သာဂိ လောကဓာတ်ခန်း

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud သင်ကြားခြင်း (၁)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud သင်ကြားခြင်း (၁)
(Cloud Computing Basics with Google App and Facebook)
(မိုးမခ) ဇန်န၀ါရီ ၂၅၊ ၂၀၁၇

နိဒါန်း
ကျနော်လေ့လာခဲ့တဲ့ ရန်ကုန်က ကွန်ပျူတာသင်တန်းတွေမှာ ပီစီတလုံး၊ အဲသည်ထဲမှာ အော့ဖစ်ဆော့ဝဲထည့်ထား၊ အဲသည်ကနေ ၀ဒ်၊ အိတ်ဆဲ၊ ပါဝါပွိုင့်တွေ သင်ကြပါတယ်။ ကျောင်းသားတွေက ကွန်ပျူတာမှာ ထိုင်ပြီး သင်၊ ပရင့်အောက် ထုတ်၊ ဆော့ဝဲရဲ့ အလုပ်လုပ်ပုံတွေကို သင်ကြားကြတယ်။ ဘေစစ် ကွန်ပျူတင်း တတ်ပြီးဆိုရင် လက်မှတ်ထုတ်ပြီး အခြေခံရုံးအလုပ်တွေ ရှာကြတယ်။ အလုပ်ဝင်ကြတယ်။ စာစီ စာရိုက်၊ စာရင်းတွက်၊ ပရီဇင့်တေးရှင်းလုပ်တာတော့ အလုပ်ဖြစ်ကြတယ်။ ဒါပေမယ့် နက်ဝပ် (ကွန်ယက်) ချိတ်ထားတဲ့ အလုပ်ဝန်းကျင်၊ ဒီထက်တဆင့်တက်ရရင် အွန်လိုင်း အင်တာနက်ချိတ်ထားတဲ့ အလုပ်မှာ ဆိုရင်တော့ ခုနင်က ဘေ့စစ်ကွန်ပျူတင်းတို့ အော့ဖစ်အက်ပလီကေးရှင်းတို့က ခေတ်နောက်ကျန်ခဲ့ပြီ ဆိုကြပါစို့။

နောက်တခုက နည်းပညာကို အော့ဖစ်အလုပ်ဝန်းကျင်နဲ့ မိမိတကိုယ်ရည်သုံးစွဲပုံကလည်း ပြတ်တောက်နေတယ်။ ဂက်ပ် ဖြစ်နေတယ် ဆိုကြပါစို့။ ကလေးတွေ အားလုံးမှာ ဖုန်းတွေနဲ့၊ ဖေ့စ်ဘွတ်အကောင့်နဲ့ ပြီးရင် ကိုယ်ပိုင်အီးမေး (ဂျီမေး) တွေနဲ့ ဖြစ်နေပြီ။ သူတို့ တကိုယ်ရည် နည်းပညာသုံးစွဲမှုက မိုဘိုင်းအက်ပလီကေးရှင်းထဲမှာ အတော်ထဲထဲဝင်ဝင်ဖြစ်ပါပြီ။ ဇော်ဂျီကီးဘုတ်နဲ့ မက်ဆင်ဂျာနဲ့ ချက်ဘောက်စ်နဲ့ ဗိုင်ဗာတွေ၊ ဂျီတော့ခ်တွေနဲ့ သူတို့ တကိုယ်ရည်ဝန်းကျင်မှာ အတော် သုံးစွဲနေကြတယ်။

သည်တော့ ကွန်ပျူတာဘေးစစ်သင်တန်းတွေကနေ ဒါတွေ သိတာသင်တာ မဟုတ်ဘဲ သူတို့ဘာသာ သူတို့ လေ့လာသင်ကြားကြတာ ဖြစ်ပါတယ်။ အတော်လည်း တတ်ကြ၊ သိကြပါတယ်။ ကွန်ပျူတာ ဘေးစစ်သင်တန်းတွေက လက်ရှိနည်းပညာခြေလှမ်းတွေနဲ့ အမှီ ကလေးတွေကို ကွန်ပျူတာသင်တဲ့ သင်ရိုးအသစ်တခု ထုတ်ပြီး သင်ပေးရင် ပိုပြီး မသင့်တော်ဘူးလား။ ဒါကို စဉ်းစားမိပါတယ်။

ခေတ်ပေါ်နည်းပညာ အသုံးချ
အခုချိန်မှာ word, excel, powerpoint ဆိုတဲ့ office application တွေက cloud ထဲ ရောက်ကုန်ပါပြီ။ ဆော့ဝဲတွေကို အက်ပလီကေးရှင်းလို့ ပြောင်းခေါ်ကြတယ်။ office software ဆိုတာထက် office application။ ပြီးတော့ ဆော့ဝဲဆိုရင် ပီစီထဲ အက်ပဲထဲ (ကွန်ပျူတာထဲ) ထည့်နေရဦးမယ်။ application ဆိုတာက အင်တာနက်ထဲမှာ cloud ထဲမှာ ရှိနေတာ ဆိုတော့ အွန်လိုင်းရှိတဲ့ ပီစီ၊ အက်ပဲ၊ မိုဘိုင်းဖုန်း ဘယ်ပစ္စည်းထဲကနေမဆို ချိတ်ဆက်ပြီး သုံးလို့ ရနေပြီကိုး။

ဆိုတော့ application က အွန်လိုင်းထဲ cloud ထဲမှာ ထိုင်နေတယ်။ ကိုယ်က ရှိတဲ့ device (ပစ္စည်း) နဲ့ ချိတ်ဆက်ပြီး သုံးတယ်။ ကိုယ့် ဖိုင်တွေ ဒေတာတွေကိုလည်း cloud ထဲမှာ သိမ်းထားလိုက်တယ်။ ကွန်ပျူတာကို သိပ်အားမကိုးတော့ဘူး။ အားကိုးရင်လည်း ကွန်ပျူတာနဲ့ အင်တာနက်နဲ့ ရှိရင်ရပြီ။ ဆော့ဝဲတွေ ဒေါင်းပြီး ထည့်ရတာ၊ ဒေတာတွေ ဆေ့ဖ်လုပ်ရတာ သိပ်မရှိတော့ဘူး ဆိုကြပါစို့။

နောက်တခုက email ကလည်း office application ထဲမှာ မရှိမဖြစ်ပါလာတယ်။ ဖေ့စ်ဘွတ်လိုပဲပေါ့။ မိတ်ဆွေတွေ၊ အချိတ်အဆက်တွေကို အီးမေး လိပ်စာစာအုပ်ထဲမှာ သိမ်းထားတယ်။ ဒါကလည်း ကလောက် (cloud) ထဲမှာ။ သူတို့နဲ့ ပြောဆို ဆွေးနွေး စာပေးစာယူတွေကလည်း အီးမေး မက်စိတွေထဲမှာ အပြန်အလှန်သိမ်းထားတာပဲ။ ပြီးတော့ ဖိုင်တွေ တွဲထားတာ၊ ဓာတ်ပုံတွေ တွဲသိမ်းတာတွေကလည်း အဲသည် အီးမေးထဲမှာပဲ ရှိနေတာ များတယ်။ သည်တော့ တကိုယ်ရည်အလုပ်ပဲဖြစ်ဖြစ် တကယ့်အလုပ်ပဲ ဖြစ်ဖြစ် အီးမေးတွေနဲ့ ချိတ်ဆက်ပြီး လုပ်နေကြရတာ။ ဒါတွေအားလုံးက အွန်လိုင်းမှာ သိမ်းထားတာ၊ ကလောက်ဒ် ထဲမှာ ရှိနေတာတွေချည်း ဖြစ်နေပြီ။ အလုပ်လုပ်တဲ့အခါကျတော့လည်း အလုပ်အီးမေးနဲ့ လုပ်ရတာလေ။ ပြီးတော့ အလုပ်ကို အချိန်ဇယားဆွဲတာတို့၊ ချိန်းဆိုတာတို့၊ ပြင်ဆင်တာတို့ကလည်း အွန်လိုင်းကလင်ဒါ calendar တွေထဲမှာ ထည့်ပြီး လုပ်ကြရတာဆိုတော့ သူကလည်း ကလော့က်ဒ်ထဲမှာပဲ ရှိနေတာ။

ကွန်ပျူတာအသုံးချ အခြေခံသင်တန်းအသစ်
ဒါကြောင့် ကျနော်ပြောတာကတော့ မိုက်ခရိုဆော့ အော့ဖစ်ကို ကွန်ပျူတာတွေထဲမှာ ဆော့ဝဲတွေ ထည့်ပြီး သင်နေမယ့်အစား၊ အများသူငှာ အခမဲ့ သုံးစွဲနေကြတဲ့ Google Application ထဲမှာ ပေးထားတဲ့ gmail, calendar, google drives, google photo, google docs, sheets, slides တွေပဲ သုံးပြီး ကလေးတွေကို သင်ပေးလိုက်ပါလားလို့ပေါ့။

သင်တန်းက ကွန်ပျူတာမှာ ဘရောက်ဇာတခု ပါရင် ရပါပြီ။ ဂူးဂဲဒရိုက်ကို ချိတ်ဆက်လို့ရတဲ့ client application အင်စတောလုပ်ထားရင် ရပြီ။ သင်တန်းသားတွေမှာ ဂျီမေးအကောင့်ရှိနေရင် ပြီးပါပြီ။ သူတို့ ဖိုင်တွေ ပါစင်နယ်တွေကလည်း သူတို့ လော့အောက် (logout) လုပ်ပြီး ထွက်သွားရင် ကိုယ့်စက်ထဲ မကျန်ရစ်ပါဘူး။ သူတို့ သွားလေရာမှာ cloud ကနေ ပြန်ချိတ်ယူကြရုံပါပဲ။ သင်တန်းကတော့ အင်တာနက်ချိတ်ဖို့ ကုန်ကျစာရိတ် ရှိပါတယ်။ သိပ်တော့ ပြသနာမရှိပါဘူး။ ရုံးသုံး အိမ်သုံး အင်တာနက်လိုင်းတခု ချိတ်။ ပြီးရင် ကိုယ့်ကွန်ပျူတာတွေမှာ wifi-router ကနေ တဆင့် ချိတ်ခိုင်း။ အမြန်နှုန်းကတော့ သိပ်မများသော်လည်း သင်တန်းသား သိပ်မများရင် အလုပ်ဖြစ်ပါတယ်။ ကလေးတွေကလည်း အင်တာနက်သုံး အခြေခံ ကွန်ပျူတာ သင်တန်းကို တက်ရတော့ ပိုပြီး စိတ်ဝင်စားနိုင်ပါတယ်။

နောက် တန်ဖိုးတခုကတော့ ကလေးတွေကို သူတို့ မိုဘိုင်းဖုန်းတွေမှာပါ google application ထည့်ခိုင်းထားလိုက်ပြီး မိုဘိုင်းဖုန်းကနေ အလုပ်လုပ်နိုင်အောင်ပါ တခါတည်း သင်ပေး မိတ်ဆက်ပေးလို့ ရပါတယ်။ ကလေးတွေရဲ့ လေ့ကျင့်ခန်းတွေ၊ အိမ်စာတွေ၊ အမှတ်စာရင်းတွေကို အီးမေးတို့ ဒရိုက်တို့ကနေ ရှယ်ပေးတာ၊ ပြန်ပြီး စာပြန်ခိုင်းတာ၊ အများနဲ့ တွဲပြီး အလုပ်လုပ်တာကိုပါ သင်ပေးနိုင်တာမို့ ပိုပြီး လက်တွေ့နဲ့ နီးစပ်တာကိုပါ သင်ပြနိုင်ပါတယ်။

ဆရာကိုင်သင်ရိုး အခန်းဆက်
ကျနော် စဉ်းစားမိတာကို ရန်ကုန်က သင်တန်းဆရာတွေ၊ မိဘတွေ၊ လုပ်ငန်းရှင်တွေကို ပြောပြတော့ သူတို့လည်း စိတ်ဝင်စားကြပါတယ်။ ကလေးတွေကလည်း ဘေးက ရပ်နားထောင်ရင်း ဒါမျိုးဆိုရင်တော့ စိတ်ဝင်စားတယ် ပြောကြပါတယ်။ Office Application in the Cloud using Google and Facebook ပေါ့။ အခြေခံ ဆရာကိုင်သင်ရိုး သဘောမျိုးပေါ့လေ။ အရှည်ကြီးတွေ မရှင်းပြပဲ သိရမယ့် အပိုင်းတွေ တိုတိုတုတ်တုတ် ရေးသွားမယ်ဆိုရင် ကောင်းမယ်လို့ ဆိုကြပါတယ်။

ဒါနဲ့ ရေးမယ်ပေါ့ဗျာ။ tip and trick တို့ case study တို့ ဘာတို့လည်း တွဲပြီး အခန်းဆက်ရေးသွားမယ် စိတ်ကူးပါတယ်။ လူကြီးတချို့ကလည်း ကွန်ပျူတာကို အသုံးလုံး ကျေလောက်သာ သုံးကြတာဆိုတော့ သူတို့ကလည်း နဲနဲ ထဲထဲဝင်ဝင် သိသွားရင် သူတို့အလုပ်တွေအတွက် ပိုအလုပ်ဖြစ်လိမ့်မယ်လို့ စဉ်းစားကြသဗျ။

ကဲပါဗျာ။ ကျနော် အချိန်ရရင် ရသလောက် ဆက်ရေးသွားပါ့မယ်။ နောက်တပတ်မှာ ဂျီမေး ကို မိတ်ဆက်ပါ့မယ်။

(ဆက်လက်ဖော်ပြပါမည်)

စာကြွင်း – ကလောင်နာမယ်မှာ BE(Electronics), Myanmar. MSc (Computer Science) USA. ဆိုပြီး တွဲထည့်ထားရင် စိတ်ဝင်စားကြမယ် ဆိုပါတယ်။ နောက်တော့ ထည့်ကြတာပေါ့ဗျာ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts