ရသဆောင်းပါးစုံ ဖြစ်ရပ်များ၊ အမှတ်တရများ

မျိုးဆွေသန်း ● စေ့စပ်ရေးမှ ငြိမ်းချမ်းရေးသို့

မျိုးဆွေသန်း ● စေ့စပ်ရေးမှ ငြိမ်းချမ်းရေးသို့

(မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၁၇

ပိတောက်ပွင့်သစ် မဂ္ဂဇင်း ထုတ်ဝေတဲ့ ကဗျာဆရာ မောင်စိမ်းနီ (ဦးစိမ်းနီ) တမြန်မနေ့ည (၁၁) နာရီက ဆုံးပါးသွားပါတယ်တဲ့။

ချစ်စွာသော တပည့်ဖြစ်သူ ခန့်မင်းထက်ရဲ့ ဖခင်ဖြစ်သူ ဦးစိမ်းနီက သားဖြစ်သူ ကဗျာဆရာ၊ ဒီဖိုင်းဆရာ၊ တော်လှန်ရေးသမား၊ အရက်သမားခန့်မင်းထက်အတွက်ညစာ ထမင်းချိုင့်ကို လမ်းကူးပြီး သွားပို့တာ သားဖြစ်သူ ခန့်မင်းထက်ရဲ့အိမ်ဝင်းတံခါးတွေ လုံအောင်ပိတ်ပေးပြီးမှ နှလုံးရပ်ပြီး သေဆုံးသွားပါတယ်တဲ့၊ အဲဒီတော့မှနှလုံးရောဂါရှိမှန်းလည်း သိကြပါတယ်။

ဦးစိမ်းနီလားလို့ ကျွန်တော့်မေးရင် ပြောနိုင်တာ ၂ ခုရှိပါတယ်၊ ကျွန်တော်ထိုင်တဲ့ လေထန်ကုန်း လက်ဖက်ရည်ဆိုင်မှာ က ဗျာဆရာ၊ စာရေးဆရာအားလုံးကို အယုတ်အလတ်အမြတ်မရွေး လက်ဖက်ရည်ဖိုး သူလာတိုင်းပေးတယ်။ ညနေ သောက်ဖို့ ပေးတယ်၊ နောက် စားစရာမရှိရင် ထမင်းကျွေးတယ်၊ နေစရာမရှိရင် သူ့အိမ်ခေါ်သွားတယ်၊ ကိုအောင်ဘညိုကအစ ကိုနေ ဇော်နိုင်၊ ကိုမြင့်ဦးဦးမြင့်၊ ကိုမြမြင့်မိုရ်အလယ်၊ ဦးအောင်ပွင့်အဆုံး အဲဒီတစ်ခေတ်လုံး ဦးစိမ်းနီပဲ စောင့်ရှောက်နေတာ မြင်ရ တာရယ်၊ စာပေအပေါ် သံယောဇဉ် အလွန်ကြီးပြီး ပိတောက်ပွင့်သစ်မဂ္ဂဇင်းကို ဘယ်လိုခေတ်အခါဖြစ်ပါစေ ဒရွတ်တိုက် ထုတ်နေတာရယ်ပဲ။

တကယ်တော့ ကျွန်တော်က အဲဒီကာလတွေမှာ ဦးစိမ်းနီနဲ့ မပတ်သက်ဖူး၊ ပြောချင်တာက ဦးစိမ်းနီအထောက်အပံ့ ကျွန် တော်ကင်းတယ်ဆိုတာ သိစေချင်တာမဟုတ်ပါဖူး၊ ကိုလေးဖြူ ကန္တာရလမင်း စီးရီထွက်ဖို့လာတယ်၊ ကျွန်တော်နဲ့ လေထန် ကုန်း လက်ဖက်ရည်ဆိုင်ကာလပဲ၊ ကန္တာရလမင်းစီးရီး လူတွေကြားထဲ ပျံ့နှံ့သွားတယ်၊ ဒီတော့လည်း လေးဖြူတို့ မျိုးဆွေ သန်းတို့ ကေအေတီတို့ သူ့လူတွေပဲ၊ သူ့တူသူ့သားတွေပဲ၊ လေးဖြူနာမည်ကြီးသွားလို့ မဟုတ်ဖူး၊ သူ့စိတ်ထဲမယ် သူစောင့် ရှောက်နေတဲ့ လေထန်ကုန်းက ကလေးတွေပဲလို့ ထင်ထားတာပဲ။

ဒါကလုံလောက်ပါတယ် သူ့စိတ်က တကယ်သက်ရောက်နေတာ၊ ဒါ့ကြောင့်လည်း နောင်ကာလရှည်ကြာတွေမှာ ဦးစိမ်းနီ နဲ့တွေ့ရင် သူစောင့်ရှောက်ပေးခဲ့တဲ့သူတစ်ယောက်လို နေပေးခဲ့တာ ကိုယ့်ဖက်က နည်းနေသေးတယ် ထင်မိပါသေးရဲ့ ကျန်တာခဏထား ကိုအောင်ဘညိုကို စောင့်ရှောက်ပေးထားတာ တစ်ခုတည်းနဲ့တင် ကျေးဇူးတင်မဆုံး ဖြစ်ရပါတယ်။

ဟေ့ကောင် မင်းအဆင်ပြေလား တွေ့တိုင်းသူမေးတာ ကိုလေးဖြူ အထိပဲ၊ ဒီနေ့အထိပဲ။

တခါတော့ မင့်ကောင်ကို ငါလွှတ်လိုက်မယ် ဒီဇိုင်းသင်ပေးလိုက်စမ်းပါကွာဆိုပြီး သားဖြစ်သူ ခန့်မင်းထက်ကို လွှတ်လိုက် တာပဲ၊ ခန့်မင်းထက် ကိုယ့်အိမ်ကဆင်းသွားတာ နှစ်များစွာကြာမှ ဦးစိမ်းနီအိမ်ကို တစ်ခေါက် စရောက်တော့ တစ်အိမ်လုံးက မျိုးဆွေသန်းကို သားသမီးအရင်းလိုပြောဆိုနေတာ အံ့သြယူရတယ်ဆိုတာထက်ဘဝမှာ တစ်ခါမှ မတွေ့ဖူးတာပဲ၊ အလွန် အင်မတန် မေတ္တာအားကြီးမားတဲ့ ဦးစိမ်းနီမိသားစုပါလားလို့ စိတ်မှာစွဲစွဲထင်ထင် ဖြစ်ရတယ်။

နောက်ပြီးတော့လည်း စစ်အစိုးရတခေတ်လုံး တော်လှန်ရေးလုပ်နေတာပဲ၊ တအိမ်လုံးကို တော်လှန်နေကြတယ် ပြောရမှာပဲ၊ တရက် ၄၆ လမ်း လက်ဖက်ရည်ဆိုင်မှာ ကျွန်တော်နဲ့ ကိုလေးဖြူထိုင်နေတုန်း ဦးစိမ်းနီ စာရေးဆရာတစ်သိုက်နဲ့ ဝင်လာ တယ်၊တွေ့တာနဲ့ ညက မင့်ကောင်တော့ပါသွားပြီတဲ့၊ ဘယ်ကောင်လည်း ဘယ်ပါသွားတာလည်းပေါ့၊ သူ့သား ကျွန်တော့် တပည့် ခန့်မင်းထက် ကျောင်းသားအရေးတွေလုပ်လို့ ထောက်လှမ်းရေးက လာဖမ်းသွားတာကို ပြောနေတာ၊ ဒါနဲ့ ကျွန်တော် က ခန့်မင်းထက်ပြောလိုက်စမ်းပါဗျာ၊ အပြင်မှာတောင်နေရတာ ကျပ်ရတဲ့အထဲ ထောင်ထဲသွားမနေချင်စမ်းပါနဲ့လို့ ပြောမိပါ တယ်၊ မင်းကလည်းကွာ ဘာဖြစ်လည်း ချစမ်းပါစေကွာတဲ့၊ သားအဖ လိုက်လည်း လိုက်ပါပေ့ပေါ့။

ဦးလေးဖြူက ခန့်မင်းထက်ကို စိတ်ပူပြီး မေးတယ်၊ ဒီကောင် ဘာတွေလုပ်တာလည်း ဟောဗျာ ဘာလုပ်မှန်းမသိပါဘူး၊ သိ စရာ မလိုသလို၊ ပူစရာလည်း မလိုဖူးလေ၊ ဟိုမှာ သူ့အဖေတစ်ယောက်လုံးကတောင် တက်ကြွနေတာ မြင်ဖူးလားဆိုတော့မှ
အေးကွာပြီးတာပဲတဲ့။

မှတ်မိနေတယ် ပန်းဆိုးတန်း စာအုပ်အဟောင်းဆိုင်တန်းမှာ ပန်းချီဆရာမျိုးညွန့်ခေါ် မောင်ဒီနဲ့ စသိပြီး ဆရာဒီက လက်ဖက်ရည်ဆိုင်ထိုင်ရအောင်ဆိုပြီး ခေါ်လာတာလေထန်ကုန်းပဲ၊ အဲဒီနောက် လေထန်ကုန်းလက်ဖက်ရည်ဆိုင်ကို ထိုင်ဖြစ်တာနှစ်နဲ့ ချီကြာတော့တာပဲ။

အဲဒီတစ်ခေတ်လုံး စာပေ၊ ကဗျာ၊ ပန်းချီ၊ သီချင်း၊ ဂီတ အားလုံး လေထန်ကုန်းကနေ ဖြတ်ကြတယ်၊ ကဗျာဆရာ၊ စာရေးဆရာ ပန်းချီဆရာတွေ ဘယ်ပြေလည်ကြမှာတုန်း၊ ဒါပေမယ့်လည်း မဂ္ဂဇင်းတိုက်၊ ကြော်ငြာစာမူ၊ လေထန်ကုန်းမှာပဲ ဆုံရပ်ဆိုတော့ အားလုံး ကိစ္စအဝဝက မင်းမင်းလတ်၊ ခင်ဝမ်း၊ ထူးအိမ်သင်၊ မြသန်းတင့်၊ အထောက်တော်လှအောင်၊ မောင်ချောနွယ်၊ လှသန်း၊ အောင်ဘညို နာရေးပို့ဆောင်ခြင်းအထိ လေထန်ကုန်းကို ကား ၂ စင်းတော့ထိုးပေးရတာပဲ။

ညနေဆို လက်ဖက်ရည်ဖိုး အရက်ဖိုး၊ ကားခလိုကြပြီ၊ ကျွန်တော်က လူ ၂ ယောက် ၃ ယောက်လောက်ပဲ ပေးရတာပါ၊ ဆရာ ဒီ၊ ဦးအောင်ပွင့်၊ အောင်ဘညို၊ နီကိုရဲ ဒီလောက်ပါပဲ။ အစိတ်ရှိရင် ၁၅ ကျပ်ပေးတယ်၊ ၁၅ ကျပ်ရှိရင် ၁၀ ပေးတယ်၊ လေထန် ကုန်း မရောက်ဖြစ်တော့တဲ့ကာလမှာတောင် အဲဒီနားဖြတ်သွားရင်း ဝင်ဝင်ပေးတာကို ဘေးကပါတဲ့သူတွေ နားကိုမလည်နိုင်ဖူးပြောရတဲ့အထိပဲ။

အဲဒီမှာ ညနေ ညနေ ကြားနေကြ အသံတစ်ခုရှိတယ် ဦးစိမ်းနီလာပြီတဲ့။ ဘယ်က ဘယ်လိုရောက်လာတယ် မသိဖူး၊ နောက် ဆုံးအချိန်တွေ့တဲ့ထိ လွယ်ထားသလိုမျိုး လွယ်အိပ်ကိုလွယ်ပြီး ရောက်လာရင် လေထန်ကုန်းက စားပွဲဝိုင်း သုံး လေးငါးဝိုင်း လောက်က လန်းဆန်းသွားတော့တာပဲ၊ အောင်ဘညိုသွားမယ်ဆိုရင် အိုကေသွားတော့ ရပြီ ခေါစာပစ်သွားပြီတဲ့၊ ဆိုလိုတာ က ကိုယ့်ဆီက ၅ ကျပ် တစ်ဆယ်မယူတော့ဘူး၊ ဦးစိမ်းနီရောက်လာပြီး ပိုက်ဆံဝေသွားပြီ၊ ၄၂ လမ်းမှာ သောက်ပြီးစားပြီး ကားခပါကျန်ပြီးဆိုတဲ့သဘော၊ နှစ်ဆယ် အစိတ်လောက်ကို ပိုက်ဆံပါထောင်ပြီးပြတာ အကြိမ်ကြိမ်မြင်ဖူးတာ နှစ်ချီတယ် ဆိုတာ ဆယ်စုနှစ်လာက်ကိုရှိတာ။ ဦးစိမ်းနီလာရင် ကိုယ့်ဘေးက လူတွေပျော်တာက ကိုယ်ပါ ပျော်ရတော့တာပေါ့၊

တကယ်ပဲ စန်တာကလော့ကြီး ရောက်လာသလိုမျိုး ဆန်းတယ် သွေးမတော် သားမစပ်တွေ ဘာအကျိုးကျေးဇူးမှ လိုချင်ခြင်း မပါပဲ စာပေ သံယောဇဉ်သက်သက်နဲ့ မနေ့ညက သေသည်ထိ ဦးစိမ်းနီ ထမ်းသွားတာ အများအတွက်ချည်းပဲ၊ သေတာ တောင် အရက်မူးနေတဲ့သားကို လှမ်းမြင်နေရတဲ့ ဟိုဖက်လမ်း ဒီဖက်လမ်း ထမင်းချိုင့်သွားပို့သေးတာတဲ့။

မျိုးဆွေသန်း ငါ့ ပိတောက်ပွင့်သစ်အတွက် လက်ပတောင်းတောင် ဆောင်းပါးရေးပေးကွာ၊ ဟုတ် အစ်ကို၊ ခန့်မင်းထက် မင့် အဖေ လက်ပတောင်းတောင် ဆောင်းပါးတဲ့။ အိုကေ ဆရာ့ FB Time Line ပေါ်က ကျွန်တော်ယူထည့်လိုက်မယ်၊ ဟေ့ ကောင် ဒီလ ပိတောက်ပွင့်သစ် ချင်းတွင်းမြစ်အထူးကွာ။ အဲဒါ အဖုံးလေးလည်း လုပ်ပေး၊ စာလည်း တစ်ပုဒ်ရေးပေး၊ ဓါတ်ပုံ တွေလည်းပေးဦး၊ ဟုတ် အစ်ကို၊ ခန့်မင်းထက်မင့်အဖေက ချင်းတွင်းမြစ်တဲ့ဟေ့၊ ဟုတ်ဆရာ လာပြီဆိုပြီး ရိုက်ထားသမျှ ချင်းတွင်းမြစ်ဓါတ်ပုံတွေ Folder လိုက် ဆွဲချသွားတာပဲ။

ဒီနားကြတော့ ဦးစိမ်းနီ ပင်ပန်းတာမြင်ရပြီ၊ ဒီခေတ်ဒီအခါ မဂ္ဂဇင်းတစ်စောင်ကို တစ်ယောက်ထဲလုပ်ပြီး ပိတောက်ပွင့်သစ်ကို အမြဲပဲ ပွင့်စေချင်တဲ့သူ၊ စိတ်လည်းရှည်၊ သည်းငြင်းလည်းခံ၊ လူကြီးဆန်ပြီး သူကပဲအားလုံးကို ကူညီစောင့်ရှောက်ချင်သူ၊ ဒီနှစ်ပိုင်းထဲ ကိုယ်နေတဲ့လမ်းထဲက လက်ဖက်ရည်ဆိုင်မှာတွေ့တွေ့နေလို့မေးတော့ ပိတောက်ပွင့်သစ်အတွက် စာမူကိစ္စ၊ ပုံနှိပ်စက်ကိစ္စတွေက ဒီနားမှာတဲ့၊ ဟုတ်ပြီ အစ်ကို ခိုင်းချင်တာရှိရင်လူမတွေ့လည်း ဒီဆိုင်မှာခဲ့ အဖုံးဒီဇိုင်းဓါတ်ပုံတွေက ခန့်မင်းထက်နဲ့ မှာလိုက်ရင်လည်း ရတာပဲ ပြောမိတယ်။

ပြီးခဲ့တဲ့ရက်က ဦးစိမ်းနီနဲ့တွေ့တော့ ငါ့ဒီလအဖုံးက ငြိမ်းချမ်းရေးကွာ၊ အဲဒါလေး မင်းအားရင်လုပ်ပေးစေချင်တာတဲ့။ ရတယ် အစ်ကို ဘာလို့လည်းဆိုတော့ အစ်ကိုကြိုက်မှာလေးရှိတယ်၊ ပန်းချီမောင်ငွေထွန်းရဲ့ ပိုစတာအတွက်ရေးထားတဲ့ ပန်းချီကား လေး ကျွန်တော်ဝယ်ထားတာရှိတယ်။ ဘယ်တော့မှ ကျွန်တော်မမှီတော့မယ့်ဒီဇိုင်းဗျာ။ စေ့စပ်ရေးမှ ငြိမ်းချမ်းရေးသို့တဲ့ အစ်ကိုတို့ခေတ်က နေမှာပါ။ အဲဒါလေးသုံးလိုက် မောင်ငွေထွန်းပန်းချီကားပေါ် အစ်ကို့ ပိတောက်ပွင့်သစ် စာလုံးတင်လိုက်
ယုံပဲ။ ဒီမှာလို့ ပုံပြလိုက်တော့ သူသိတ်ကြိုက်တယ်၊ ဟေ့ကောင်ရာ ငါသုံးချင်တယ်ကွာ။ ဟောဗျာ သုံးစေချင်လို့ ထုတ်ပေးတာပါဆို၊ ငါဘယ်လိုလုပ်ရမလည်းတဲ့၊ တစ်ခါတည်းယူသွား၊ ဘာနဲ့ယူမှာလည်း၊ ဘာနဲ့ယူရမှာလည်း မန်မိုရီစတစ်ပါ လား၊ မန်မိုရီစတစ် အေး ငါသွားဝယ်လိုက်မယ်၊ နေပါအစ်ကိုရယ် ကျွန်တော်သွားယူလိုက်ပါမယ် နေပါ၊ အဲဒါ ဆိပ်ကမ်းသာ လမ်းထဲက မြသဇင် လက်ဖက်ရည်ဆိုင်ထဲကနေ ဦးစိမ်းနီနဲ့ကျွန်တော်နဲ့ အခုပုံလေးကို ပိတောက်ပွင့်သစ်မဂ္ဂဇင်း အဖုံးလုပ်ပြီး ထည့်ပေးလိုက်ဖို့ မန်မိုရီစတစ်အရှာထွက်လိုက်ကြတာ ပြန်မဆုံတော့ဘူး။

မြသဇင်ကို ကျွန်တော်ပြန်လာတော့ ဦးစိမ်းနီ ပြန်မရောက်သေးဘူး၊ ဦးစိမ်းနီ ပြန်ရောက်လာတော့ ကျွန်တော်ထွက်သွားပြီ တစ်လှည့်စီ အပြန်အလှန်ရှာနေရင်း ကျွန်တော် ပုဂံရောက်သွားတော့တယ်။

မနေ့က ဦးစိမ်းနီဆုံးတယ်ကြားလို့ ခန့်မင်းထက်ဆီဖုန်းဆက်တယ်၊ သူ့မဂ္ဂဇင်းရော ဘယ်နားရောက်နေလည်းဆိုတော့ နောက်ဆုံးစာအုပ်ပြီးသွားတယ်၊ ဒီနေ့ ဖြန့်မှာတဲ့စာအုပ်လည်း သူမြင်သွားရတယ်တဲ့၊ အော် အဖုံးက ဘာတဲ့လည်းဟ။

ငြိမ်းချမ်းရေးတဲ့။

ငါ့နှယ် ပန်းချီကားလေး ခေါင်းထဲ ထည့်ပေးလိုက်ချင်တယ်ဆိုတာ ပထမဦးဆုံး စိတ်မှာ ပေါ်မိတာပဲ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts