သူတို့အာဘော် မောင်မောင်စိုး

မောင်မောင်စိုး ● ပြည်တွင်းစစ်နှင့် အပြုတ်တိုက်ရေး – အပိုင်း (၂)


မောင်မောင်စိုး ● ပြည်တွင်းစစ်နှင့် အပြုတ်တိုက်ရေး – အပိုင်း (၂)
(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၁၇

● တခုလုံးနှင့် တစိတ်တပိုင်း
၁၉၈၉ ခုနှစ်မတိုင်မှီက ပြည်တွင်းစစ်သည် တပြည်လုံးအနှံ့အပြား၌ ဖြစ်ပွားနေခဲ့သည်။ ထိုအချိန်က စစ်ပွဲများသည် အဓိက အားဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း စသည့် မြန်မာပြည် မြောက်ပိုင်းမှ တောင်ပိုင်းအထိ အရှေ့ခြမ်းတခုလုံးတွင် ဖြစ်ပွားနေသည်။

ဤသို့တနံတလျား စစ်ဆင်နေရသော အစိုးရနှင့် တပ်မတော်အဖို့ စစ်စားရိတ်အကန့်အသတ်နှင့် တပ်အင်အားအကန့်အသတ် တို့အား ရင်ဆိုင်ကြရသည်။ တပ်မတော်နှင့် အစိုးရသည် ၎င်းတို့အား ပုန်ကန်ဆန့်ကျင်သည့် လက်နက်ကိုင်အင်အားကြီးလာ သည်အမျှ တပ်အင်အားကို တစတစတိုးချဲ့ ဖြည့်တင်းလာရသည်။ တပ်မတော်အနေနှင့် တိုင်းပြည်ဘတ်ဂျက်နှင့် တည်ဆောက်ထားသည်ဖြစ်ရာစစ်သည်အင်အားဖြစ်စေ စစ်လက်နက်ဖြည့်တင်းမှုအရဖြစ်စေ လက်နက်ကိုင်အဖွဲ့များထက် သာ လွန်သည်က အမှန်ပင်ဖြစ်သည်။

သို့သော် တိုင်းပြည်ဘတ်ဂျက်နှင့်ညှိ၍ စစ်အင်အားတည်ဆောက်မှုမှာ အကန့်အသတ်ရှိသည်။ တပြည်လုံးအနှံ့ စစ်ဆင်ရ သောအခါ နေရာတိုင်းသို့ စစ်အင်အားအလုံအလောက်ပို့ဆောင်ရန် အကန့်အသတ်ရှိခဲ့ပေသည်။ ဦးစားပေးနေရာများသို့ စစ်အင်အားပို့ဆောင်ရပေရာ ဟာကွက်များပေါ်ထွက်လာသည့်နေရာများတွင် လက်နက်ကိုင်တပ်ဖွဲ့အင်အားများ ကြီးထွား ၍ လာခဲ့ပေသည်။

၁၉၈၉ ခုနှစ်နောက်ပိုင်း CPB ပြိုကွဲပြီးနောက် ၎င်းအခြေအနေသည် ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ အထူးသဖြင့် ရှမ်း ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်များရှိ မူလတိုင်းရင်းသားလက်နက်ကိုင်အများစုရောCPB အရှေ့မြောက်ဗကပမှ ခွဲထွက်လာသော တိုင်းရင်းသားအဖွဲ့များပါ နဝတအစိုးရနှင့် အပစ်ရပ်ငြိမ်းချမ်းရေးရယူခဲ့ကြသည်။ ထိုအခါ တပ်မတော် အတွက် စစ်ဆင်ရေးတပ်များဖြစ်စေ၊ စစ်ဆင်ရေးအသုံးစားရိတ်ဖြစ်စေ၊ အကန့်အသတ်ရှိသည့်အခြေအနေမှ တစုံတရာလွတ် ကင်းသွားခဲ့သည်။

သို့ဖြစ်ရာ ၁၉၈၉ နောက်ပိုင်း တပ်မတော်အနေနှင့် ပြည်တွင်းအုံကြွမှုများကို ထိမ်းချုပ်နိုင်ရန် ရန်ကုန်နှင့်မန္တလေးကဲ့သို့ မြို့ ကြီးများတွင် တပ်အင်အား တစုံတရာလိုသည်မှအပ (ထိုတပ်များသည်ပင် စစ်စားရိတ်ကုန်ကျခြင်းမရှိပေ) ကျန်တပ်အင်အား များကို KNU ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုတည်းကိုသာ စိတ်ကြိုက်ထိုးစစ်ဆင်ခွင့်ရခဲ့သည်။ ခြွင်းချက်အနေ နှင့် ခွန်ဆာ၏ MTA ကို UWSA တပ်အားအသုံးပြု၍ ထိုးစစ်ဆင်နိုင်ခဲ့သည်။

သို့ဖြစ်ရာ ၁၉၈၉ ခုနှစ် အနှစ် ၂ဝ ခန့်ကြာသည်အထိကာလတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အတော်များများကို ငြိမ်း ချမ်းရေးယူထားနိုင်ခဲ့ပြီး အချို့အဖွဲ့များကို စစ်ဆင်ခဲ့ခြင်းဖြင့် တပ်မတော်အနေနှင့် စိတ်ကြိုက်စစ်အင်အားအသုံးပြု ခွင့်ရ သကဲ့သို့ စစ်စားရိတ်စိတ်ကြိုက်သုံးစွဲခွင့်ရခဲ့သည်။ (တိုင်းပြည်အား ဆိုရှယ်လစ်စီးပွားရေးမှ တစိတ်တပိုင်း ဈေးကွက်စီးပွားရေးသို့ပြောင်းလဲလိုက်နိုင်ခြင်း သဘာဝဓါတ်ငွေ့ထွက်ခြင်းတို့ကလည်း စီးပွားရေးအကြောင်းအချက်တခုဖြစ်သည်)

ထို့ပြင် အနှစ် ၂ဝ ကာလအတွင်း အဖွဲ့တဖွဲ့နှစ်ဖွဲ့ကိုသာဦးတည်ပြီး စိတ်ကြိုက်စစ်ဆင်ခွင့်ရသကဲ့သို့ ငြိမ်းချမ်းရေးယူထား သောအဖွဲ့များကို စည်းရုံးသိမ်းသွင်းခြင်း ဖိအားပေးခြင်းစသဖြင့် နည်းလမ်းပေါင်းစုံသုံးပြီးနောက်အချို့ အဖွဲ့များအား BGF နယ်ခြားစောင့်တပ်အဖြစ်လည်းကောင်း၊ အချို့အဖွဲ့များကို ပြည်သူ့စစ်အဖြစ်လည်းကောင်း၊ အချို့အဖွဲ့များအား လက်နက် ဖြုတ်ခြင်း လက်မခံသည့်အဖွဲ့များကွဲထွက် အင်အားလျော့နည်းစေခဲ့ခြင်းတို့အား ဆောင်ရွက်နိုင်ခဲ့ရာ တစုံတရာ အကျိုးရှိခဲ့ သည်ဟု ဆိုနိုင်သည်။

သို့ဖြစ်ရာ ဤအတွေ့အကြုံများအား ဆက်လက်သယ်ဆောင်ကာ အချို့အဖွဲ့ကို ငြိမ်းချမ်းရေးယူ၍ အချို့အဖွဲ့အား အပြုတ်တိုက်မည်ဆိုပါက ဖြစ်နိုင်ဘွယ်ရှိသည်ကို ထည့်သွင်းစဉ်းစားကြဘွယ်ရှိသည်။ သို့ဖြစ်ရာ ဤသို့ခွဲခြား၍ အပြုတ် တိုက်ရေးစဉ်းစားမှု သည်ဖြစ်နိုင်ဘွယ်ရှိမရှိ ပြီးခဲ့သော အတွေ့အကြုံ များကို ပြန်လည်သုံးသပ်၍ စဉ်းစားသုံးသပ်ကြည့်ရမည် ဖြစ်ပါသည်။

● KNU ဒေသစစ်ဆင်ရေး
၁၉၈၉ ခုနှစ်နောက်ပိုင်း တိုက်ပွဲကြီးများ အများအပြားဖြစ်ပွားသည်မှာ KNU ထိမ်းချုပ်ရာ ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းတို့တွင်ဖြစ်သည်။ မဲသဝေါ၊ မဲလ၊ မော်ဖိုးကေ၊ ပွိုင့် ၄ဝ၄၄ ခေါ် ခွေးအိပ်တောင် ခေါ် ထွီဖါးဝီကျိုး၊ မာနာပလော စသည့်တိုက်ပွဲ ကြီးများသည် လူသိများသည့် တိုက်ပွဲကြီးများဖြစ်သည်။ ပြင်းထန်သော အကျအဆုံးများသော အချိန်ကြာမြင်စွာတိုက်ရ သောတိုက်ပွဲကြီးများ ဖြစ်ခဲ့သည်။ စစ်ဘေးဒုက္ခသည် သိန်းနှင့်ချီ၍ ထွက်ပေါ်ခဲ့သော တိုက်ပွဲကြီးများလည်းဖြစ်သည်။

သို့သော် ဤသို့တဖွဲ့တည်းခွဲ၍ ဖိဖိစီးစီးတိုက်ခဲ့၍ KNU အား အပြုတ်တိုက်နိုင်ခဲ့သလောဟုဆိုလျင် အပြုတ်မတိုက်နိုင်ခဲ့ပါ။ KNU ၏ အခိုင်အမာစခန်းအချို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းသာရှိခဲ့ခြင်းသာရှိခဲ့သည်ကိုတွေ့ရသည်။ ဤကား လက် တွေ့ တွေ့မြင်ရသည့် ရလဒ်ဖြစ်ပါသည်။

တကယ်တမ်း KNU အထိနာခဲ့ခြင်းမှာ ထိုစစ်ဆင်ရေးတိုက်ပွဲများကြောင့် မဟုတ်ပေ။ ၁၉၉၄ ခုနှစ်၌ ဘာသာရေးကို အခြေခံ ပြီး ဗုဒ္ဓဘာသာကရင်များက DKBA ဟူ၍ အင်အား ၄ဝဝဝ ခန့် ခွဲထွက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ဤသို့ခွဲထွက်ခဲ့သော DKBA အင်အားစုများသည် အစောပိုင်းက တပ်မတော်နှင့်ပူးပေါင်း၍ပင် KNU အား တိုက်ခိုက်ခဲ့သေးသည်ကို တွေ့ရသည်။

ဤသို့ နိုင်ငံရေးအရ ဘာသာအရထိုးနှက်ခံရ၍ KNU သည် မူလအင်အားထက် တဝက်ခန့်လျော့ကျသွားသည့်ပြင် တဖွဲ့ တည်းလိုလို ဦးတည်တိုက်ခိုက်ခြင်းခံနေရသည်။ ထိုစဉ်က KNU နှင့်အတူတွဲ၍ တိုက်ခိုက်သည့် တပ်ဖွဲ့မှာ ABSDF သာရှိ သည်ကို တွေ့ရသည်။ သို့သော်လက်တွေ့ရလဒ်အရ KNU အနေနှင့် စခန်းအချို့ နယ်မြေအချို့ လက်လွှတ်ခဲ့ရသော်လည်း ပြုတ်သွားခြင်းတော့မရှိပေ။

သို့ဖြစ်ရာ ယနေ့ကာလတွင် ကျန်သောလက်နက်ကိုင်အဖွဲ့များအား ထိန်းထားပြီး အဖွဲ့တဖွဲ့ (သို့မဟုတ်) အဖွဲအချို့အား အပြုတ်တိုက်နိုင်မည်ဟုစဉ်းစားခြင်းသည်လည်း ပြီးခဲ့သော အတွေ့အကြုံများအရ ဖြစ်နိုင်ချေနည်းပါးလွန်းသည်ဟု ဆိုရပါ မည်။ အပြုတ်တိုက်ရေးကို ဖြစ်နိုင်သည်ဟု စဉ်းစားကြသည်မှာ အထက်ပါအကြောင်းအချက် ၂ ခုဖြစ်သော သာလွန်သော လက်နက်စွမ်းရည်နှင့်ခွဲခြား၍ အင်အားကွဲအောင်လုပ်ပြီး တိုက်ခိုက်ခြင်းအပေါ်မူတည်သည်ဟု ဆိုရပါမည်။

အပြုတ်တိုက်ရေးနှင့်ပတ်သက်၍ ပြည်ပအတွေ့အကြုံများအရ အနီးခေတ်၌ လက်ညှိုးထိုးပြလေ့ရှိသောနိုင်ငံမှာ သီရိလင်္ကာ နိုင်ငံဖြစ်သည်။ သို့သော် ရေပတ်လည်ဝိုင်းနေသော သီရိလင်္ကာကျွန်းနိုင်ငံပေါ်တွင်သာ အောင်မြင်ခဲ့သည်ကို နေရာတကာ ပုံတူကူးချ၍ မရနိုင်ပေ။ တောတောင်ထူထပ်၍ နိုင်ငံခြင်းဆက်နေသောနိုင်ငံများတွင် ထိုနည်းတူထပ်တူကျင့်သုံးအောင်မြင်ရန်ခက်ခဲပေသည်။ ထို့ပြင် တမီလ်သူပုန်များကျရှုံးရသည့်မှာ စစ်ရေးသက်သက်ကြောင့်သာမဟုတ်ဘဲ အိန္ဒိယဝန်ကြီးချုပ် အား လုပ်ကြံခဲ့သည့် နိုင်ငံရေးအမှားကို ကျူးလွန်ခဲ့သည်က အကြောင်းချက်တခုဖြစ်ခဲ့သည်။

မြန်မာပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် နယ်စပ်များကိုအားပြုထားပြီး ထိုနယ်စပ်ရှိ တိုင်းပြည်များဖြစ် သော တရုတ်၊ ထိုင်းတို့နှင့် ယခုအခါ မည်မျှဆက်ဆံရေးကောင်းအောင်တည်ဆောက်သည်ဆိုစေကာမူ သမိုင်းတလျောက် ရှိခဲ့သည့် အကြိတ်အခဲများဖြေဖျောက်ရန် လိုအပ်နေသေးသည်ကိုလည်းကောင်း၊ ထိုနိုင်ငံများအတွင်း နယ်နမိတ်တလျောက် တွင်လည်း မြန်မာပြည်တွင်း ပုန်ကန်တိုက်ခိုက်နေကြသည့် တိုင်းရင်းသားများနှင့်မျိုးတူ တိုင်းရင်းသားလူမျိုးများနေကြသည် ကိုလည်းကောင်း၊ ဂရုပြုကြရန်နှင့် ထည့်သွင်းတွက်ချက်ရန်ကြလိုအပ်ပါသည်။

သို့ဖြစ်ရာ မတူသောမြေပြင်အနေအထား၊ မတူသော နိုင်ငံတကာအနေအထားများကို ထည့်သွင်းတွက်ချက်ခြင်းမပြုဘဲ သီရိ လင်္ကာအား ပုံတူကူးချ ဥပမာပြုရန်မဖြစ်နိုင်ပေ။ ဥပမာပြုလိုပါက မြန်မာပြည်နှင့်ရေမြေတောတောင်သဘာဝတူ နိုင်ငံတကာ ဆက်စပ်ပတ်သက်မှုတူသော နိုင်ငံများအားဥပမာပြုရန်လိုသည်။ ထို့ပြင် မြန်မာပြည်၏ထူးခြားချက်များကို ထည့်သွင်းစဉ်းစားရန်လည်းလိုပါသည်။

လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့တဖွဲ့ချင်းအရ တပ်မတော်ထက် အင်အားနည်းသည်ဖြစ် သည့်ပြင် သမိုင်းအတွေ့အကြုံများအရ ခွဲခြားတိုက်ခိုက်ခြင်းမခံရအောင် မဟာမိတ်တပ်ပေါင်းစုများကို ကြိုးစားဖွဲ့စည်း တည်ဆောက်နေကြသည်။ သို့ဖြစ်ရာ တဖွဲ့ချင်း ခွဲထုတ်တိုက်ခိုက်နိုင်ရန် ဖြစ်နိုင်ချေနည်းပါးသည်။ တဖွဲ့အတိုက်ခံရပါက အခြားအဖွဲ့များပါ စုစည်းတိုက်ခိုက်လာမည့် တနွယ်ငင်၍ တစင်ပါမည့်အလား အလာကပို၍များနေသည်။ ၎င်းအဖွဲ့များ အနေနှင့်လည်း ၎င်းတို့ရှင်သန်ရေးအတွက် သမိုင်းအတွေ့အကြုံများကို သုံးသပ်၍ ပြင်ဆင်နေကြသည်ကို သတိပြုရန်လို အပ်ပါသည်။

● အပြုတ်တိုက်ရေး
တကယ်တမ်းဆိုလျင် လက်ရှိအနေအထားတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အပြုတ်တိုက်ရန် ဖြစ်နိုင်ချေ နည်း ပါးသည်သာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ စစ်အင်အား၊ စစ်လက်နက်အင်အားအခြေအနေများအရ တပ်မ တော်အား အပြုတ်တိုက်နိုင်ရန်မှာ ဖြစ်နိုင်ချေမရှိချေ။ တိုင်းရင်းသားလက်နက်ကိုင်များအဖို့ မိမိဒေသ မိမိပြည်နယ်တွင် နိုင်ငံရေးအရ လူထုထောက်ခံမှုရယူနိုင်သေးသော်လည်း ပြည်မဒေသလူထု ၏ထောက်ခံမှုရရန် မဖြစ်နိုင်ချေ။ ထို့ပြင် စစ်အင် အားတိုးချဲ့ရန်နှင့် စစ်စားရိတ်ဖြည့်တင်းနိုင်ရန် အကန့်အသတ်ရှိပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအဖို့လည်း မိမိဒေသအတွင်း၌ လူထုထောက်ခံမှုရယူခြင်းနှင့် နယ်မြေဒေသကျွမ်းကျင်မှု အားသာချက်ကိုကိုင်စွဲပြီး ရပ်တည်နိုင်ရေးအတွက် ရုန်းကန်ရှင်သန်နိုင်သော်လည်း တပ်မတော်အား အပြုတ်တိုက်ရန် ဖြစ် နိုင်ချေမရှိပေ။ ထို့ကြောင့်လည်း ဤသို့သောမျှခြေတွင် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရေးသာ အသင့်တော်ဆုံးနည်းလမ်း ဖြစ်လိမ့်မည်ဟု ယူဆကြရသည့် အကြောင်းအချက်တချက်ဖြစ်သည်။

● ပြည်တွင်းပဋိပက္ခနှင့် နိုင်ငံတကာပတ်သက်မှု
လက်ရှိအချိန်တွင် ကမ္ဘာကြီးသည် ရွာကြီးဖြစ်နေပြီဟု ဆိုကြသည့်အတိုင်း ပြည်တွင်းရှိပြဿနာတို့သည် အထီးတည်ရှိမနေဘဲ နိုင်ငံတကာသို့ယှက်နွယ်၍ ဆက်စပ်ပတ်သက်နေသည်ကို ရှောင်လွှဲ၍မရပေ။ တိုင်းပြည်တခု၏ တရားဝင်အစိုးရနှင့် တပ်မ တော်သာ နိုင်ငံတကာနှင့် ဆက်စပ်ပတ်သက်နေသည်မဟုတ်ဘဲ ပုန်ကန်နေကြသည့် လက်နက်ကိုင်တပ်ဖွဲ့များသည်လည်းနိုင်ငံတကာနှင့် ဆက်စပ်ပတ်သက်နေပေသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနှင့် သူတို့၏လှု ပ်ရှားမှုများ ထောက်ခံစာနာပေးမည့် နိုင်ငံတကာအင်အားစုများကို ရှာဖွေစည်းရုံးသိမ်းသွင်းထားကြသည်။ နိုင်ငံတကာမှ အစိုးရ အဖွဲ့အစည်း လူပုဂ္ဂိုလ်များသည်လည်း အကြောင်းကြောင်း များစွာဖြင့် အခြားနိုင်ငံ၏ ပြည်တွင်းရေးတွင် ပါဝင်ဆက်နွယ်နေကြသည်။ လူအခွင့်အရေး ဒီမိုကရေစီရေး တိုင်းရင်းသားအရေး ဘာသာရေး စသည့် ခေါင်းစည်းများစွာဖြင့် ပါဝင်ပတ်သက်မှုရှိကြသကဲ့သို့ နယ်စပ်တည်ငြိမ်ရေး မိမိတိုင်းပြည်တွင်း စစ်မက် မကူးစက်ရေးအတွက်လည်း ပါဝင်ပတ်သက်ကြသည်။ ထို့ပြင် မိမိတိုင်းပြည်အကျိုးစီးပွားအတွက်လည်း ပါဝင်ပတ်သက် လေ့ရှိကြသည်။ ဤကားရှောင်လွှဲ၍မရသည့် မျက်ကွယ်ပြု၍မရသည့် အကြောင်းအချက်များဖြစ်သည်။

ဤသို့ နိုင်ငံတကာမှ ပါဝင်ပတ်သက်မှုများလေ ပြည်တွင်းစစ်သည်ပိုမိုပြင်းထန်သည်ကို သတိပြုရန်လိုသည်။ လက်ရှိ ဆီးရီ ယားကိုကြည့်ပါက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခမှသည် ပြည်ပစွက်ဖက်မှု များပြားသဖြင့် ကြီးမားသည့် လက်နက်ကိုင်ပဋိ ပက္ခများ ရှည်ကြာစွာဖြစ်ပွားနေပြီး တိုင်းပြည်လည်း ပြာပုံဖြစ်ခဲ့ပြီး စစ်ဘေးဒုက္ခသည်လည်း သန်းနှင့်ချီခဲ့ပေသည်။ ပြည်ပ စွက်ဖက်များပါလာပါက အစိုးရ၏သာလွန်သည့် လက်နက်အင်အားကို ထိမ်းညှိရန် လက်နက်ကိုင်သူပုန်များကို စစ်လက်နက် ထောက်ပံ့ကြပေရာမှ အပြန်အလှန် စစ်လက်နက်စွမ်းရည်မြှင့်တင်ကြခြင်းဖြင့် စစ်ပွဲ၏ထိခိုက်ပျက်စီးမှုက အတောမသတ် နိုင်တော့ပေ။

ဆီးရီးယားပြည်တွင်းစစ်မှ မိမိတို့အနေနှင့် ကောင်းစွာသင်ခန်းစာယူသင့်သည်။ အပြုတ်တိုက်ရေး ကြံရွယ်ချက်ဖြင့် ပြည်တွင်း စစ်ပွဲ ကြာရှည်ပြင်းထန်ပါက ပြည်ပစွက်ဖက်မှုများ ထိမ်းညှိမှုများ ပေါ်ပေါက်လာနိုင်ပြီး ထိမ်းမနိုင်သိမ်းမရသည့် စစ်ပွဲများ မြို့ ရွာများစွာ ပျက်စီးဆုံးရှုံးမှုများဖြင့် နလံမထူသည့်နိုင်ငံ (failed state ) ဖြစ်သွားနိုင်သည်ကို ဂရုပြု ကြရန်လိုအပ်ပေသည်။

သို့ဖြစ်ရာ နိုင်ငံရေးစစ်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖေါ်ရန်ကျင့်သုံးမည့် အပြုတ်တိုက်ရေး ဖြစ်နိုင်ချေနှင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို ထည့်သွင်းတွက်ချက်ကြရန်လိုအပ်ပါသည်။ ထို့ပြင် လက်ရှိစားပွဲဝိုင်းဆွေးနွေးပွဲကာလတွင်လည်း အသာစီးရရန် သို့တည်းမဟုတ် တဖက်၏သဘောထားကိုတဖက်က လက်ခံလာစေရန် စစ်ရေးအရဖိအား ပေးသည်ကိုလည်း ရပ်တန့်ရန်လိုသည်။ အကန့်အသတ်ဖြင့် စစ်ဆင်ကြသည်ဆိုသော်လည်း အကန့်အသတ်မဲ့ဖြစ်သွားနိုင် သည်ကို ထည့်သွင်းစဉ်းစားကြရန်လိုပါသည်။

စစ်သည် နိုင်ငံရေး၏အဆက်ဖြစ်သည်။ နိုင်ငံရေး ပြသနာဖြေရှင်းကြမည်ဆိုလျင် နည်းလမ်းပေါင်းစုံထည့်သွင်းစဉ်းစားကြမည်သာဖြစ်သည်။ မည်သည့်နည်းလမ်းကို စဉ်းစားသည်ဖြစ်စေ ဖက်ပေါင်းစုံမှ အချက်အလက်ပေါင်းစုံအားထည့်သွင်း စဉ်း စား၍လည်းကောင်း၊ ဖြစ်လာနိုင်သည့် အဆိုးအကောင်း အကျိုးဆက်များကိုထည့်သွင်းစဉ်းစား၍လည်းကောင်း၊ မည်သည့် နည်းက တိုင်းပြည်နှင့်ပြည်သူအတွက်အကောင်းဆုံးဖြစ်မည်ဆိုသည်ကို သက်ဆိုင်သူအားလုံးက ထည့်သွင်းတွက်ချက်ကြ ရန် လိုအပ်ပေလိမ့်မည်။

ပြီးပါပြီ
မောင်မောင်စိုး (Mg Mg Soe)

၁၆၊ ၁၊ ၂၀၁၇ ရက်နေ့က ဧရာဝတီမြန်မာပိုင်းတွင်ဖေါ်ပြပြီးဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts