ခေတ်ပြိုင်အတွေ့အကြုံ မောင်မောင်စိုး

မောင်မောင်စိုး – နှင်းဆီနီနီ အိပ်မက်များအတွက် အမှာ


မောင်မောင်စိုး – နှင်းဆီနီနီ အိပ်မက်များအတွက် အမှာ
(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၇

၂၀၁၆ ခုနှစ်အတွင်း မိမိသည် အင်တာနက်လူမှု ကွန်ယက် စာမျက်နှာများတွင် ” လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ ” ရေးဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရွှေနဒီစာပေမှ စာအုပ်အဖြစ်လည်း ထုတ်ဝေခဲ့ပြီးဖြစ်သည်။

ထိုစာအုပ်ပါ အကြောင်းအရာများသည် မိမိဘဝအစိတ်အပိုင်းလည်း ဖြစ်ပါသည်။ ထို့အတု မိမိဖြတ်သန်းလာခဲ့သော သမိုင်းခေတ်ကာလ၏ နိုင်ငံရေးနောက်ခံအခြေအနေအောက်တွင် မိမိနှင့် မိမိသူငယ်ချင်းများ မိတ်ဆွေများ ရဲဘော်များ မိမိထိတွေ့ခဲ့ရသူများ၏ လှု ပ်ရှားရုန်းကန်ခဲ့မှု နှင့် သူတို့၏ အမြင်အယူအဆများကို ရသပုံစံဖြင့် ကြိုးစားအားထုတ်ပြီး တင်ပြ ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ ” လွမ်းရစ်ဝေသော နေ့များညများဘဝပေါင်းများစွာ ” တွင် အထူးသဖြင့် ၁၉၆၂ ခုနှစ်မှ ၁၉၇၅ ဇွန်လအထိ အချိန်အပိုင်းအခြားကာလအား ရေးသားဖေါ်ပြခဲ့ပါသည်။ ယခုဆက်လက်ရေးသားဖေါ်ပြသည့် ” နှင်းဆီနီနီ အိပ်မက်များ ” သည် ၁၉၇၅ ခုနှစ်နှောင်းပိုင်းကာလများကို ဆက်လက်ရေးသားဖေါ်ပြခြင်း ဖြစ်ပါသည်။ ဆက်လက်ရေးသားခြင်းဖြစ်သော်လည်း  ” လွမ်းရစ်ဝေသော ” ဒုတိယပိုင်းဖြစ်မလာဘဲ ” နှင်းဆီနီနီ အိပ်မက်များ ” ဟူ၍ ခေါင်းစည်း ပြောင်းသွားရခြင်းမှာ မိမိအား လွှမ်းမိုးနေသည့် စာရေးဆရာနှင့် သူ၏စာအုပ်များကြောင့်ဖြစ်ပါသည်။

အမျိုးသားစာပေ ( ဘာသာပြန် ) ဆု ၅ ကြိမ်ရရှိခဲ့သော စာရေးဆရာကြီး ဆရာဦးတင်မောင်မြင့်သည် မိမိထက် အသက် ၂၀ ခန့်ကြီးသော်လည်း မိမိနှင့်ရင်းနှီးသော မိတ်ဆွေဖြစ်ပါသည်။ ထို့ပြင် သူ၏ ဘာသာပြန်စာအုပ်များကိုလည်း မိမိနှစ်သက်ခဲ့ပါသည်။ ဆရာဦးတင်မောင်မြင့်၏ ဘာသာပြန် လက်ရာများစွာထဲမှ အမေရိကန်တောင်ပိုင်းဝတ္ထု ရှည်ကြီးဖြစ်သည့် စာရေးဆရာမ ဂွမ်ဘရစ်စတို ( Gwan Bristow ) ရေးသားသည့် ” နွေကန္တာဦး ” ( Deep summer ) ” မြကတ္တီပါလမ်း” ( Handsome Road ) ” မဟာရံတံတိုင်းကိုကျော်ခြင်း ” ( This side of Glory ) တို့သည် မိမိစွဲမက်ခဲ့သည့် စာအုပ်များ ဖြစ်ပါသည်။

အဆိုပါ နံမည် ၃ ခုနှင့်စာအုပ်များသည် တကယ်တော့ တအုပ်တည်း ဟုလည်းဆို၍ရပါသည်။ အမေရိကန်တောင်ပိုင်း၌ အခြေချ ခဲ့သည့် မိသားစု တစု၏မျိုးဆက် ၃ ဆက်အကြောင်းအား မျိုးဆက်တခုစီအား စာအုပ်တအုပ် စီအဖြစ် ရေးသားဖန်တီးထားခဲ့ခြင်းဖြစ်သည်။

မိမိကတော့ မျိုးဆက် ၃ ဆက်အကြောင်းရေးဖွဲ့ခြင်းတော့မဟုတ်ပါ။ မတူညီသော အချိန်ကာလအပိုင်းအခြားနှင့် ထိုကာလအပိုင်းအခြားအလိုက် ဖြတ်သန်းခဲ့သည့် အခြေအနေများ လူပုဂ္ဂို လ်များ အဖြစ်အပျက် အတွေ့အကြုံများအား ရေးဖွဲ့ခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ မိမိသည်လည်း မိမိနှစ်သက်ခဲ့သော ဝတ္ထု ရှည်အား တုပ၍ အချိန်ကာလအပိုင်းအခြားအလိုက် စာအုပ်အား အမည်ပေးရန်စိတ်ကူးခဲ့ခြင်းဖြစ်ပါသည်။ ထို့အတူ တပိုင်းနှင့်တပိုင်းလည်း မတူညီသော အခြေအနေပတ်ဝန်းကျင်နှင့် အခြေအနေများရှိနေခြင်းကြောင့်
လည်းဖြစ်ပါသည်။

သို့ဖြစ်ရာ ” လွမ်းရစ်ဝေသော နေ့များညများ ဘဝပေါင်းများစွာ”  အဆက်ဖြစ်သည့် အရှေ့မြောက်တောင်တန်းများပေါ်မှ ” နှင်းဆီနီနီ အိပ်မက်များ” အားဆက်လက်ဖေါ်ပြလိုက်ရပါသည်။

မောင်မောင်စိုး ( Mg Mg Soe )

မှတ်ချက် ။ ။ ” နှင်းဆီနီနီအိပ်မက်များ” အခန်း ၁ အား 2/2/2017 မှ 9/2/2017 ထိ နေ့စဉ် အပိုင်း ၈ ပိုင်းခွဲ၍ နေ့စဉ်ဖေါ်ပြသွားပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts