ဝတ္ထုတို

အိုအေစစ် (မအူပင်) ● ကောင်းကင်ထဲကခြေရာများ

အိုအေစစ် (မအူပင်) ● ကောင်းကင်ထဲကခြေရာများ
(မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၁၇

အသံတွေသာခြေရာတွေသာဖြစ်မယ်ဆိုရင် အဲ့ဒီအသံတွေဟာ နောက်ဆုံးမှာကောင်းကင်ရဲ့မျက်နှာကျက်မှာသော်လည်း ကောင်းကောင်းကင်ကိုဖွဲ့စည်းထားတဲ့ အခိုးအငွေ့အစိုင်အခဲတွေရဲ့အလည်မှာသော်လည်းကောင်း၊ ဘေးမှာသော်လည်း ကောင်း၊ ခိုတွယ်အဆုံးသတ်သွားကြမယ့် ကြပ်ခိုးတွေသာ ဖြစ်တယ်။ တွဲလီ တွဲလောင်းမြင်မကောင်းတဲ့ ကြပ်ခိုးတွေဟာ ကောင်းကင်ပေါ်မှာ အကြားအလှပ်မရှိ ပြည့်သိပ်နေရာယူထားကြလိမ့်မယ်။ ဒါကြောင့် ကောင်းကင်ဘုံက ဘုရားရှင်နဲ့ မြေ ပြင်ပေါ်ကလူတွေအကြားမှာ အဆင်ပြေ လွယ်ကူချောမွေ့တဲ့အဆတ်အသွယ်ဟာ ပြတ်တောက်နေခဲ့တာဖြစ်တယ်။

ကောင်းကင်ပေါ်မှာ ခြေရာတွေအများကြီးရှိလိမ့်မယ်။ ပုံသဏ္ဌာန်အရွယ်အစား လားရာချင်းမတူညီနိုင်တဲ့ အသံကိုယ်စားပြု ခြေရာတွေဟာ အရာထင်သည်ဖြစ်စေ အရာမထင်သည်ဖြစ်စေ ကောင်းကင်ပေါ်မှာသာ အဆုံးသတ်သွားလိမ့်မယ်။ လူတွေ ဟာ အငွေ့ပျံခြင်းနိယာမနဲ့အတူ အရာရာကိုပျောက်ကွယ်ပြီးဆုံးသွားပြီလို့ ယုံကြည်ထားစိတ်ဟာ မှားတယ်။

ကောင်းကင်ပေါ်မှာ အသံတွေအများကြီးရှိတယ်။ အားလုံးဟာ အဟောင်းတွေဖြစ်သလို အသစ်တွေလည်း ဟောင်းမြဲအ တိုင်း ဟောင်းနေဆဲဖြစ်တယ်။ အသံတွေဟာ ခြေရာတွေလည်းဖြစ်ပြန်တယ်။
++++

“ဒီနှစ်အိမ်ကကလေးနှစ်ယောက် ကျောင်းပြီးတာနဲ့ ကျွန်မတို့လည်း နားရပါပြီ။ ကလေးတွေကတော့ လိမ္မာပါတယ်။ ကြိုး လည်း ကြိုးစားကြတယ်။ စာမေးပွဲကိုက ကံတရားနဲ့ဖြေရသလိုဖြစ်နေတယ်။ တနှစ်ရှုံးတော့လည်း ရှုံးတဲ့အလျောက် ထိတာ ပေါ့နော်။ ကျောင်းသားတယောက်ရဲ့စရိတ်ဟာ နည်းတာမှမဟုတ်တာ။ ဖြေတော့ ဖြေထားကြတယ်။ ဖြေနိုင်ကြတယ် လည်း ပြောတာပဲ။ ပြီးခဲ့တဲ့နှစ်ကလည်း ဒီလိုပဲဖြေနိုင်ကြတယ် ဖြေနိုင်ကြတယ်နဲ့ ခြေချော်လက်ချော်ဖြစ်ရော။ မတတ်နိုင်ဘူး လေ။ အားကိုးစရာ ဘုရားနဲ့ ကံတရားပဲရှိတာ။ ဆုတောင်းရတာပဲ ”

ထိုအသံသည် ကောင်းကင်သို့ ပျံတက်သွား၏။ သို့သော် ဘုရားရှင်ထံသို့မရောက်ဘဲ ကောင်းကင်၏မျက်နှာကျက်တနေရာတွင် ချိတ်မိကာ အဆုံးသတ်သွား၏။ ထို့ကြောင့် ဘုရားရှင်သိနိုင်လိုက်မည်မဟုတ်ပေ။
+++++

“ဘူးသီးတလုံး နှစ်ရာဆိုတဲ့ပေါက်ဈေးဟာ ကျွန်မကုန်စိမ်းသည်လုပ်လာတဲ့ သက်တမ်းတလျှောက် တခါမှမကြားဖူးသေးဘူး။ နာဂစ်လိုကာလ ကပ်သုံးပါးထဲမှာ ကန်ဇွန်းရွက်တစီး တထောင်နီးနီးဖြစ်ဖူးတာ ကြားကောင်းသေးတယ်။ အခုဟာက တမင် ကျွန်မတို့ကို ရွေးပြီးကပ်ဆိုက်တာပဲ။ သေမယ့်နှစ်မှ စစ်ထဲလိုက်မိသလိုပဲ။ မနှစ်ကဈေးကောင်းကလေးပြန်မိမလားလို့ ဒီနှစ် နယ်ဆင်းပြီး ဘူးသမားတွေကို စင်ပြတ်ခြံပြတ်ချုပ်ထားမိတာ။ အခုဈေးကတက်မလာတဲ့အပြင် အောက်ကိုချည်း ဆက်ထိုး ဆင်းနေတယ်။ ဘုရားကယ်ပါ ပစ်မထားပါနဲ့ဘုရား တပည့်တော်မတို့ကို”

ထိုအသံသည် ကောင်းကင်သို့ပျံတက်သွား၏။ သို့သော် ဘုရားရှင်ထံသို့မရောက်ဘဲ ကောင်းကင်၏မျက်နှာကျက်တနေရာ တွင် ချိတ်မိကာ အဆုံးသတ်သွား၏။ ထို့ကြောင့် ဘုရားရှင်သိနိုင်လိုက်မည်မဟုတ်ပေ။
+++++

“ကျန်းမာရေးအခုကောင်းတာနဲ့ အခုချက်ချင်းကို အဖေသွားချင်တဲ့ကျိုက်ထီးရိုးဘုရား ပို့ပေးနိုင်တယ်ဗျာ။ ငွေလား မလိုဘူး။ ဘာမှမလိုဘူး။ လိုနေတာ အဖေ့ကျန်းမာရေးတခုတည်း။ အဲ့ဒီအတွက်လည်း ဘယ်လောက်ပဲကုန်ကုန် အကုန်ခံနိုင်တယ် ။ ပျောက်အောင်သာ ကုပေးပါတတ်နိုင်ပါတယ်။ အဖေ့အတွက် ဘာနဲ့ပဲ ပုံလဲရ လဲရ။ အဖေသာ တခုခုဖြစ်သွားရင်တော့ တ သက်လုံး ကျုပ်နောင်တရပြီးကျန်ခဲ့ရမှာ။ အခုချိန်မှာ အဖေသွားချင်ရှာတဲ့ ကျိုက်ထီးရိုးဘုရားလေးတောင် မပို့လိုက်ရလေ ခြင်းဆိုပြီးတော့။ အရှင်ဘုရား တပည့်တော်အဖေကို စောင့်ရှောက်ကယ်တင်ပေးပါဘုရား။ တပည့်တော်ကို ကျေးဇူးဆပ်ခွင့် ပြုပေးပါအရှင်ဘုရား”

ထိုအသံသည် ကောင်းကင်သို့ ပျံတက်သွား၏။ သို့သော် ဘုရားရှင်ထံသို့မရောက်ဘဲ ကောင်းကင်၏မျက်နှာကျက်တနေရာတွင် ချိတ်မိကာ အဆုံးသတ်သွား၏။ ထို့ကြောင့် ဘုရားရှင်သိနိုင်လိုက်မည်မဟုတ်ပေ။
+++++

“အရှင်ဘုရား တပည့်တော်ပြုရသောကောင်းမူကုသလအဖို့ကို အမျှဝေလှူဒါန်းပါသည် သာဓုခေါ်ဆိုနိုင်ကြပါစေ။ အို ဟဲ့က လေးမ အဲ့ဒါ အန်တီထွန်းထားတဲ့ဆီမီးကွယ့်။ ငြိမ်းသွားပလား။ သြ အေးအေး အင်း ဟိုဘက်နားလေး ကပ်ထွန်းပေးပါလားကလေးမဆီမီးတိုင်တွေ။ ကျေးဇူးပါကွယ်။ အရှင်ဘုရား ဘုရားတပည့်တော်မ၏ ခင်ပွန်းအတွက် ရည်စူး၍လည်းဤကောင်းမူကုသိုလ်ပြုခြင်းဖြစ်ပါသည်။ တပည့်တော်မ၏ခင်ပွန်း လက်ရှိရရှိထားသော ရာထူးနေရာ … ဟာ ဟာ လေကလည်း တိုက် ပြန်ပြီ။ မီးတွေငြိမ်းကုန်ပြီလားမသိ။ ဆရာက မီးမငြိမ်းစေနဲ့ မှာထားတယ်။ ဒုက္ခပါပဲ။ မတတ်သာလို့ပါအရှင်ဘုရား တပည့် တော်ရင်ထဲရှိသမျှ ကြံစည်သမျှ အရှင်ဘုရားအား စုပေါင်းရည်စူးလိုက်ပါသည်။ အရှင်ဘုရား သိနိုင်ပါစေ၊ မြင်နိုင်ပါစေ၊ ကြား နိုင်ပါစေ အရှင်ဘုရား။ သြ သမီးလေး မီးခြစ်ပါလား အန်တီ့ကို ခဏလောက်ငှားပါကွယ်။ မဖြစ်ဘူး မီးပြန်ထွန်းမှ မီးပြန်ထွန်းမှ”

ထိုအသံသည် ကောင်းကင်သို့ပျံတက်သွား၏။ သို့သော် ဘုရားရှင်ထံသို့မရောက်ဘဲ ကောင်းကင်၏မျက်နှာကျက်တနေရာတွင်ချိတ်မိကာ အဆုံးသတ်သွား၏။ ထို့ကြောင့် ဘုရားရှင်သိနိုင်လိုက်မည်မဟုတ်ပေ။
+++++

နေ့စဉ်နှင့်အမျှသော လူ့ဘောင်လောကမှ လူသားတို့၏အသံသည် ခြေရာများအဖြစ် ကောင်းကင်တွင် စွန်းထင်ကျန်ရှိနေ လေ၏။ ဖြစ်လွယ် ပျက်လွယ် မေ့လွယ် ပျောက်လွယ်သောလူတို့သည်လည်း အသံတွေကို ဘုရားရှင်ထံ အကြောင်းအမျိုးမျိုး နည်းအမျိုးမျိုးသုံးကာ ပို့နေကြ၏။ ကောင်းကင်သည်ခြေရာများဖြင့် အကြား အလှပ်မရှိ ကြပ်ခိုးမှိုင်းတွယ်စို့ခံရသလို ထူပိန်း သထက် ထူပိန်းလာ၏။

အသုံးဝင်ခြင်မှုများဖြင့်ပေးပို့လိုက်သောအသံတို့သည် အသုံးမဝင်သောခြေရာ အမှိုက်များအဖြစ် ရှင်းလင်းသူမဲ့ကာ ကောင်း ကင်၌ ဒုနှင့်ဒေး မက ပုံနေသည်။ လူတို့သည် မိမိရပ်တည်နေသောမြေကြီးပြိုမကျရန် ဆုမတောင်း မိမိရပ်တည်မူ တဒင်္ဂစာပြို လှဲမကျရန်သာ ဆုတောင်းနေကြသည်။ လူတို့သည် ထိုထိုသောလေးလံမူများနှင့် မိုးသားကောင်းကင်ကြီးပြိုကျမလာရန် ဆု မတောင်းဘဲ မိမိတို့လေးလံမူများသာ ပစ်တင်သထက် ပစ်တင်နေကြသည်။

နောင်လာမည့်ကာလသက်တမ်းများစွာအရ လူသားတို့၏ယုံကြည်ခြင်းများစွာအကြား ကောင်းကင်ဘုံသည် ဘုရားရှင်အ တွက် နေရေးထိုင်ရာကိစ္စသည် အခက်အခဲရှိလာနိုင်ဖွယ်ရာဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်တွင် လူ သားတို့၏အသံခြေရာများ ပိတ်ဆို့ကြပ်ခဲလာနေသည်။ လူသားများ ကောင်းစွာသဘောပေါက်နားလည်သင့်သော အချက် တချက်တော့ ရှိလေသည်။

ထိုအချက်သည် နှလုံးသားကို အဓိကထားအသုံးချရသောအချက် ဖြစ်သည်။ စိတ်သည်လည်း ပူးပေါင်းပါဝင်ပဓာနကျလေ ၏။ လူသားတို့သည် ယခုကဲ့သို့ အသံခြေရာဆန်ဆန်များဖြင့် ဘုရားရှင်တည်ရှိရာကောင်းကင်ဘုံသို့ အမှိုက်များပစ်တင်ရှုပ် ဖွနေရန် မလိုအပ်ပေ။

လူသားတို့သည် နှလုံးသားမှအရင်းတည် ရွယ်စူးကာ မိမိစိတ်အားမိမိယုံကြည်ခြင်းအလို့ငှာ အပြည့်သွင်းရလိမ့်မည်။ ပြီး နောက်မိမိဖြစ်စေလိုသောဆန္ဒကို ကောင်းကင်၏ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းရာရောက်ရှိစေနိုင်ခြင်းလည်း ဖြစ်ရာရင်တွင်းဆုတောင်းမူတခုဖြင့်သာ ဘုရားရှင်နှင့်တိုက်ရိုက်အဆတ်အသွယ်ပြုသင့်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားရှင် မသိနိုင် မမြင်နိုင် မကြားနိုင်သောအရာသည် လောက၌မရှိ၍လည်း ဖြစ်ပါသည်။။

အိုအေစစ် (မအူပင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts