လူများ၊ ရုပ်ပုံလွှာများ သားကြီးမောင်ဇေယျ

သားကြီးမောင်ဇေယျ – မဟူရာကောင်းကင် ပေါ်က မျက်ရည်စက်များ

ပန်းချီ သန်းဌေးမောင်


သားကြီးမောင်ဇေယျ – မဟူရာကောင်းကင် ပေါ်က မျက်ရည်စက်များ
(မိုးမခ) ဇန်န၀ါရီ ၃၁၊ ၂၀၁၇

(29-01-2017)

တနင်္ဂနွေနေ့မို့ ကျွန်တော်တို့ DVB ရုံးမှာ လူနည်းနေပါတယ်။ အောင်မင်္ဂလာ ရုံးက နေ မြို့ထဲ ဗိုလ်ကလေး ဈေးနားက ရုံးကို အတော်များများပြောင်းကုန်ကြပြီ။ ဒီနေ့ဟာတနင်္ဂနွေနေ့လည်းဖြစ် ၊ ဒီရက်ပိုင်း အတွင်း ရုံးအပြောင်းအရွှေ့တွေနဲ့ မို့ အောင်မင်္ဂလာရုံးမှာ ခါတိုင်းထက် လူပိုနည်းနေပါတယ်။

မနက်ပိုင်းက ၇၄ – ၇၆ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်း ကိုကျော်ဝင်းဆုံးတဲ့ သတင်းတွေ လူမှုကွန်ယက် စာမျက်နှာပေါ်တက်လာတယ်။ သူငယ်ချင်းတွေ ရဲ့ ၀မ်းနည်း ကြေကွဲသံတွေ စိမ့်ထွက်လာတယ်။

၁၉၇၆ ခုနှစ် အင်းစိန်ထောင် ၃ ဆောင် ပုံစံကိုင်အပြီး သွေးစွန်းနေတဲ့ သူ့အကျီင်္ ကိုခိုးပြရင်း ‘ငါဘယ်တော့မှ မမေ့ဘူး’ လို့ ထောင်ဝါဒါတွေ အလစ်မှာ လာပြောပါတယ်။ေ၀၀ါးနေတဲ့ ကျွန်တော့်မျက်စိထဲမှာတော့ ခေါင်းမှာ ပတ်တီးစီးထားတဲ့ သူမျက်နှာ ဖြူဖြူမို့မို့ ။

ကျွန်တော် ကိုကျော်ဝင်း အကြောင်းတွေးနေတုန်းမှာပဲ ရုံးအပေါ်ထပ်မှာ ဆူညံ ဆူညံ အသံတွေ ကြားရပါတယ်။ ကိုဇေကို ဖုန်းပြောနေတဲ့ အသံပါ။

‘လေယာဉ်ကွင်းမှာ အလုပ်ကြံခံရတယ်၊ ဖေ့ဘွတ်ပေါ်မှာတက်နေတယ် ကြားလား ကြားလား’

ရုံးမှာက ဖုန်းလိုင်းကောင်းကောင်းမမိ။

သတင်းအင်ချပ် မခင်မင်းဇော် အသံကလည်း အပေါ်ထပ်က အောက်ထပ်ကို ပြေးဆင်းလာပါတယ်။

‘ဘယ်သူတွေရှိတုန်း၊ ဘယ်သူတွေရှိသေးလဲ’

အောက်ထပ်မှာ ဘယ်သူမှ မရှိ။ သတင်းထောက်တွေ အားလုံး သတင်းတင်ပြီးမို့ ပြန်ကုန်ကြပြီ။

‘ဒါဆို မအိမ ကို လှမ်းချိတ်လိုက်မယ်’

သူ့ဖါသာသူ အဆိုပြု။ သူဖါသာသူထောက်ခံ။ သူ့ဖါသာသူဆုံးဖြတ်။ သူ့ဖါသာသူ  ပြောပြောဆိုဆိုနဲ့ သတင်းထောက် မအိမ ကို ဖုန်းလှန်းဆက်တယ်။ နောက် မင်္ဂလာဒုံလေဆိပ်ကိုအမြန်ဆုံးသွားဖို့ လှန်းပြောပါတယ်။

ကျွန်တော်က ဘာဖြစ်တာလဲ အမ ရေ လို့ မခင်မင်းဇော်ကို မေးလိုက်တော့ ‘ ဦးကိုနီ လေဆိပ်မှာ သေနတ် အပစ်ခံရလို့’ တဲ့။

ဒုက္ခပါပဲ။ လူထု အများစု လိုလားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်းရေး မှာ အရေးပါတဲ့ လူတစ်ယောက် လုပ်ကြံခံရတာမို့ ရင်ထဲ ငလျှင်လူပ်သလို တုန်လှုပ်မိပါတယ်။

သေမလား ရှင်မလား။ ဘယ်ဆေးရုံကို ခေါ်သွားလည်း။ သူ့မိသားစုတွေ ရော သိပြီးပြီလား။ လုပ်ကြံသူကို မိပြီလား။ အသေမိတာလား၊ အရှင်မိတာလား။ ဘယ်သူက ခိုင်းလို့ လုပ်တာလဲ။ ခေါင်းးထဲ မှာ အတွေးတွေ ဆက်တိုက်ဝင်လာမိပါတယ်။

အိမ်အပြန်ရောက်လို့ မြန်မာ့ ရုပ်မြင်သံကြားဖွင့်လိုက်တော့ ဦးကိုနီ အလုပ်ကြံခံရတဲ့အကြောင်း နဲ့ လုပ်ကြံသူရဲ့ ပစ်ခတ်မှုကြောင့် အငှားယာဉ်မောင်း တစ်ဦး ဆီးအိမ်နားမှာ ဒဏ်ရာ ရသွားတဲ့အကြောင်း အထူးသတင်း လွှင့်နေပါပြီ။ DVB ကလည်း အောက်ခြေ စာတန်းထိုးပြီး ပြီး ဦးကိုနီ အလုပ်ကြံခံရလို့ သေဆုံးကြောင်း အတည်ပြု သတင်း ဖေါ်ပြနေပါပြီ။

ကျွန်တော် ထမင်းမစားနိုင်သေးပါ။ ဖေ့စ် ဘွတ် ကို ဖွင့်လိုက်ပါတယ်။ ဖေ့စ် ဘွတ်ပေါ်မှာ တောက်ခေါက်သံ၊ ငိုရှိုက်သံ၊ တွေ အန် ထွက်နေပါပြီ။

ဖေ့စ်ဘွတ်ပေါ်မှာ ဦးကိုနီရဲ့အသက် ၈၀ ကျော် မိခင်ပုံ။ မျက်ရည်မဆည်နိုင်တဲ့ မိခင်တစ်ယောက်ရဲ့ရုပ်ပုံလွာ ။ ဆရာမ ခင်သူသူဝင်းရဲ့ကဗျာကလေးနဲ့အတူ။

မျက်ရည်ကြွေး
မိခင်တယောက်ပဲလေ
အမေငိုမှာပေါ့။
လူဆိုးလူမိုက် လူ့အန္တတယောက်ရဲ့
အမေဆိုရင်တောင် သားအတွက်
မျက်ရည်ကျမှာပဲဟာ။
နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်တဲ့
သားတယောက်ရဲ့အမေပဲ သူ့သား
အတွက် ဒီအမေငိုမှာပေါ့ . . . . .

. . . . . . . .

. . . . . .

အထက်ဗမာပြည်ကရှေ့နေဦးသိန်းသန်းဦး က သူ့ဖေ့ဘွတ်မှာ

‘လက်နက်မဲ့ဥပဒေပညာရှင်တဦးအားလက်နက်ဖြင့်အကြမ်းဖက်သတ်ဖြတ်လိုက်ခြင်းသည် သူရဲဘောကြောင်သည့်လုပ်ရပ်ဖြစ်သည့်အပြင် တရားဥပဒေစိုးမိုးမှုအားလုပ်ကြံသတ်ဖြတ်လိုက်ခြင်း လည်းဖြစ်ပါသည်’

လို့ သောင်းထိုက်ကကြားစေဖို့ တိုင်တည်ခဲ့ပါတယ်။

 

ဆက်တိုက်ဆိုသလိုပါပဲ ဦးကိုနီကို နောက်ဖက်ကနေ သေနတ်နဲ့တေ့ပစ် နေတဲ့ ပုံတစ်ပုံ သတင်းထောက် အချင်းချင်းမျှဝေ လိုက်တာ တွေ့ရပါတယ်။ မရှေးအနှောင်းပါပဲ တရားစောင့်နတ်သမီးကို နောက်ဖက်က သေနတ်နဲ့ ပစ်နေပုံတက်လာပါတယ်။ ထိမိတဲ့ကာတွန်းတပုဒ်ပါ။

အဲဒီပုံတွေနဲ့ အပြိုင်တက်လာတဲ့ ပုံတွေကတော့ လူသတ်သမားကို ဖမ်ဖို့ ကြိုးစားရင်းသေနတ် ဒဏ်ရာနဲ့ ကွယ်လွန်သွားတဲ့အငှားယာဉ်မောင်း ကိုနေ၀င်းပုံပါ။ ထောင်ထောင်မောင်းမောင်း ခန့်ခန့်ညားညား ။ YBS အကျီ င်္လက်တို ကိုသူ့လက်ရှည် အကျီင်္ပေါ်မှာ ထပ်ဝတ်ထားပါတယ်။ လုံခြည်က အပြာကွက် စိပ်စိပ်၊ အညိုရောင်သူ့ကားဘေးမှာ ရပ်လို့ ။ သူ့အကြောင်း ဂုဏ်ပြုပြောဆိုရေးသားတာတွေ ဆက်တိုက်တက်လာပါတယ်။

လက်မရွံ့သေနတ်သမားကို မကြောက်မလန့်ပဲ ခဲနဲ့ ၀ိုင်းပေါက် ဖမ်းခဲ့တဲ့ အငှားယာဉ်မောင်းတွေ အပါအ၀င် ပြည်သူတွေရဲ့ သတ္တိ ပို ချီးမွမ်း ရေးသားကြသလို လုံခြုံရေးတာဝန် မကျေ လို့ ဆိုပြီး ပြည်ထဲရေး ကို အပြစ်တင်သံတွေ ဆူညံနေပါတယ်။

Khin Lunn ရဲ့ ဖေ့စ်ဘွတ်မှာတော့  …

ပူပူနွေးနွေးလူသတ်ထားတဲ့သေနတ်သမားကို ရရာနဲ့ပြန်ချ အမိအရဖမ်းဖို့ကြိုးစားရင်းအသက်ပေးဆပ်လိုက်ရတဲ့ အငှားယာဉ်မာင်း ကိုနေဝင်းရဲ့ကျန်ရစ်သူ မိသားစု (၄၅ ရက်သားကလေးငယ်လေးနဲ့ လူမမယ်လေး ၂ဦး၊ ကိုနေဝင်းရဲ့ဇနီးသည်) ဝိုင်းဝန်း ကူညီနေကြတဲ့သတင်းတွေ ကြားနေရ ဖတ်နေရပါတယ် အင်မတန်ကောင်းပါတယ်။ လိုရမယ်ရ ကျနော် ဒီလိုလေးလဲ တွေးမိတာကို တနေရာမှာ ခုလိုရေးထားပါတယ်။ အဲဒါက…
” ကျန်ရစ်သူမိသားစုမှာ အားကိုးအားထားပြုစရာ လူမရှိရင် ငွေသားတွေသက်သက် အများကြီး မကူညီသင့်ပါ။ (ဘဏ် ..စသည် စဉ်းစားပါရန်) လုံခြုံစိတ်ချရမှု ရှိမရှိ ဆန်းစစ်ပြီးမှ ကူကြပါ။ ကလေးပေါက်စလေးရဲ့မိခင်တဦးလဲဖြစ် လူမမယ်လေးတွေရဲ့မိခင်လဲဖြစ်သူကို စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတွေလုပ်ပေးကြဖို့ အထူးလိုအပ်လှပါတယ် …အဲဒါတခုကိုလဲ အလေးထားကူညီကြပါ။

လို့ရေးသားထားပါတယ်။

Tin Maung Htwe ရဲ့ဖေ့ဘွတ်မှာ တော့

ဦကိုနီ သို့မဟုက် မြန်မာပြည်ရဲ့ ဒုတိယ ဦးရာဇတ် ကောင်းသောဘုံဘဝဘုံဌာနသို့ရောက်ရှိပါစေကြောင်းမိသားစုနဲ့ထပ်တူဆုတောင်းပေလိုက်ပါတယ်။

လို့ဆုတောင်းထားပါတယ်။

ကျွန်တော် ဖေ့ဘွတ်ကို ဖတ်ရင်း သက်ပြင်းချမိပါတယ်။

ဦးကိုနီ အလုပ်ကြံခံရလို့ လူအတော်များများ တုန်လှုပ်သွားကြတယ်။

အချို့က သူတို့စာမျက်နှာပေါ်မှာ အနက်ရောင်ခြယ်လိုက်ကြတယ်။

နောက်ဆက်တွဲ ဒေါ်အောင်ဆန်းစုကြည် အလုပ်ကြံခံရမှာ ကိုစိုးရိမ်လာကြတယ်။

လုံခြုံရေးတာဝန်ယူသူတွေကို အပြစ်မြင်ကြတယ်။

အဲဒါနဲ့ တဆက်တည်း ပြည်ထဲရေးကို အပြစ်မြင်ကြပြန်တယ်။

ယိုင်နဲ့နေတဲ့ တရားဥပဒေ ကို သတိပြုမိကြတယ်။

ဒီထက်ပို တွေးသူတွေ ၂၀၀၈ အခြေခံဥပဒေရဲ့ အားနည်းချက်တွေ ကိုတွေးမိကြတယ်။

ဘာသာရေးနဲ့ လူမျိုးရေး ရှုထောင့်က သုံးသပ်သူတွေက အစွန်းရောက် ဘာသာရေး လူမျိုးရေးသမားတွေကို လက်ညိုးထိုးကြတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေက ဖဲကြိုးနက်ကို ရင်ဘတ်မှာ ချိတ်လိုက်ကြတယ်။

မိခင်တွေက အမေအိုရဲ့ မျက်ရည်တွေကို ရင်နဲ့ အမျှ ခံစားမိကြတယ်။

လူမှုရေးအားသန်သူတွေက လူသားတစ်ယောက်အနေနဲ့ တာဝန်ကျေတဲ့ အငှားယာဉ်မောင်း ရဲ့ ကျန်ရစ်သူ မိသားစုတွေ ရဲ့ သောက ကို အတတ်နိုင်ဆုံး ငြိမ်းအေးအောင်လုပ်ကြတယ်။

အကြင်နာ မဲ့သူတွေ က သတင်းမှားတွေ တခုပြီးတခု အစီစဉ်ရှိရှိ ကွန်ယက်ဖြန့်နေကြတယ်။

အမှန်ကိုပြောချင်သူတွေက လူမှုစာမျက်နှာပေါ်ကနေ သူတို့ရင်ကို ဖွင့်ပြလိုက်ကြတယ်။

သတင်းသမားတွေက သတင်းတွေ မှန်ဖို့ ၊ မြန်ဖို့၊ သမာသမတ်ကျဖို့ အင်တာဗျူးတွေ လုပ်ရင်း ကင်မရာကွယ်ပြီး မျက်ရည်တွေ သုတ်နေကြတယ်။

သားကြီးမောင်ဇေယျ (၃၀-၁-၂၀၁၇)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts