ဓာတ်ပုံသတင်း

Colorful Flowers အမျိုးသမီးပန်းချီပြပွဲ မြင်ကွင်း

 

 

Colorful Flowers အမျိုးသမီးပန်းချီပြပွဲ မြင်ကွင်း
(မိုးမခ) ဇန်န၀ါရီ ၂၂၊ ၂၀၁၇

ဇန်န၀ါရီလ၂၁ရက်.. အေးမြမြ ဟေမန္တနံနက်ခင်းမှ  နှင်းတွေဝေသီနေတဲ့ မန္တလေးတောင် ခြေရင်းက ခြင်္သေ့ကြီးနှစ်ကောင်အနီးမှာတည်ရှိတဲ့ မန္တလေးတောင် ပန်းချီပြခန်းကို ရောက်ခဲ့ပါတယ်..။

၂၁ ဇန်န၀ါရီ ကနေ ၂၅ အထိ ပြပွဲကျင်းပမယ့် “COLOURFUL FLOWERS” အမျိုးသမီးပန်းချီပြပွဲ ဖွင့်ပွဲကျင်းပနေချိန်မို့ ဖွင့်ပွဲလာရောက်တဲ့ ဧည့်သည်တော်များ၊ မန္တလေး အခြေစိုက် သတင်းမီဒီယာများ၊ ပြပွဲလာရောက်ကြည့်ရှု အားပေးသူများနဲ့ စည်ကားနေပါတယ်။

ပြပွဲဖွင့်ပွဲကိုမန္တလေးမြို့ ရဲ့ ထင်ရှားတဲ့ အနုပညာနယ်ပယ်ကပုဂ္ဂိုလ်တွေဖြစ်တဲ့.. ဦးကိုကိုကြီး (modern
artist)၊ ဦးဇော်ဝင်း(သစ်ထွင်း)၊ ဦးဝင်းမောင်(တမ္ပဝတီ)၊ ဦးသစ်လွင်စိုး ယဉ်ကျေးမှုတက္ကသိုလ်၊ ပန်းချီ ဦးမာလာ(ရေဆေး)၊ ပန်းချီဆရာမကြီးဒေါ်ခင်နန်းဆန် ၊ဒေါ်ခင်မျိုးမြင့်ရွှေ တို့တက်ရောက်လာကြတာကို
တွေ့ ရပြီး ပြပွဲအခမ်းအနားမှူးအဖြစ် ဆရာဦး စိုးဘားဒိုင်(စာနယ်ဇင်း)က ဆောင်ရွက်ပါတယ်..။
“COLOURFUL FLOWERS”အဖွဲ့ မှ ဆရာဦးစိုးဘားဒိုင်ကို ရေဆေးပန်းချီကားတစ်ချပ် အမှတ်တရ
လက်ဆောင်ပေးအပ်ခဲ့ပြီး.. ပန်းချီဆရာမကြီး ဒေါ်ခင်မျိုးမြင့်ရွှေမှ Colourful Flowers အဖွဲ့အတွက်
သူမတင်စားရေးဖွဲ့ထားသော ကဗျာတစ်ပုဒ်ကို အမှတ်တရ ဂုဏ်ပြုရွတ်ဆိုခဲ့ပါတယ်။
ဒီနေ့ကျင်းပတဲ့ တတိယအကြိမ်မြောက် “COLOURFUL FLOWERS” အမျိုးသမီးပန်းချီပြပွဲမှာ အမျိုးသမီးပန်းချီဆရာမ(၃၈)ဦးရဲ့ေ ရဆေး၊ ဆီဆေး၊ အခရိုင်းလစ်၊ လက်ရာစုံ ပန်းချီကား (၁၂၀) ကို ချိတ်ဆွဲပြသထားပြီး..။ ပြပွဲ ပထမနေ့မှာပဲ ပန်းချီကား (၁၁) ကားေ ရာင်းချခဲ့ရတယ် လို့ သိခဲ့ရပါတယ်။

 

ပြပွဲနောက်ရက်များမှာပန်းချီဆရာမကြီး ဒေါ်ချိုချိုအောင်၊ ဒေါ်မြခက်တို့က လက်တွေ့သရုပ်ပြ ပန်းချီရေးဆွဲပြသမှုတွေလည်း ရှိမယ်လို့ သိရပါတယ်။ ရှားရှားပါးပါးအမျိုးသမီးပန်းချီဆရာမတွေရဲ့  ပန်းချီကားများကို
တနေရာတည်းမှာ ခုလိုကြည့်ရှုလိုက်ရတဲ့အခါမှာ အမျိုးသမီး ပန်းချီဆရာမတစ်ယောက်ချင်းစီရဲ့ မတူညီတဲ့အတွေးတွေ၊ မတူညီတဲ့ အနုပညာခံစားဖန်တီးမှုတွေ အားလုံးပေါင်းစပ်ပြီး အရောင်အသွေးစုံ
တပြိုင်တည်းပွင့်သစ်လာတဲ့ အနုပညာရောင်စုံပန်းခင်းကြီး တစ်ခင်းထဲကို ရောက်သွားသလို ကြည်နူးကျေနပ်မှုရနိုင်မှာပါလို့ မိုးမခမိတ်ဆွေများကို သတင်း ပါးလိုက်ချင်ပါတယ်။

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts