်လာသည်ဟု မန္တလေးမြို့ ဝိဇိတာရာမကျောင်း တိုက်ဆရာတော် ဦးစိန္တိကက မိန့်ကြားသည်။

“မသမာတဲ့လူတွေက လုပ်ကြံသတ်ဖြတ်လိုက်တဲ့အပေါ်မှာ အစ္စလမ်ဘာသာဝင်တွေရော၊ ဗုဒ္ဓဘာသာဝင်တွေကရော နှမျော တမ်းတကြတယ်။ အဲဒီအပေါ်မှာအခြေခံပြီး တည်ဆောက်ဖြစ်ပေါ်လာတဲ့ စည်းလုံးညီညွတ်မှုလို့ မြင်ပါတယ်” ဟု ဆရာ တော်က Myanmar Now ကို မိန့်ကြားသည်။

လုပ်ကြံခံရသူ ဦးကိုနီအတွက် အောက်မေ့ဖွယ် ဆုတောင်းခြင်း အစီအစဉ်ကို ဖေဖော်ဝါရီလ ၄ ရက်နေ့က မန္တလေးမြို့တွင် ကျင်းပရာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ အစ္စလမ်ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။

● ဦးကိုနီ ဈာပန
ဇန်နဝါရီလ ၃ဝရက်နေ့က ရှေ့နေဦးကိုနီ၏ ဈာပနအခမ်းအနားကို ရန်ကုန်မြို့တွင် ပြုလုပ်ရာ ထောင်ပေါင်းများစွာသော အစ္စလမ်ဘာသာဝင်များ၊ ဗုဒ္ဓဘာသာဝင်များ ဝမ်းနည်း ပူဆွေးစွာ အတူတကွ တက်ရောက်ခဲ့ကြသည်။

အဖြူရောင် ဝတ်ရုံကို ခေါင်းပေါင်းနှင့်တွဲဖက် ဝတ်ဆင်ထားသည့် အစ္စလမ် တရားဟောဆရာများကို ဈာပနအခမ်းအနားရောက် ဗုဒ္ဓဘာသာ ရဟန်းတချို့နှင့်အတူ တွေ့ရသည့် ပုံရိပ်များလည်း သတင်းမီဒီယာများတွင် ပျံ့နှံ့ခဲ့သည်။

ABSDF တပ်ဖွဲ့တွင် ပါဝင်မှုဖြင့် အကျဉ်းချခံရဖူးသူ အထင်ကရ ပန်းချီဆရာ ထိန်လင်းက ဦးကိုနီ၏ နာရေးသည်

သူမြင်တွေ့ခဲ့ဖူးသည့် အစ္စလမ်ဈာပနများနှင့် မတူဘဲ ထူးခြားနေသည်ဟု ဆိုသည်။

“လူ့အဖွဲ့အစည်းထဲမှာ အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်သွားတဲ့အခါမှာ တူညီတဲ့ စိတ်ခံစားမှုတွေ ဖြစ်သွားတဲ့ အခါမှာ လူမျိုးကွဲတာတို့ ဘာသာကွဲတာတို့ဆိုတာက အပယိကတွေ ဖြစ်သွားတယ်” ပန်းချီထိန်လင်းက ပြောသည်။

“နဂိုရှိထားတဲ့ တန်ဖိုးတွေဟာ မဆုံးရှုံးသေးဘူးဆိုတဲ့ ခံစားချက်မျိုးပေါ့။ ဦးကိုနီ လုပ်ကြံခံလိုက်ရတဲ့အတွက် စိတ်မကောင်း တဲ့ကြားထဲကပဲ ဒီမြင်ကွင်းကို တွေ့ရတော့ ကျေနပ်မိပါတယ်”

● အရှုံးထဲက အမြတ်
၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အခြေခံဥပဒေသစ်ရေးဆွဲ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြောဆိုရေးသားခဲ့သူ ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုသည် မြန်မာ့နိုင်ငံရေးအတွက်သာမကဘဲ အစ္စလမ်ဘာသာ ဝင်များအတွက်လည်း ကြီးမားသည့် ဆုံးရှုံးမှုတစ် ခုဖြစ်သည်။

ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့သူ ၃၇ နှစ် အရွယ် ကိုဇော်မင်းထိုက်က ဦးကိုနီလုပ်ကြံခံရခြင်းကြောင့် အစ္စလာမ်ဘာ သာဝင်တစ်ဦးအနေနှင့် ယူကျုံးမရဖြစ်ရကြောင်း ပြောသည်။

“ကျွန်တော်တို့နိုင်ငံအတွက် ကျွန်တော်တို့ မွတ်စလင်ထုအတွက် အရင့်အရင်ခေတ်တွေတုန်းက ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ရှိခဲ့သလို ကျွန်တော်တို့ခေတ်မှာလည်း ဦးကိုနီ လုပ်ကြံခံရတာဟာ ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ” ဟု ကိုဇော်မင်းထိုက်က ရေဝေးသုဿန် မွတ်စလင် သင်္ချိုင်းတွင် ပြုလုပ်သည့် ဦးကိုနီ၏ ဈာပနအခမ်းအနားတွင် ပြောသည်။

“ဦးကိုနီရဲ့ ဈာပနကို ဗုဒ္ဓဘာသာဝင်တွေအများကြီးလာကြတဲ့အတွက် ဝမ်းသာပါတယ်။ကျွန်တော်တို့ နိုင်ငံမှာ ဘာသာပေါင်း စုံ ဟနေတဲ့ အကွာအဝေးတစ်ခုကနေပြီးတော့ ပြန်စေ့လာပြီး ကျွန်တော်တို့နိုင်ငံ အရင်ထက်ပိုပြီး စည်းစည်းလုံးလုံးနဲ့ တိုး တက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ သူ့ရဲ့ အနစ်နာခံမှု သူ့ရဲ့ပေးဆပ်မှုတွေက အလဟဿတော့ဖြစ်မှာ မဟုတ်ပါဘူး”

အစ္စလမ်သာသနာရေးရာကောင်စီ အတွင်းရေးမှုး ဦးတင်မောင်သန်းက ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်များအကြား ယခင်ကထက်ပိုပြီး နားလည်မှု၊ ချစ်ခင်ရင်းနှီးမှုရလာသည့်အတွက် ဝမ်းသာ ဂုဏ်ယူမိသည်ဟု ဆိုသည်။

“အဆိုးထဲမှ အကောင်းရှိလာတာက ဘာသာနှစ်ခု ဆိုတာထက်ကို ပြည်သူလူထုအားလုံးက ရှေ့ဆက်ပြီးတော့ ဒီလို ချစ်ချစ်ခင်ဆောင်ရွက်သွားမယ်ဆိုရင် ရလဒ်ကောင်းတွေ ရလာနိုင်တယ်ဆိုတဲ့ အချက်ပေါ့။ နောက်တစ်ချက်က ဘယ်လိုစိန်ခေါ်မှုမျိုး ကိုမဆို ပြည်သူလူထုတစ်ရပ်လုံးက ချစ်ချစ်ခင်ခင်နဲ့ ရင်ဆိုင်ကျော်လွှားနိုင်တဲ့ မက်ဆေ့ခ်ျမျိုးကို ဒီအဖြစ်အပျက်ကနေ ပြန်ရ တယ်လို့မြင်ပါတယ်” ဟု ဦးတင်မောင်သန်းက ပြောသည်။

လေဆိပ် ပစ်ခတ်မှုအပြီး လူသတ်ကောင်ကို လိုက်လံ ဖမ်းဆီးစဉ် ပစ်ခတ်ခံရသူ အငှားယာဉ်မောင်း ကိုနေဝင်းအတွက်လည်း ဝမ်းနည်းမိကြောင်းပြောသည်။

သေနတ်သမား ဦးကြည်လင်းကို လေဆိပ်ရှိ အငှားယာဉ်မောင်းသမားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့ သည်။

အမှုတွင် ပါဝင်ပတ်သက်သူဟု ယူဆရသည့် ဦးအောင်ဝင်းဇော်ကိုလည်း လုပ်ကြံမှုအပြီး ၁၂ နာရီအတွင်း ကရင်ပြည်နယ်တွင် ဖမ်းဆီးမိပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts